ဘိုရွန်ဓာတ်ဟာ ဆီထွက်သီးနှံတွေအတွက် အလွန်အသုံးဝင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။
သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ ဆဲလ်ကွဲပွားမှုကို အားပေးသောကြောင့် ပင်စည်ရှည်ထွက်စေခြင်းနှင့် အသီးအပွင့်အောင်စေမှုကို အားပေးပါတယ်။ ဆီထွက်သီးနှံတွေအတွက် အစေ့အဆန်အောင်စေပြီး အထွက်နှုန်းတိုးစေပါတယ်။
ဒါ့အပြင် ဘိုရွန်ဓာတ်ချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းလျော့ကျမှုများ ဖြစ်လျှက်ရှိပါတယ်။
ဘိုရွန်ချို့တဲ့မှုများစေတဲ့ အကြောင်းရင်းတွေကတော့
- မြေငန်ဓာတ်များသောကြောင့် (ဆားပေါက်မြေများ)
- အော်ဂဲနစ်သဘာဝမြေဆွေးနည်းသောမြေများ
- နိုက်ထရိုဂျင်ဓာတ် များလွန်းခြင်း
- ကယ်စီယမ်ဓာတ်များလွန်းခြင်း
- အေး၍စိုစွတ်သော ရာသီဥတုရှိသောနေရာများ
- သဲဆန်သောမြေများတွင် ချို့တဲ့မှုရှိတတ်ကြပါတယ်။
ဘိုရွန်ကို အပင်မှစုပ်ယူနိုင်သော ပုံစံများအနေနဲ့ကတော့ boric acid (H3BO4) နဲ့ borax အနေနဲ့ အပင်က စုပ်ယူကြပါတယ်။ များသောအားဖြင့်တော့ ရွက်ဖျန်းဆေးအနေနဲ့ အသုံးပြုကြပါတယ်။
ချို့တဲ့မှုလက္ခဏာ
ဘိုရွန်ချို့တဲ့မှုကို အပင်အရွက်ထိပ်ပိုင်း အရွက်နုလေးများတွင် တွေ့ရပါတယ်။ အရွက်လေးတွေက သေးငယ်ပြီး ပုံစံမမှန် တွန့်လိမ်ပြီး ကြွပ်ဆတ်နေပါလိမ့်မယ်။ နောက်ပြီး ရွက်ကြောနဲ့ ရွက်ပြားမှာ ဆဲလ်သေကွက်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ သီးတောင့်နဲ့ ပင်စည်မှာ ကွဲရာတွေဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ ကယ်စီယမ်ချို့တဲ့မှုနဲ့ ဆင်တူတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အမြစ်ကြီးထွားမှုကိုဟန့်တားပြီး သီးနှံအထွက်နှုန်းကို ထိခိုက်စေပါတယ်။
ဘိုရွန်ချို့တဲ့မှုမဖြစ်အောင်
နှမ်းသီးနှံတွင် နိုက်ထရိုဂျင်ဓာတ် နဲ့ ဘိုရွန်ဓာတ်က အပင်ကြီးထွားဖွံဖြိုးမှုအတွက် အရေးပါလှပါတယ်။ သူတို့နှစ်ခုကို ပေါင်းစပ်ပြီး အသုံးပြုပါက အထွက်နှုန်းကို တိုးစေပါတယ်။ နှုန်းထားအနေနဲ့ကတော့ မြေ ၂.၄၇ ဧကလျှင် နိုက်ထရိုဂျင် ၆၀ ကီလိုဂရမ်နဲ့ ဘိုရွန် ခေါ် လက်ချားမှုန့် ၁- ၃ ကီလိုဂရမ်ကို ရွက်ဖျန်းဆေးအနေနဲ့တွဲသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ သုတေသနအချို့မှာ ဖော်ပြထားပါတယ်။
Boric acid နဲ့ Borax ၀.၂% တို့ကို နှမ်းသီးနှံအဆင့်အလိုက်ပေါ်မူတည်ပြီး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ နှုန်းထားအနေနဲ့ကတော့ ကိုယ်သုံးမယ့် ကုန်ကြမ်းပစ္စည်းအညွှန်းပေါ်မူတည်အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံ ဘိုရွန်ချို့တဲ့မှုအတွက် တစ်မျိုးတည်းဖျန်းမယ်ဆိုပါက ပင်စည်ရှည်ထွက်ဖို့ အပင်ငယ်စဥ်နဲ့ ပန်းမပွင့်မှီ သန္ဓေအောင်ရန်နှင့် အစေ့အဆန်ပြည့်တင်းပြီး အရည်အသွေးကောင်းလိုပါက မြေ ၂.၄၇ ဧကလျှင် ဘိုရွန် ၃ လီတာ ကို ရေ ၅၀-၂၀၀ လီတာထိ ရောပြီး ဖျန်းနိုင်ပါတယ်။ ဒါပေမဲ့ ပြင်းအားများလွန်းပါက အပင်လောင်နိုင်သောကြောင့် စနစ်တကျ အသုံးပြုစေလိုပါသည်။
ကျမ်းကိုး
https://pesquisa.bvsalud.org/portal/resource/pt/sea-188017
https://www.frontierag.co.uk/blog/don-t-overlook-boron-in-your-osr-crop-this-autumn
https://www.yara.co.uk/crop-nutrition/oilseed-rape/nutrient-deficiencies-oilseed-rape/boron-deficiency-oilseed-rape/
https://www.researchgate.net/publication/323940011_Response_of_Pulse_and_Oilseed_Crops_to_Boron_Application_A_Review