လယ်ယာသီးနှံစိုက်ပျိုးရေးဘာသာရပ်နှင့် လယ်ယာသီးနှံစိုက်ပျိုးရေးပညာရှင်ဆိုတာ

10/10/2023 17:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (93)  Agronomy and Agronomists (Part-3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၃) လယ်ယာသီးနှံစိုက်ပျိုးရေးပညာနှင့် လယ်ယာသီးနှံစိုက်ပျိုးရေးပညာရှင် (အပိုင်း-၃)

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးသင်ကြားပေးသောတက္ကသိုလ်များမှလယ်ယာသီးနှံဘာသာနှင့် တွဲဖက်ဘာသာများ သင်ကြားနေမှု အခြေပြဇယား

ဇယား - ၁ ၂၀၂၃ ခုနှစ် အမေရိကန်တက္ကသိုလ်များ၌ လယ်ယာသီးနှံနှင့် ဆက်စပ်ဘာသာရပ်များ ပေါင်းစပ်ထားမှု (အကောင်းဆုံးစိုက်ပျိုးရေးတက္ကသိုလ်အလိုက်)

ပုံ - ၁ အမေရိကန်နိုင်ငံ၊ ကော်နယ်တက္ကသိုလ်၊ လယ်ယာစိုက်ပျိုးရေးသုတေသနစိုက်ကွင်း

(လယ်ယာသီးနှံစိုက်ပျိုးရေးပညာရှင် Agronomist)

လယ်ယာသီးနှံစိုက်ပျိုးရေးပညာရှင်ဆိုသည်မှာ လယ်ယာစိုက်ကွင်းများတွင်  တီထွင်ဖန်တီးမှု နည်းပညာများ၊ လက်တွေ့ကျင့်ဆောင်မှု လုပ်ငန်းများကိုပြုလုပ်ရင်း ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေဘဲ သီးနှံအထွက်တိုးအောင်စီမံခန့်ခွဲနေသော သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါသည်။

(Agronomists are scientists who develop innovative farm practices and technologies that boost crop yields without environmental degradation)

လယ်ယာသီးနှံပညာရှင်ဆိုသည်မှာ ပညာရပ်ဖွင့်ဖြိုးတိုးတက်အောင် ပြုလုပ်ပေးနေသူ၊ တောင်သူ များနှင့် လက်တွေ့ထိတွေ့ဆက်ဆံပြီး တောင်သူများအမြတ်ပိုမိုရရှိရန်  ပညာပေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေသူဖြစ်ပါသည်။

 ဤပညာရှင်သည် -

(က) ကုန်ကျစရိတ်အနည်းဆုံးနှင့် ထုတ်လုပ်မှု အမြင့်ဆုံးရရှိနိုင်အောင် မိမိရရှိသော လယ်ယာဗဟုသုတအပေါ် အခြေခံ၍ အခြေခံနှင့် အသုံးချသိပ္ပံများကို အကျိုးရှိအောင်အသုံးချသူ။

(ခ) သီးနှံထုတ်လုပ်ရာတွင်အသုံးပြုမည့် မြေ၊ အလုပ်သမား၊ ရင်းနှီးငွေစနစ်တကျ စီမံကိန်းချပြီး လက်တွေ့လုပ်ဆောင်နေသူ။

(ဂ) သီးနှံနှင့်တိရစ္ဆာန်များ တွဲဖက်ထုတ်လုပ်နည်းစနစ်၊ သီးနှံအမျိုးမျိုး တွဲဖက်စိုက်ပျိုးနည်းစနစ် အမျိုးမျိုးကို တွဲဖက်ပြုလုပ်ပြီး ရာသီဥတုဖောက်ပြန်သွားလျှင်တောင်မှ အမြတ်ရရှိအောင် အကြံဉာဏ်ပေးနိုင်သူ။

(ဃ) ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးပြားများကို အပင်မျိုးမွေးမြူရေးပညာရှင်ထံမှရယူပြီး ဒေသနှင့်ကိုက်ညီအောင်စိုက်ပျိုးပေးနိုင်သူ။

(င) လယ်ယာမိသားစု အားလုံးကို နောက်ဆုံးပေါ်ခေတ်မီထယ်ရေး၊ ထွန်ရေး၊ မျိုးစေ့ ပေါက်ရောက်မှု၊ မြေဆီလွှာအဟာရပြည့်ဝမှု၊ ရေသွင်းရေထုတ်မှန်ကန်ကောင်းမွန်မှု၊ ပိုးမွားရောဂါများ ကာကွယ်နှိမ်နင်းမှုစသည့် နည်းပညာများ ဝေငှပေးနိုင်သူ။

(စ) လယ်ယာမိသားစုကို ရိတ်သိမ်းပြီးနောက်ပိုင်း ခြွေလှေ့၊ သိုလှောင်၊ ကြိတ်ခွဲစသည့် နည်းပညာများ အကြံဉာဏ်ပေးနိုင်ပြီး ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန် အကြံဉာဏ်ပေးနိုင်သူ။

(ဆ) မကြာခဏ တောင်သူလယ်ယာကွင်းများသို့ ကြည့်ရှုပေးနိုင်သူ။

(ဇ) သီးနှံထုတ်လုပ်မှုတွင် ခေါင်းဆောင်အနေနှင့် ဆောင်ရွက်ရပြီး အခြားဆက်စပ်ပညာရှင်များ မြေဆီလွှာပညာရှင်၊ ရေသွင်းရေထွက်ပညာရှင်၊ အပင်ကာကွယ်ရေးပညာရှင်၊ ဈေးကွက်စီးပွားရေး ပညာရှင်များစွာတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သူဖြစ်ရပါမည်။ 

ပုံ - ၂ အနာဂတ် လယ်ယာသီးနှံပညာရှင်

လယ်ယာသီးနှံများကို အမျိုးအစားခွဲခြားခြင်း (Classification of Agronomic Crops)

(က) မူရင်းဒေသကိုကြည့်၍ခွဲခြားခြင်း (Place of Origin)

ကမ္ဘာပေါ်တွင် လယ်ယာသီးနှံတစ်ခုခြင်း၏ မူရင်းဒေသများရှိပါသည်။ မူရင်းဒေသများတွင် ထိုသီးနှံနှင့်နီးစပ်သော သီးနှံအရိုင်းပင်များကို တွေ့ရပါသည်။ သီးနှံအရိုင်းပင် (Wild relatives) များသည် အပင်မျိုးစပ်မွေးမြူခြင်း (Plant Breeding) သုတေသနများတွင် များစွာအသုံးဝင်ပါလိမ့်မည်။ အနီးပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတု အခြေအနေများ (Agroclimatic Situation) ကိုလည်း အသုံးချနိုင်ပါလိမ့်မည်။ ၂ မျိုးခွဲ ခြားနိုင်ပါသည်။

(က-၁) ဒေသမျိုးများ (Native Crops) ဒေသမျိုး -  တိုင်းရင်းမျိုးများသည် မူရင်းဒေသနိုင်ငံအနီးရှိ နိုင်ငံများတွင်လည်းတွေ့ရှိနိုင်ပါသည်။ ဥပမာ - စပါး၊ အိန္ဒိယ၊ မြန်မာ။

(က-၂) ဒေသမျိုးမဟုတ်ဘဲ အခြားနိုင်ငံများမှ လာသောမျိုးများ (Exotic Crops) ဥပမာ - အာလူး မူရင်းဒေသသည် တောင်အမေရိကနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေခြင်းဖြစ်သည်။ စပါးကို ဩစတေလျတွင်လည်း စိုက်ပျိုးနေကြသည်။

(ခ) စီးပွားဖြစ်အမျိုးအစားခွဲခြားခြင်း (Commercial Classification)

အပင်မှထွက်ရှိသော မျိုးစေ့၊ အပင်အစိတ်အပိုင်း၊ အသီးအစရှိသည်တို့အပေါ် ရောင်းချရန် ရည်ရွယ်ချက်အပေါ်မူတည်၍ အမျိုးအစား ခွဲခြားပါသည်။

(ခ-၁) အစားအသောက်အတွက် သီးနှံများ (Food Crops) လူသားများအတွက် အဓိက ပင်မစားသုံး သီးနှံများဖြစ်သည်။ ဥပမာ - ဆန် (စပါး)၊ ဂျုံ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လူး၊ ဆတ်၊ အာလူး အစရှိသည်

(ခ-၂) တိရစ္ဆာန် အစားအစာသီးနှံများ ( Feed Crops) တိရစ္ဆာန်အစာ ရရှိရန် စိုက်ပျိုးပေးရသော သီးနှံများဖြစ်သည်။ ဥပမာ - နေပီယာမြက်၊ နွားစားပြောင်း (Fodder Maize)၊ လူဆန် (Lucerne)၊ စတိုင်လို (Stylo) အစရှိသည်

(ခ-၃) စက်မှုကုန်ကြမ်းသုံးသီးနှံများ (Industrial Crops) ဤသီးနှံများသည် ရိတ်သိမ်းပြီး ချက်ခြင်း အသုံးပြု၍ မရသေးဘဲ စက်ရုံများတွင် ပြုပြင်၊ မွန်းမံပြီးမှ အသုံးပြုနိုင်ပါသည်။ ဥပမာ - အဝတ်အထည်အတွက် ဝါ၊ သကြားရရန် - ကြံ၊ သကြားမုံလာ။

(ခ-၄) ငွေရလွယ်သောသီးနှံများ (Cash Crops) ဈေးတွင်ရောင်းချပါက ချက်ခြင်း ငွေရနိုင်ပါသည်။ ဥပမာ - ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ 

(ဂ) လယ်ယာသီးနှံအမျိုးအစားအလိုက်ခွဲခြားခြင်း (Agronomic Crops Classification)

(ဂ-၁) နှံစားသီးနှံများ (Cereal Crops) မြက်မျိုးရင်း (Family – Gramineae (Poaceae)) ဝင်အပင်များဖြစ်ပြီး ကျွန်တော်တို့ အဓိကအစာ (Staple Food) နေ့စဉ်စားသုံးနေရသော ဆန်စပါး၊ ဂျုံ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လူး၊ ဆပ် အစရှိသည်တို့ ပါဝင်ပါသည်။

ပုံ - ၃ နှံစားသီးနှံများ

(ဂ-၂) ဆီထွက်သီးနှံများ (Oilseed Crops) - ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်မူ ဆန်ပြီးလျှင် ဆီသည် ဒုတိယလိုအပ်ပါသည်။ ဖက်တီးအက်ဆစ် (Fatty Acid) များစွာပါဝင်ပြီး ကျွန်တော်တို့ မြန်မာ့ဟင်းချက်ပုံအရ ဆီများစွာသုံးပြီး ဟင်းချက်တတ်သည့်အလေ့ကြောင့် စိုက်ပျိုးထားသော ဆီထွက်သီးနှံများ၏ ဆီထုတ်လုပ်မှုဖြင့် လိုအပ်ချက်ကို မလုံလောက်ပါ။ ထို့ကြောင့် နိုင်ငံခြားမှ စားအုန်းဆီများကို နှစ်စဉ်တင်သွင်းနေရပါသည်။ စားအုန်းဆီ အရည်အသွေးအပေါ်မူတည်၍ နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် နောက်ဆက်တွဲရောဂါများကို ကုသရသည့် နိုင်ငံခြားငွေသုံးပြီး ဝယ်ယူရသည့် နိုင်ငံခြားဆေးဖိုးကုန်ကျစရိတ်များစွာ ကုန်ကျပါမည်။ လက်ရှိစိုက်ပျိုးနေသော ဆီထွက်သီးနှံများမှာ မြေပဲ (Groundnut)၊ နှမ်း (Sesame)၊ နေကြာ (Sunflower)၊ ဆီစားမုံညှင်း (Canola)၊ ဆီအုန်း (Oil Palm)၊ ပန်းနှမ်း၊ ရှမ်းနှမ်း၊ လင်းစိ (Linseed/Flax) စသည်တို့ အမျိုးစုံလင်လှပါသည်။

(ဂ-၃) ပဲမျိုးစုံ (Pulses, Food Legumes) ပရိုတင်း (Protein) ဓာတ်ကြွယ်ဝသော ပဲမျိုးစုံသီးနှံများဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဆန်ပြီးလျှင် ဒုတိယအများဆုံးနိုင်ငံခြား ငွေရှာပေးသောသီးနှံများဖြစ်ပါသည်။ အရေးကြီးသောပဲများမှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုပ်၊ ထောပတ်ပဲ၊ ပဲကြီးစသည်ဖြင့် ပဲမျိုးများစွာ အမျိုးစုံလှပါသည်။ ပြည်တွင်းတွင်လည်း ပဲကြီးလှော်၊ ပဲခြမ်းကြော်၊ ကုလားပဲဟင်း၊ စားတော်ပဲပြုတ် စသည်ဖြင့် ဈေးနှုန်းချိုသာစွာ ပရိုတိန်းဓာတ်ကို ဖြည့်စည်း ပေးနေပါသည်။

(ဂ-၄) အမျှင်ထွက်သီးနှံပင်များ (Fibre Crops) စားသောက်ရေးတွင်သာမက အဝတ်အထည်များ ရရှိရန် ဝါသီးနှံ (Cotton)၊  ပိုးချည်ရရန် ပိုးစာပင်၊ ယခင်‌ခေတ်များက သီးနှံများထည့်သွင်း သိုလှောင်ရန် ဂုံနီအိတ်များ ရက်လုပ်ရန် ဂုံလျှော်၊ ချဉ်ပေါင်လျှော် သီးနှံ စသည်တို့ ရှိပါသည်။

(ဂ-၅) သကြားထွက်သီးနှံများ (Sugar Crops) သကြားထုတ်လုပ်မှုအတွက် ကြံ (Sugarcane)၊ သကြားမုံလာ (Sugar Beet) စသည့် သီးနှံများ ပါဝင်ပါသည်။

(ဂ-၆) ဥစားသီးနှံများ (Root and Tuber Crops) တောင်အမေရိကတိုက် နိုင်ငံများတွင် ပင်မအစာဖြင့် စားသုံးနေသော အာလူး (Potato)၊ ကန်စွန်းဥ၊ ပိန်းဥ၊ ဝဥ၊ အာတာလွတ်ဥ စသည်တို့ဖြစ်ပါသည်။

(ဂ-၇) ဟင်းခတ်အမွှေးအကြိုင်သီးနှံများ (Spices and Condiments) အနံ့၊ အရသာ ကောင်းအောင် ထည့်သွင်းပေးရသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်၊ ဂျင်း၊ နနွင်း၊ စသည့် သီးနှံများရှိပါသည်။ 

(ဂ-၈) အဖျော်ယမကာ အပင်များ (Beverage Crops) နိုင်ငံခြားသို့တင်ပို့ရသည့် ကော်ဖီ (Coffee)၊ လဖက် (Tea)၊ ကိုကိုး (Cacao Tree) စသည့် အပင်များရှိပါသည်။ 

(ဂ-၉) နှစ်ရှည်သီးနှံအပင်များ (Plantation Crops) ကြက်ပေါင်စေး (ရာဘာ) စသည့်အပင်များ၊ အုန်းပင်၊ ကွမ်းသီးပင်အစရှိသည်တို့ ရှိပါသည်။ 

(ဂ-၁၀) ဆေးဘက်ဝင်နှင့်အနံ့မွှေးအပင်များ (Medicinal and Aromatic Crops) တိုင်းရင်းဆေးဝါးများအသုံးပြုရန် ဆင်ခိုနာ (Cinchona)၊ ဇီယာ၊ စပါးလင် (Lemon Grass)၊ ပူစီနံ (Mint) စသည်တို့ဖြစ်ပါသည်။

(ဂ-၁၁) တိရစ္ဆာန် အစားအစာပင်များ (Feed or Forage Crops) တိရစ္ဆာန်များ စားသုံးရန် စားကျက်မြက် (Pasture Grass)၊ စားကျက်ပဲ (Pasture Legume)၊ နွားစားပြောင်း (Forage Maize)၊ နွားစားနှံစားပြောင်း (Forage Sorghum) စသည့် အပင်များ ဖြစ်ပါသည်။

(ဃ) ရာသီဥတု၊ နေရာဒေသအပေါ်မှာမူတည်၍ အမျိုးအစားခွဲခြားခြင်း (Classification based on Climate)

(ဃ-၁) အပူပိုင်းဒေသသီးနှံများ (Tropical Crops) ရာသီဥတု ပူအိုက်စွတ်စို သည့် ရာသီဥတုများတွင်စိုက်ပျိုးသောသီးနှံများ ဥပမာ - စပါး၊ ကြံ

(ဃ-၂) သမပိုင်းဒေသသီးနှံများ (Temperate Crops) ရာသီဥတု အေးမြသော ဒေသများတွင်စိုက်ပျိုးသောသီးနှံများ ဥပမာ - ဂျုံ၊ ကုလားပဲ၊ သကြားမုံလာ

(င) အစာချက်လုပ်မှုအပေါ်မူတည်၍ခွဲခြားခြင်း (Classification based on Photosynthesis)

(င-၁) စီ-၃ သီးနှံများ (C-3 Plants) ကာဗွန်အက်တန် ၃ လုံး ကို ဓာတ်ပြုကာ အစာချက်လုပ်သောသီးနှံများ ဥပမာ - စပါး၊ မြေပဲ၊ ပဲပုပ်

(င-၂) စီ-၄ သီးနှံများ (C-4 Plants) ကာဗွန်အက်တန် ၄ လုံးကို ဓာတ်ပြုကာ အစာချက်လုပ်သောသီးနှံများ ဥပမာ - ပြောင်းဖူး၊ ကြံ ဤသီးနှံများသည် စီ-၃ အပင်များထက် တစ်နေ့စုစုပေါင်း အခြောက်အလေးချိန်ပိုများ၊ ရေကိုလည်း ပိုမိုအသုံးချနိုင်ပါသည်။ (သီးနှံဇီဝကမ္မဗေဒ အကြောင်းရေးသားရာတွင် အသေးစိတ်ဆွေးနွေးပါမည်)

(င-၃) ကမ်သီးနှံများ (Cassulacean Acid Metabolism – CAM Crops) အရွက်ရှိလေဝင်ပေါက် - စတိုမာတာ (Stomata)က ညပိုင်းတွင်ပွင့်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် (Carbon Dioxide – CO2) အရေအတွက်များစွာ ဖမ်းယူထားနိုင်ပြီး မယ်လစ်အက်ဆစ် (Malice Acid) အဖြစ်သိုလှောင်ထားကာ အပင်ရေငွေ့ပျံမှုမှာလည်း မဖြစ်စလောက်နည်းပါးလွန်းလှပါသည်။ သို့ဖြစ်၍ မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်ရည်ရှိပြီး (Highly Drought Resistant) ရေရရှိမှု နည်းနည်းကိုပင် ကောင်းမွန်စွာ အသုံးချနိုင်သော သီးနှံများ (High Water Use Efficiency) သဲကန္တာရဖြစ်ထွန်းနိုင်သည့် အပင်များဖြစ်ပါသည်။ အမျှင်ထွက်ပင်တစ်မျိုးဖြစ်သည့် နာနတ်လျှော် (Sisal/Agave) နှင့် ဥယျာဉ်ခြံသီးနှံဖြစ်သည့် သစ်သီးဝလံ နာနတ်သီး အပင် (Pine Apple) တို့မှာ ဤအုပ်စုအောက်ပါဝင်ပါသည်။ ရေငတ်ဒဏ်ခံနိုင်သော သီးနှံများ ရရှိနိုင်ရန် ဤဖြစ်စဉ်ကို အပင်ဇီဝကမ္မဗေဒပညာရှင်များ (Plant Physiologists) နှင့် လယ်ယာသီးနှံပညာရှင်များ (Agronomists) ပူးပေါင်း၍ သုတေသနပြုသင့်ပါသည်။

ပုံ - ၄ အစာချက်လုပ်မှုကြောင့် ကွဲပြားသွားသည့် အပင်ဇီဝကမ္မဖြစ်စဉ်များ

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Acquaah, G. (2005) Principles of Crop Production. Prentice-Hall

460p.

Azam, Ali and Squire, G.R. Squire (2002) Principle of Tropical Agronomy. CABI Publishing. 236p.

Sheaffer, C.C. and Moncada, K.M. (2012) Introduction to Agronomy: Food, Crops and Environment. Delmar Cengage Learning. 2nd Ed. 704p.

Sr. Reddy (2016) Introduction to Agronomy and Principle of Crop Production. Kalyani Publishers. 288p.

Martin, J.H. (2006) Principles of Field Crop Production.

Prately, J. (2003) Principles of Field Crop Production. Oxford University Press. 

550p.

(ဒေါက်တာမျိုးကြွယ်)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်