အမြစ်ကြီးထွားမှုအကြောင်း (အပိုင်း - ၄)

28/10/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (146)  Crop Physiology – Root Growth (Part-4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၆) သီးနှံပင်ဇီဝကမ္မဗေဒ - အမြစ်ကြီးထွားမှု (အပိုင်း - ၄)

နိဒါန်း

သီးနှံဇီဝကမ္မဗေဒ အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၈၀)၊ (၈၁)၊ (၉၉) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အပင်ဇီဝဗေဒဘာသာရပ် (Plant Biology) ကြီး၏ အရေးပါသော ဘာသာရပ်ဖြစ်သော အပင်ဇီဝကမ္မဗေဒ (Plant Physiology) ထိုမှသည် လူသားများအား အကျိုးပြု သီးနှံများဆိုင်ရာ ဇီဝကမ္မဗေဒ (Crop Physiology/ The Physiology of Crop Plants) ကို လေ့လာ အသုံးချခြင်းဖြင့် သီးနှံများစွာ အရည်အချင်းကောင်းရနိုင်ရန်နှင့် အထွက်တိုးနိုင်ရန် ရည်ရွယ်ပါ သည်။ 

အပင်၏ ကြီးထွားမှု (Plant Growth) ကို လေ့လာသလို မြေကြီးထဲတွင်ရှိသော အမြစ်၏ကြီးထွားမှု (Root Growth) ကိုလည်း လေ့လာရန် လိုပါမည်။

အမြစ်သည် အပင်၏အဓိက ပင်ပိုင်းဆိုင်ရာအစိတ်အပိုင်း (Major Vegetative Organs) ဖြစ်ပြီး အပင်၏ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှု (Plant Growth and Development) တို့အတွက် ရေ (Water) နှင့် အဟာရဓါတ် (Mineral Nutrients and essential substances) တို့ကို မြေကြီးမှ စုပ်ယူပေးပါသည်။

 

ပုံ - ၁ အမြစ်၏ အစိတ်အပိုင်း

အမြစ်သည် မြေကြီးထဲသို့ ထိုးဝင်သွားသည့်အတွက် မမြင်ရ၍ (Not visible) အမြစ်ကိုလေ့လာသောသုတေသန (Root Research) များမှာ အပင်အပေါ်ပိုင်း ကြီးထွားမှု (Research on Shoot growth) ထက်စာလျှင် အလွန်နည်းပါသည်။ သို့သော် အပင်အပေါ်ပိုင်း ပတ်ဝန်းကျင် (Shoot Environment) ကို ပြောင်းလည်းပေးခြင်းထက် မြေကြီးထဲတွင်ရှိသော အမြစ်၏ပတ်ဝန်းကျင် (Root Environment) ကို ပြောင်းလဲပေးခြင်းက အပင်ကြီးထွား ဖွံ့ဖြိုးမှုနှင့်အထွက်နှုန်း (Improved Plant growth and Yield) တိုးတက်စေရန် ပိုမိုလွယ်ကူပါသည်။ အပင်အတွက်လိုအပ်သော ရေနှင့်အဟာရဓာတ် များသည် မြေဆီလွှာထဲတွင် ရှိပါသည်။

အမြစ်စနစ်သည် ၂-မျိုး ရှိပါသည်။

(က) စေ့ရွက်စုံပင်များ (Dicotyledons) ရှိ ရေသောက်မြစ်စနစ် (Tap Root System) ဥပမာ - ပဲမျိုးစုံ၊ မြေပဲ၊ ဝါ၊ ခါကျက်ဥ၊ ခရမ်းချည်သီး၊ သရက်သီးစသည်တို့နှင့်

(ခ) စေ့ရွက်ထီးပင်များ (Monocotyledons) ရှိ မြစ်ဖွာစနစ် (Fibrous/Assimilatory Root System) ဥပမာ - စပါး၊ ဂျုံ၊ ပြောင်းဖူး၊ ကြံ၊ ကြက်သွန် တို့ရှိပါသည်။

ပုံ - ၂ အမြစ်စနစ်အမျိုးမျိုး

အမြစ်၏လုပ်ငန်းများ (Functions of Roots)

အားမန်ရှိ၊ အောင်မြင်သော အမြစ်ကြီးထွားမှု (Vigorous Root Growth) က မြေကြီးအပေါ် ပိုင်း ပင်စည်၊ အရွက်၊ အပွင့်၊ အသီး အောင်မြင်ကြီးထွားမှု (General Vigour and Growth of Tops) အတွက်လိုအပ်ပါသည်။ အပင်အတွက် အမြစ်က 

(က) အဟာရဓာတ်နှင့်ရေစုပ်ယူပေးခြင်း (Absorption) အထူးသဖြင့် အမြစ်ထိပ်ဖြား (Root Tips)၊ အမြစ်မွေးများ (Root hairs) က အဓိကတာဝန်ယူပေးပါသည်။

ပုံ - ၃ ရေ၊အဟာရစုပ်ယူသော ထိပ်ဖျားမြစ်နှင့် အမြစ်မွေးများ

(ခ) အပင်ထောင်မတ်နေရန် ထောက်ကန်ပေးခြင်း (Anchorage) အပင်ကြီးထောင်မတ်သန်စွမ်းဖို့သည် အမြစ်များ၏အဓိကတာဝန်ဖြစ်ပါသည်။

ပုံ - ၄ အမြစ်များမှအပင်ကိုထောက်ပံ့ပေးမှု

(ဂ) တစ်ချို့အစာအဟာရများကို သိုလှောင်ပေးခြင်း (Storage) အာလူး၊ ကန်ဇွန်းဥ၊ ပိန်းဥ၊ ဝဥ၊ သကြားမုံလာ အစရှိသည်တို့မှာ အမြစ်က အစာအဟာရများကို သိုလှောင်ပေးသည့် တာဝန်ကိုပါထပ်မံလုပ်ဆောင်ပါသည်။

ပုံ - ၅ အမြစ်များမှ အစာသိုလှောင်ပေးမှု

(ဃ) အစာရေနှင့်ချက်လုပ်ပြီးအစာများ သယ်ယူပို့ဆောင်ပေးခြင်း (Transport) အမြစ်၏ နောက်တာဝန်တစ်ခုက ချက်လုပ်ပြီး အစာများကို မြေအောက်အပင်အစိတ်အပိုင်းများ အားလုံးသို့ ပို့ဆောင်ပေးခြင်းနှင့်

ပုံ - ၆ အမြစ်များမှ သယ်ယူပို့ဆောင်ပေးမှု

(င) တစ်ချို့ အမြစ်များကမျိုးပွားပေးခြင်း (Propogation) ထူးခြားအမြစ်များ (Adventious Roots) က မျိုးပွားပေးမှုတာဝန်များကိုပါထပ်မံဆောင်ရွက်ပေးခြင်း တို့ဖြစ်ပါသည်။

ပုံ - ၇ အမြစ်များမှ မျိုးပွားပေးမှု

အမြစ်ကြီးထွားမှုကိုတိုင်းတာနည်းစနစ်များ (Root Study Techniques)

မြေကြီးထဲရှိအမြစ်များ၏ကြီးထွားမှုကို တိုင်းတာမှုမှာ ခက်ခဲသော်လည်း နည်းအမျိုးမျိုးသုံးကာ တိုင်းတာကြပါသည်၊

(က) မြေကြီးကိုတစ်ပိုင်းဖြတ်ကာ နေရာသတ်မှတ်နည်း (Trench Profile Method) ၁၉၂၆-ခုနှစ်ကတည်းက မစ်စတာဝီဗာ (Mr. Weaver) တည်ထွင်ထားခဲ့သောနည်းဖြစ်ပြီး ယခုအထိသုံးနေဆဲဖြစ်ပါသည်။ အပင်ဘေးမှ မြေကြီးကို ဖြတ်ချကာ ဓာတ်ပုံရိုက်၊ မြေပုံ ဆွဲတိုင်းတာနည်းဖြစ်ပါသည်။

 

(ခ) ဖရိမ်ချကာ ကျောက်သားတိုင်ပြုတိုင်းတာနည်း (Framed Monolith and Pinboard Method)

မြေကြီးတပိုင်းဖြတ်နည်း (က) ကို ထပ်မံအမွန်းတင်သောနည်းစနစ်ဖြစ်ပါသည်။ ဧရိယာသိသော သံဇကာလေးထောင့်ကွက်များနှင့် မြေကြီးဧရိယာအတိအကျနေရာ သပ် မှတ်တိုင်းထွာပါသည်။ အကွက်လိုက်ရှိသော အမြစ်များကို ရေဆေးချ၍ အမြစ် အလေး ချိန် (Weight) အရှည် (Length) တို့ကိုတိုင်းထွာပါသည်။

(ဂ) မြေအစိုဓာတ်လျှော့နည်းမှုကိုတိုင်းထွာနည်းစနစ် (Soil Moisture Depletion Method)

မြေဆီလွှာ အစိုဓာတ်ကို ကမ္ဘာမြေထုဆွဲငင်အား (Gravity) ကိုအခြေပြုပြီး တိုင်းထွာသောနည်းဖြစ်ပါသည်။

(ဃ) ရေဒီယိုအိုင်ဆိုတုပ်နည်းစနစ် (Radioactive Isotope Method) အိုင်ဆိုတုပ် ဖော့စဖောရပ်ကို မြေအနက်အမျိုးမျိုး မှာ ထား၍တိုင်းတာသောနည်းစနစ်ဖြစ်ပါသည်။

အမြစ်ကြီးထွားမှုနှင့်ပျံ့နှံ့မှုကိုလွှမ်းမိုးသောအချက်များ (Factors Affecting Root growth and Distribution)

(က) ဗီဇ (Genotype) အပင်မျိုးမွေးမြူရေးပညာရှင်များ (Plant Breeders) အတွက် အသုံးဝင်ပြီး အပင်ကြီးထွားချိန် မြေကြီးမှ နှုတ်ယူကာ အမြစ်ကြီးထွား၊ ပျံ့နှံ့မှုကောင်းသော မျိုးများကို ရွေးချယ်ခြင်းဖြစ်သည်။

(ခ) အပင်အချင်းချင်းပြိုင်ဆိုင်မှု (Plant Competition) မြေတစ်နေရာအတွင်း ဥပမာ - ၁၀-မီတာ (၁၀-ပေ) ပတ်လည်အတွင်း အပင်ဦးရေ အနည်းအများ (Plant Population Density) အပေါ်မူတည်၍ အမြစ်ကြီးထွားမှု ပြောင်းလဲနိုင်ပါသည်။

(ဂ) အရွက်ကြွေမှု (Defoliation) အပင်အရွက်၊ အကိုင်းချိုင်ခြင်းက အမြစ်ဦးရေလျှော့နိုင် ခြင်း (To prune the shoots is to prune the roots) ဆောင်ပုဒ်ကအလွန်မှန်ပါသည်။ အကိုင်း၊ အခက်၊ အရွက် လျော့သွားပါက အမြစ်အရေအတွက်လည်း လျော့သွားပါလိမ့်မည်။

(ဃ) မြေဆီလွှာအတွင်းရှိလေထု (Soil Atmosphere) မြေဆီလွှာအတွင်း လေဝင်လေထွက် ကောင်းမွန်မှုကလည်း အမြစ်ကြီးထွားမှုကိုပြောင်းလဲစေနိုင်ပါသည်။ ထို့ကြောင့် ထယ်ထိုး၊ ထွန်မွှေပြုလုပ်ရာ၌ နက်နက်နှင့်ညက်ညက်ထွန်ပေးခြင်းက အမြစ်အများစု သန်မာထွားကျိုင်းပြီး အပင်လည်း သန်စွမ်းစေပါသည်။

(င) မြေအချဉ်အငံဓါတ် (Soil pH) မြေအချဉ်အငံဓာတ်အပေါ်မူတည်ပြီး အမြစ်ကြီးထွား မှုပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် မြေဆီဩဇာ (Fertilizers)၊ ထုံး (Lime)၊ ဂျစ်ပဆင် (Gypsum) စသည်တို့ မြေကြီးအတွင်းထဲ့ပေးပြီး မြေကြီးချဉ်ငံဓာတ်ကို ပြောင်းလဲခြင်းဖြင့် အမြစ်ကြီးထွားမှုလည်း ပြောင်းလဲသွားပါသည်။

(စ) မြေဆီလွှာအဟာရဓာတ် (Soil Fertility) အမြစ်များကြီးထွားမှုအတွက် လုံလောက်သော အဟာရဓာတ်ရရှိရန်လိုပါသည်။ အဟာရဓာတ်ချို့တဲ့သော မြေများတွင် အမြစ်များ ကြီးထွားသန်စွမ်းမှု လျော့နည်းနိုင်ပါသည်။

(ဆ) မြေဆီလွှာအပူချိန် (Soil Temperature) လုံလောက်သော မြေအပူချိန် (Optimum Soil Temperature) ရရှိမှုက အမြစ်ကြီးထွားမှု ကိုပြောင်းလဲစေပါသည်။ အေး၍မြေဆီလွှာအပူချိန်နည်းခြင်း၊ နေပူလွန်း၍မြေဆီလွှာ အပူချိန်များပြားခြင်းက အမြစ်ကြီးထွားမှုကို လွန်စွာထိခိုက်ပါသည်။

ဆက်ပါဦးမည်...

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း (Reference Paper)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India) 327p.

Pessarakli, M. (1995) Handbook of Plant and Crop Physiology. Mercel Dekker, Inc. 603p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်