အမျှင်ထွက်သီးနှံများထဲမှ ဝါ

02/06/2026 15:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အမျှင်ထွက်သီးနှံအပင်များထဲမှာမှ စားရေး၊ ဝတ်ရေး၊ နေရေး ၃ မျိုးတွင် ဝတ်ရေးအတွက် အရေးအကြီးဆုံး ဖြစ်သော ဝါပင်အကြောင်း စတင်ဆွေးနွေးပါမည်။

(က) နိဒါန်း (Introduction)

ဝါကို အထည်အလိပ်လုပ်ငန်းနှင့် အခြားစက်မှုကုန်ထုတ် ပစ္စည်းများ အတွက် ကမ္ဘာအနှံ့ စိုက်ပျိုးကြပါသည်။ ဝါ၏ ထွက်နှုန်းသည် နိုင်ငံတစ်ခုချင်းစီ၏ ရာသီဥတု အခြေအနေ၊ ဇီဝ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ နှင့် အထွက်နှုန်းကောင်းရန် ကျင့်သုံးသောစိုက်ပျိုး ရေးနည်းစနစ်များ အပေါ်တွင် များစွာမူတည်နေပါသည်။

(ခ) နိုင်ငံအလိုက် ဝါထုတ်လုပ်မှု (Country-wise Cotton Production) 

၂၀၂၅/၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအလိုက် ဝါထုတ်လုပ်မှု (ယူနစ် - မက်ထရစ် တန်သန်းပေါင်း) မှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

၁။ တရုတ် (China): ၇.၇  

၂။ အိန္ဒိယ (India): ၅.၁ 

၃။ ဘရာဇီး (Brazil): ၄.၂

၄။ အမေရိကန်ပြည်ထောင်စု (USA): ၃.၀

၅။ ပါကစ္စတန် (Pakistan): ၁.၁

၆။ သြစတြေးလျ (Australia): ၁.၀ 

၇။ တူရကီ (Turkey): ၀.၇

၈။ ဥဇဘက်ကစ္စတန် (Uzbekistan): ၀.၆ 

၉။ အာဂျင်တီးနား (Argentina): ၀.၃-၀.၄

၁၀။ မာလီ/ဘီနင် (Mali/Benin): ၀-၂-၀.၃

အဓိက ထုတ်လုပ်သည့် နိုင်ငံများ၏ အခြေအနေ 

တရုတ်နိုင်ငံ: ကမ္ဘာ့ထိပ်တန်း ဝါထုတ်လုပ်သူဖြစ်ပြီး လယ်သမားပေါင်း တစ်သန်းကျော် ဝါစိုက်ပျိုးကြပါသည်။ တရုတ်နိုင်ငံတွင် အထည်အလိပ် ကုမ္ပဏီပေါင်း ၇၅၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံခန့် ဝင်ငွေရရှိပါသည်။

အိန္ဒိယနိုင်ငံ: တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အိန္ဒု မြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက ဝါကို အသုံးပြုခဲ့သည့် သမိုင်းကြောင်း ရှိပါသည်။ အပူချိန် ၂၅-၃၅ ဒီဂရီစင်တီဂရိတ်ရှိသော မြောက်ဘက်ဒေသများတွင် ဝါစိုက်ပျိုးရန် အခြေအနေ အကောင်းဆုံး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု: စတုတ္ထ အများဆုံး ထုတ်လုပ်သူဖြစ်ပြီး ဝါရိတ်သိမ်းရာတွင် ခေတ်မီစက်ကိရိယာများကို အဓိက အသုံးပြုပါသည်။ တက္ကဆက် (Texas)၊ မစ္စစ္စပီ (Mississippi) နှင့် ကာလီဖိုးနီးယား (California) တို့မှာ အဓိက စိုက်ပျိုးသည့် ပြည်နယ် များ ဖြစ်ပါသည်။

ခေတ်သစ်ကာလ ဝါ၏ အသုံးချမှုများ (Applications of Cotton Products)

ဝါမှရရှိသော အမျှင်များကို အဝတ်အထည်များ (လက်ကိုင်ပုဝါ၊ တီရှပ်၊ ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီ) ထုတ်လုပ်ရန် အဓိက အသုံးပြုပါသည်။ လူအများစုသည် ဝါဂွမ်းဖြင့် ပြုလုပ် သော အထည်များကို ဝတ်ထားကအပူအအေးမျှတခြင်း (ကျေးလက်တောရွာများမှာ အ မျိုးသား၊ အမျိုးသမီးအားလုံး ဝါဂွမ်းဖြင့်ပြုလုပ်ထားသောလက်ရှည်အင်္ကျီများက အတွင်း မှာအေးနေပါသည်)၊ ပေါ့ပါးခြင်း၊ နူးညံ့ခြင်းနှင့် ဝတ်ရုံရာတွင် သက်သောင့် သက်သာ ရှိ ခြင်းတို့ကြောင့် နှစ်သက်ကြပါသည်။ အခြား အသုံးချမှုများအနေဖြင့် စက္ကူထုတ်လုပ်ခြင်း၊ ဒဏ်ရာများကို ပတ်တီးစည်းရန် ဆေးဘက်ဆိုင်ရာ ဂွမ်းစများ၊ ငါးဖမ်းပိုက်များ၊ ဆီနှင့်တိ ရိစ္ဆာန်အစာ ဝါကျိတ်ဖတ်များ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။

ဝါပင်၏ ဇီဝကမ္မဗေဒ (Cotton Physiology) နှင့် အထွက်ကောင်းရန် ရာသီဥတု လိုအပ်ချက်များ (Climatic Requirements for Higher Cotton Yield)

ဝါသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံး အမျှင်ထွက်သီးနှံများထဲမှ တစ်မျိုးဖြစ်ပြီး အဓိက အားဖြင့် ဂေါ်ဆီပီယမ်ဟာဆူတန် (Gossypium hirsutum) မျိုးစိတ်ကို အများဆုံး စိုက်ပျိုးကြပါသည်။ ယနေ့ခေတ်တွင် ဝါအပင်၏ ဇီဝကမ္မဗေဒဆိုင်ရာ သုတေသနများ သည်—

  • ရာသီဥတုပြောင်းလဲမှု (Climate Change)

  • အပူဒဏ်ခံနိုင်မှု (Heat Stress)

  • ရေသုံးစွဲမှုထိရောက်မှု (Water-Use Efficiency)

  • အမျှင်အရည်အသွေး (Fiber Quality)

  • တည်တံ့သော စိုက်ပျိုးရေးစနစ်များ (Sustainable Production System)ကို အထူးအလေးပေး လေ့လာနေကြပါသည်။

ဝါပင်၏ အခြေခံ ဇီဝကမ္မဗေဒ

ဝါသည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးသော နှစ်ရှည် အပင် (Perennial plant) ဖြစ်သော်လည်း လက်တွေ့ယာသီးနှံ၊ အခြောက်သီးနှံ အနေနှင့် တစ်နှစ်ခံ (Annual crop) အဖြစ် စိုက်ပျိုးကြသည်။

ဝါပင်တွင်  အပင်ပိုင်း ကြီးထွားမှု (Vegetative growth) နှင့် မျိုးပွားပိုင်း (ပန်းပွင့်၊ အသီး) ကြီးထွားဖွံ့ဖြိုးမှု (Reproductive growth) တို့ကို တပြိုင်နက်တည်း တွေ့ရပါသည်။

Cotton Development and Growth Staging

ပုံ - ၁ ဝါပင်ကြီးထွားမှုအဆင့်ဆင့်

ဝါအပင်၏ အဓိက ကြီးထွားမှုအဆင့်များ

  1. အစေ့ပေါက်ခြင်း (Germination)

  2. အပင်ငယ်အဆင့် (Seedling stage)

  3. အရွက်နှင့် ပင်ပိုင်းကြီးထွားမှု (Vegetative stage)

  4. ဝါပိန့် (Square) ဖွဲ့စည်းမှု (Flower bud formation)

  5. ပန်းပွင့်ခြင်း (Flowering)

  6. ဝါသီးလုံးဖွံ့ဖြိုးမှု (Boll development)

  7. သီးပွင့်ခြင်းနှင့် ရင့်မှည့်မှု (Boll opening and maturity)

ဝါသည် အများအားဖြင့် နှင်းခဲမရိုက်သောရက် ၁၅၀-၁၈၀ ရက်ခန့် လိုအပ်ပါသည်။

ယနေ့ခေတ် ဝါဇီဝကမ္မဗေဒဆိုင်ရာ အချက်အချို့

(က) အလင်းရောင်ဖြင့်အစာချက်လုပ်ခြင်း (Photosynthesis) နှင့် အပူချိန်

ဝါသည် အပူဒဏ်နှစ်သက်သော သီးနှံဖြစ်ပြီး နေရောင်ပြင်းအားကောင်းသော အပူပိုင်း ဒေသများတွင် အစာချက်လုပ်မှု ကောင်းစွာလုပ်ဆောင်နိုင်သည်။

သင့်တော်သော အပူချိန်များ

ကြီးထွားမှုအဆင့်

သင့်တော်သော အပူချိန်

အစေ့ပေါက်ခြင်း

၃၀-၃၄ °C

အပင်ကြီးထွားမှု

၂၅-၃၀ °C

ပန်းပွင့်နှင့် အသီးဖြစ်ပေါ်ခြင်း

၂၅-၃၂ °C

အပူချိန် ၃၆-၄၀ °C ထက်ကျော်လွန်လာပါက

  • ပန်းပွင့်မှုနှင့်ပန်းပွင့်မှုအရည်အသွေးကျဆင်းခြင်း

  • ပန်းကြွေကျခြင်း

  • သီးပျက်ကျခြင်း

  • အမျှင်အရည်အသွေးကျဆင်းခြင်း

  • ဓာတ်ငွေ့လဲလှယ်မှု (Respiration) များလာခြင်း တို့ ဖြစ်ပေါ်လာသည်။

(ခ) ဝါအမြစ်၏ဇီဝကမ္မဗေဒ (Physiology of Cotton Root)

ဝါတွင် ရေသောက်မြစ်စနစ် (Tap root system) နက်ရှိုင်းစွာ ဖွံ့ဖြိုးနိုင်သောကြောင့် မိုးခေါင်ဒဏ်ကို တချို့အတိုင်းအတာအထိ ခံနိုင်သည်။

အရေးကြီးသော လက္ခဏာများ

  • မြေအောက်ရေကို နက်ရှိုင်းစွာ စုပ်ယူနိုင်ခြင်း

  • ရေဝပ်ပါက အမြစ်ကြီးထွားမှုကျဆင်းခြင်း

  • မြေတွင်းလေဝင်လေထွက်မကောင်းလျှင် အမြစ်အသက်ရှူမှု ထိခိုက်ခြင်း

အပူပိုင်းဒေသများတွင် မိုးအလွန်များခြင်းနှင့် ရေကြီးရေလျှံမှုများသည် အမြစ်၏ ဓာတ်ငွေ့လဲလှယ်မှုနှင့် (Respiration) နှင့် အာဟာရစုပ်ယူမှုကို လျော့နည်းစေသည်။

(ဝါအကြောင်းဆက်ပါဦးမည်)

စာရေးသူ၏အတွေး

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် စိုက်ပျိုးသီးနှံများကို သင်ကြား၊ သုတေသန ပြုနေပါက မိမိ၏လုပ်သက်တစ်လျှောက်လုံး ဥပမာ - ဝါသီးနှံဆိုပါက ဤသီးနှံကိုဘဲ သုတေသနပြု၊ စာတန်း ဆောင်းပါးများရေး၊ မိမိနိုင်ငံအပါအဝင် နိုင်ငံတကာမှ ဝါသီးနှံ ပညာရှင် များနှင့် အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် အလုပ်ရုံဆွေးနွေးပွဲများ (Workshop)၊ နှီးနှောဖလှယ်ပွဲများ (Conference)၊ ညီလာခံများ (Congress)၊ ညှိနှိုင်းဆွေးနွေးပွဲ များစွာ အွန်လိုင်း (Online)၊ သုတေသနပညာရှင် အချင်းချင်းလူကိုယ်တိုင်တွေ့ဆုံပွဲများ (In person meeting) အမြဲမပြတ်တွေ့ဆုံ၊ ဆွေးနွေး၊ သုတေသန ပြုလျက် ရှိနေပါသည်။ 

ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ) ကျောင်းသား၊ ကျောင်းသူများဆိုလျှင် မိမိနိုင်ငံ၊ ကမ္ဘာကျော် ကြီးကြပ်ဆရာ (Supervisor) ၏ လက်အောက်တွင် ဝါသီးနှံကိုဘဲ တစ်စိုက်မတ်မတ် သုတေသနပြု ဆရာတပည့် ဆက်တိုက် လက်ဆင့်ကမ်း ဆောင်ရွက် သွားလေ့ရှိပါသည်။

ဝါသီးနှံဆိုလျှင်လည်း ထပ်မံအထူးပြုရလျှင် ဝါသီးနှံစိုက်ပျိုးရေး (Cotton Agronomy)၊ ဝါသီးနှံအပင်မျိုးမွေးမြူရေး (Cotton Breeding)၊ ဝါသီးနှံအပင်ဇီဝကမ္မဗေဒ (Cotton Physiology)၊ ဝါသီးနှံအပင်အဟာရဓာတ်နှင့် မြေဆီလွှာအဟာရဓာတ်များ (Cotton Nutrition and Soil Fertility)၊ ဝါသီးနှံပိုးမွားဗေဒ (Cotton Entomology)၊ ဝါသီးနှံ အပင်ရောဂါ (Cotton Plant Pathology)၊ ဝါသီးနှံဆိုင်ရာ ဈေးကွက်နှင့်စီးပွားရေးပညာ (Cotton Marketing and Economics) စသည်ဖြင့် အသေးစိတ် ထပ်မံခွဲခြား လေ့လာ၊ သုတေသနပြုလေ့ ရှိပါသည်။

 ‘Jack of all Trades, Master of None‘ မဟုတ်တော့ပါ။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bange, M.P. et. al. (2016) Climate Change and Cotton production in Modern Farming Systems.  CABI. 61p.

Bhatt, J.G. (1996) Cotton Physiology. Indian Society for Cotton Improvement, Mumbai. 259p.

Maiti, Ratikanta (2020) Advances in Cotton Science: Botany, Production, and Crop Improvement, Apple Academic Press, Incorporated.

Pye Tin (2003) Myanmar Perspective on Increasing Cotton Production in Light of Global Production Changes. No-369. Inst. Dev. Eco.; JETRO. 98p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်