ကမ္ဘာ့နိုင်ငံများ၊ တက္ကသိုလ်များတွင် လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး (Field Crop Production) ကြောင်း သင်ကြား၊ သုတေသနပြုနေမှုနှင့် ပြဌာန်းစာအုပ်များ (Text Books) ကိုလေ့လာကြည့်ရ အောင်ပါ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာကြည့်တိုက် တွင်ရှိသော စာအုပ်များကို ဖတ်ရှုလေ့လာရင်း၊ ဆွေးနွေးပါမည်။
(က) Martin, J.H.; Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. 4th Ed. Pearson_prentice Hall, New Jersey. 954p.
ဤစာအုပ်သည် အမေရိကန်နိုင်ငံရှိ စိုက်ပျိုးရေးပညာသင်ကြားနေသော တက္ကသိုလ်များ တွင် လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပြဌာန်းထားသော စာအုပ်များမှ တစ် အုပ်ဖြစ်ပါသည်။
စာအုပ်နောက်ဆုံး တည်းဖြတ်မှုကအနှစ် ၂၀-ခန့် ရှိပြီဖြစ်သော်လည်း အသုံးတည့်နေဆဲ ဖြစ်ပါသည်။
အပိုင်း-၄ ပိုင်း (4 Parts) နှင့် အခန်း-၄၀ (40 Chapters) အထိ ပါဝင်ပါသည်။
အပိုင်း-၁ တွင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး၏အထွေထွေသဘောတရားများထည့်သွင်းထားပြီး အခန်း-၁ တွင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး၏သိပ္ပံနှင့်ဝိဇ္ဇာပညာအကြောင်းကို သင်ကြားသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဝိဇ္ဇာပညာရပ်လည်းဖြစ်သည်။
ရှေးဦးလူများ (Primitive People) သည် အပင်များမှ အရွက် (Leaf)၊ အမြစ် (Root)၊ အစေ့ (Seed)၊ အသီး (Fruit) တို့ကို စားသုံးရင်း သမိုင်းကြောင်းကို ဂူနံရံတွေမှာဆေးရေးပန်းချီဆွဲခဲ့ရတာ အနုပညာ ဆန်ပါသည်။ ယနေ့ခေတ်တွင်တော့ စိုက်ပျိုးရေးနှင့်ဗိသုကာပညာဆိုလျှင် အထူး သဖြင့် ပန်းခြံ၊ မြက်ခင်းပြင်များ စိုက်ပျိုးရာအတွက် အရောင်၊ ထားသိုပုံ ရွေးချယ် ပုံကအစ ဝိဇ္ဇာပညာ၊ အနုပညာမြောက်အောင် အကောင်အထည်ဖော်ခြင်းဖြင့် သီး နှံစိုက်ပျိုးထုတ်လုပ်ရေးသည် ဝိဇ္ဇာပညာ တစ်ပိုင်းဖြစ်ပါသည်။ စိုက်ပျိုးရေးသည် စာအုပ်မှသာ သင်ယူ၍ မရနိုင်ဘဲ လက်တွေ့အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ဆုံးဖြတ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်မှုတို့ လိုအပ်သောကြောင့် အနုပညာတစ်ရပ်လည်း ဖြစ်ပါသည်။ လယ်သမားတစ်ဦးသည် မည်သည့်အချိန်တွင် စိုက်ပျိုးသင့်သည်ကို ဆုံးဖြတ်ရခြင်း၊ ရာသီဥတုအခြေအနေကို ခန့်မှန်းရခြင်း၊ ရေစီမံခန့်ခွဲရခြင်း၊ ပိုးမွှားနှင့် ရောဂါများ ကို စောစီးစွာ သတိပြုမိရခြင်း၊ ဒေသနှင့် ကိုက်ညီသော မျိုးများကို ရွေးချယ်ရခြင်းတို့ကို အတွေ့အကြုံနှင့် လက်တွေ့ပညာဖြင့်ဆောင်ရွက်ရပါသည်။
ပုံ - ၁ သီးနှံစိုက်ပျိုးရေး၏ဝိဇ္ဇာပညာ
-
သီးနှံစိုက်ပျိုးထုတ်လုပ်ရေး၏သိပ္ပံပညာ - သီးနှံစိုက်ပျိုးရေးဆိုသည်က ဇီဝသိပ္ပံ၏ အောက်မှ ဘာသာရပ်တစ်ခု နှင့်အစိတ်အပိုင်းတွေဖြစ်သဖြင့် သိပ္ပံပညာကတော့ များစွာရှိနေပါသည်၊
-
စိုက်ပျိုးရေးတွင် သီးနှံနှင့် မွေးမြူရေး ထုတ်လုပ်မှုကို မြှင့်တင်ရန် သိပ္ပံပညာဆိုင်ရာ အခြေခံသဘောတရားများကို အသုံးပြုပါသည်။
-
စိုက်ပျိုးရေးသိပ္ပံတွင် ပါဝင်သော အဓိကဘာသာရပ်များမှာ - ဥပမာ သီးနှံစိုက်ပျိုးရေးပညာ (Agronomy)၊ မြေဆီလွှာပညာ (Soil Science)၊ အပင်ဇီဝကမ္မ ဗေဒ (Plant Physiology)၊ မျိုးရိုးဗီဇပညာ (Genetics)၊ ကိမိလ/ပိုးမွားဗေဒ (Entomology)၊ အပင်ရောဂါဗေဒ (Plant Pathology)၊ စိုက်ပျိုးရေးအင်ဂျင်နီယာပညာ (Agricultural Engineering) စသည်တို့ ဖြစ်ကြသည်။
-
ဤသိပ္ပံပညာများကို အသုံးပြု၍ သီးနှံအထွက်နှုန်းတိုးမြှင့်ခြင်း၊ မြေဆီဩဇာ ကောင်းမွန်စေခြင်း၊ ရေသုံးစွဲမှုထိရောက်စေခြင်း၊ ပိုးမွှားနှင့် ရောဂါထိန်းချုပ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသော မျိုးများဖော်ထုတ်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
-
ထို့အပြင် လူဦးရေနှင့်အစားအစာဆက်စပ်မှု (Relationship between Population and Food)၊ အစားအစာတိုးတက်ထုတ်လုပ်မှု (Increased Food Production)၊ စိုက်ပျိုးသီးနှံများ၏မူရင်းဒေသများ (Origin of Cultivated Crops)၊ စိုက်ပျိုးသီးနှံများ အမျိုးအစားခွဲခြားခြင်း (Classification of Crop Plants) ဥပမာ - လယ်ယာသီးနှံအမျိုးအစားအလိုက်ခွဲခြားခြင်း (Agronomic Classification)၊ လုပ်ငန်းရည်ရွယ်ချက်အလိုက် အမျိုးအစားခွဲခြားခြင်း (Special-Purpose Classification)၊ ရုက္ခဗေဒသဘောတရားအရအမျိုးအစားခွဲခြားခြင်း (Botanical Classification) စသည်တို့ပါဝင်ပါသည်။
အခန်း-၂တွင် သီးနှံနှင့်ပတ်ဝန်းကျင်ဆက်စပ်မှုအကြောင်းသင်ကြားသည်။
ဤအခန်းတွင် သီးနှံပင်စိုက်ပျိုးဖြစ်ထွန်းမှုကိုလွှမ်းမိုးနေသောအချက်များ၊
-
ရာသီဥတု - မိုးရေချိန်၊ အပူချိန်၊ စိုက်ပျိုးရာသီကြာမြင့်ချိန်၊ စိုထိုင်းဆ၊ အလင်းရောင်၊ လေတိုက်နှုန်း၊
-
မြေဆီလွှာလိုအပ်ချက်များ - မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံ (Soil Structure)၊ မြေသားအနုအကြမ်း (Soil Texture)၊ မြေအမျိုးအစားများ (Soil Groups) စသည်တို့ပါဝင်ပါသည်။
ပုံ - ၂ သီးနှံနှင့်ပတ်ဝန်းကျင်ဆက်စပ်မှု
အခန်း ၃တွင် သီးနှံပင်များ၏ရုက္ခဗေဒအကြောင်းသင်သည်။
သီးနှံအပင်များ၏သဘာဝကိုလေ့လာခြင်း အကြောင်းဖြင့်စတင်ပါသည်။ အပင်ဆဲလ်များ (Plant Cells) အကြောင်း၊ စိုက်ပျိုး၊ စားသုံးနေသော သီးနှံပင်အမြစ်၊ ပင်စည်၊ အရွက်၊ အသီး၊ အပွင့်များ ၏သဘော သဘာဝနှင့် လုပ်ငန်းဆောင်တာများ (Structure and Functions of Crop Plants) အကြောင်း လေ့လာစေပါသည်။
ထို့နောက် အလင်းရောင်ကိုအသုံးပြု၍၎င်း၊ အောက်ဆီဂျင်ဓာတ်ကိုအသုံးပြု၍၎င်း၊ ရေ ကိုအသုံးပြု၍၎င်း အပင်၏ဇီဝကမ္မဗေဒလုပ်ငန်းများ ကို ရှင်းလင်းပြသထားပါသည်။ ထို့နောက် မျိုးစေ့၊ အသီးဖြစ်ပေါ်မှုများ အကြောင်း ရှင်းလင်းထားပါသည်၊
ထို့နောက် သီးနှံအပင်များ စုပေါင်းစိုက်ရာတွင် ဖြစ်ပေါ်လာမည့် ကြီးထွားမှုအဆင့်ဆင့် (Growth Processes in Crop Plants)အပင်အချင်းချင်းပြိုင်ဆိုင်မှု(Plant Competition)၊ ပေါင်းပင်များနှင့် ပြိုင်ဆိုင်မှု (Weed Competition)၊ စသည့်အခန်းများပါဝင်ပါသည်။
|
|
|
ပုံ - ၃ သီးနှံဆိုင်ရာရုက္ခဗေဒ
အခန်း-၄ တွင် သီးနှံပင်များဖွံ့ဖြိုးတိုးတက်ရေးအကြောင်းသင်သည်။
အရည်အသွေးကောင်း အပင်များအထွက်တိုးရေး၊ သီးနှံအပင်မျိုးမွေးမြူရေး (Crop Breeding) အကြောင်းကို ဤအခန်းတွင် အသေးစိတ်ရှင်းလင်းပေးထားပါသည်။
သီးနှံအပင်မျိုးမွေးမြူရေးနည်းလမ်းများ (Methods of Crop Breeding) ဥပမာ - ရွေးချယ်ခြင်း (Selection)၊ လက်တွေ့မျိုးစပ်ခြင်း (Hybridization)၊ စပ်မျိုးစေ့ ထုတ်လုပ်ခြင်း (Production of Hybeid Seeds)၊ အပင်ရောဂါများခံနိုင်ရည်ရှိသော သီးနှံပင်များမွေးမြူခြင်း (Breeding for Disease Resistance)၊ ဇီဝနည်းပညာနှင့် သီးနှံဖွံ့ဖြိုးတိုးတက်မှု (Biotechnology and Crop Improvement)၊ သုတေသန နည်းလမ်းများ (Experimental Methods) စသည်တို့ပါဝင်ပါသည်။
အခန်း-၅ တွင် မြေပြုပြင်ခြင်းနည်းလမ်းများအကြောင်းသင်သည်။
စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေပြုပြင်ခြင်းဆိုင်ရာ သမိုင်းအထောက်အထားများ (History of Tillage Operations)၊ ထယ်ရေး၊ ထွန်ရေးလုပ်ငန်းများ၏ရည်ရွယ်ချက်များ (Purposes of Tillage)၊ စိုက်ခင်းပြုပြင်ခြင်း (Seedbed Preparation)၊ ထွန်ယက်ရာ တွင် ထယ်ထိုး၊ ထွန်မွေချိန် (Time for Tillage)၊ ထယ်ရေးအတိမ်အနက် (Depth of Tillage)၊ ထယ်နက်နက်ထိုးရမည့် သဘောတရားများ (Subsoiling)၊ မြေဆီလွှာ ထိန်း သိမ်း ပေးခြင်း (Conservation Tillage)၊ မြေလှပ်ထားခြင်း (Fallowing)၊ အစိုဓာတ် ထိန်းသိမ်း ပေးနိုင်သော ထယ်ရေး၊ ထွန်ရေးနည်းလမ်းများ (Tillage for Moisture Conservation)၊ ပေါင်းနှိမ်နိုင်သောနည်းစနစ်များ (Tillage for Weed Control)၊ လေ၊ ရေတိုက်စားမှုကို ကာကွယ်နိုင်သောထွန်ယက်နည်းစနစ်များ (Cultivation in Relation to Water and Wind Erosion) စသည်တို့ပါဝင်ပါသည်။
စာရေးသူ၏အတွေး
မြန်မာနိုင်ငံအတွက်တော့ ၁၉၆၉-ခုနှစ် ထုတ်ဝေခဲ့သော ဆရာကြီးဒေါက်တာဆလိုင်း ထွန်းသန်း၏ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ စာအုပ်နှင့် ၂၀၀၄-ခုနှစ် ထုတ်ဝေခဲ့သော ဆရာကြီးဒေါက်တာထွန်းဆိုင်၏ အခြေခံစိုက်ပျိုးရေးပညာ စာအုပ် ၂-အုပ်ထွက်ရှိခဲ့ပါ သည်။
သို့သော် အနာဂတ်လူငယ်များ၊ စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူများ အတွက် စာရေးသူအပါအဝင် မျိုးဆက်သစ် စိုက်ပျိုးရေးပညာရှင်များ ခေတ်မှီ စိုက်ပျိုးရေး သိပ္ပံပညာ စာအုပ်အသစ်တစ်အုပ်တော့ ရေးသားထုတ်ဝေရန် သမိုင်းပေး တာဝန်ရှိနေပါပြီဟူ၍ အတွေးဝင်နေမိပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Martin, J.H.; Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. 4th Ed. Pearson_prentice Hall, New Jersey. 954p.
Prately, J. (2003) Principles of Field Crop Production. 4th Ed. Oxford University Press. 550p.
ဆလိုင်းထွန်းသန်း, ဒေါက်တာ (၁၉၆၉) အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ မိုးစန္နာစာပေ၊ ရန်ကုန် ၃၅၀-စာ
ထွန်းဆိုင်, ဒေါက်တာ (၂၀၀၄) အခြေခံစိုက်ပျိုးရေးပညာ မြန်မာနိုင်ငံ စိုက်ပျိုးရေး သစ်တော မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့ ၂၉၀-စာ
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။