မြေဆီ ဒီလောက် ရှားပါးပုံမျိုးနဲ့ ကမ္ဘာကြီး ဆက်လက် အူစိုနိုင်ပါဦးမည်လား? (၂)

10/05/2022 14:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

မြေဆီအထည့်နည်းရင် သီးနှံအထွက်ဘယ်လို ထိခိုက်မလဲ

 

"ကျွန်တော် အစိုးရိမ်မိဆုံးကတော့ ကမ္ဘာ့တချို့သောဒေသတွေမှာ အစားအသောက် ပြတ်လပ်မှု အလွန်အမင်း ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တာကိုပါ" လို့ ကမ္ဘာ့အကြီးဆုံး နိုက်ထရိုဂျင်ဓာတ်မြေသြဇာကုမ္ပဏီ CF Industries Holdings Inc. ရဲ့ အမှုဆောင်ချုပ် Tony Will က မတ်လအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ အဓိကနိုက်ထရိုဂျင်မြေဆီ ဖြစ်တဲ့ ယူရီးယားဈေးဟာ တစ်အိတ်ကို ပီဆို ၃၀၀၀ (၅၇ ဒေါ်လာ) အထိ ရောက်နေပြီး စိုက်ခင်းအရောက် ပို့ပေးရရင် ဒီထက်တောင် ဈေးပိုများနိုင်ပါသေးတယ်။ ဒါဟာ မနှစ်က ဒီလိုအချိန် ဈေးနဲ့စာရင် သုံးဆကျော် တက်လာခဲ့တာလို့ ဖိလစ်ပိုင်ပြောင်းဖူးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ Roger Navarro က ပြောပါတယ်။ "လယ်သမားတွေဟာ သူတို့သီးနှံအတွက် မြေဆီကျွေးနှုန်းကို လျှော့ချလာရဖို့ရှိတယ်။ ဒီလိုလုပ်မယ်ဆိုရင် အထွက်နှုန်း ကျလာမယ်။ ဝမ်းနည်းစရာကောင်းပေမဲ့ အဲတာဟာ အရှိတရားပဲ” လို့ ပြောပြီး ယခုနှစ် ပြောင်းအထွက် ၁၀ ရာခိုင်နှုန်း ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

 

သီးနှံအထွက်ခန့်မှန်းချက်တွေဟာ တခြားနေရာဒေသတွေမှာ ပိုလို့တောင် ဆိုးပါသေးတယ်။ ပီရူးနိုင်ငံမှာ ယူရီးယားမြေဆီ လိုအပ်ချက် မက်ထရစ်တန်ချိန် ၁၈၀၀၀၀ ရှိနေပြီး မြေဆီသာ ထပ်မရနိုင်ဘူးဆိုရင် အခြေခံသီးနှံတွေ ဖြစ်ကြတဲ့ စပါး၊ အာလူးနဲ့ ပြောင်းဖူး ထွက်နှုန်းတွေဟာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနအဖွဲ့ (IRRI) ကလည်း လာမဲ့ရာသီမှာ ဆန်စပါးအထွက် ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် လူဦးရေ သန်း ၅၀၀ ကို ကျွေးမွေးနိုင်တဲ့ ဆန်တန်ချိန် ၃၆ သန်းလောက် လျော့နည်းလာမဲ့သဘောဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်းဒေသမှာ ၂၀၂၂ အတွင်း စားနပ်ရိက္ခာထုတ်လုပ်မှု တန်ချိန် သန်း ၃၀ လောက် လျော့ကျဖို့ရှိပြီး ဒါဟာ လူဦးရေ သန်း ၁၀၀ အတွက် အစားအစာလိုအပ်ချက်ပမာဏနဲ့ ညီမျှတယ်လို့ IFDC က ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီခန့်မှန်းချက်ဟာ ယူကရိန်းမှာ ဖြစ်တဲ့ စစ်ပွဲကြောင့် စားသောက်ကုန်ဈေးတွေ စံချိန်တင်အမြင့်ဆုံးဆီ ရောက်မသွားခင်တုန်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

မြေဆီအသုံး လျော့လာတာနဲ့အမျှ သီးနှံအရည်အသွေး နိမ့်ကျလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။ အမေရိကန် ကန်ဆပ်ပြည်နယ် အနောက်တောင်ပိုင်းမှာ ဂျုံ ဧက ၄၀၀၀ နဲ့ ပြောင်းနဲ့ နှံစားပြောင်း ဧက ၃၀၀၀ လောက် စိုက်ပျိုးထားတဲ့ တောင်သူကြီး Gary Millershaski ကိုသာ မေးကြည့်ပါ။ ကန်ဆပ်ပြည်နယ်ဂျုံသီးနှံကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ Millershaski က ကော်မရှင်ရဲ့ အကြီးမားဆုံးစိုးရိမ်ချက်က တောင်သူတွေ ဂျုံသီးနှံ စိုက်ပျိုးစဉ် နိုက်ထရိုဂျင် မထည့်ခဲ့ကြမှာကိုပါလို့ ပြောပါတယ်။ တကယ်လို့ တောင်သူတွေ နိုက်ထရိုဂျင် မထည့်ခဲ့ကြဘူးဆိုရင် အစေ့အဆံအတွင်း ပရိုတိန်းဓာတ် ပါဝင်မှုကို ထိခိုက်ပြီး "အရည်အသွေးနိမ့် ဂျုံ" တွေ ထွက်လာမှာ ဖြစ်ပါတယ်။

 

အမေရိကားဟာ ထုတ်လုပ်တဲ့ဂျုံရဲ့ ထက်ဝက်ပမာဏကို အခြားနိုင်ငံတွေဆီ တင်ပို့နေတာကြောင့် ဒီပြဿနာက တစ်ကမ္ဘာလုံးမှာရှိတဲ့ စားသုံးသူတွေအပေါ် သက်ရောက်စေမှာ ဖြစ်ပါတယ်။ အမေရိကားမှာ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးပြီး ဂျုံမှုန့် ထုတ်ရာမှာ သုံးတဲ့ ဆောင်းဂျုံနီတွေ ရိတ်သိမ်းမှုက ဇွန်လထဲမှာ စတင်တော့မှာပါ။

 

သီးနှံအထွက်ကျရင် ကုန်ဈေးနှုန်းအပေါ် ဘယ်လိုသက်ရောက်မလဲ

 

သံသယဖြစ်စရာ မရှိတာကတော့ ထုတ်လုပ်လိုက်တဲ့ အစားအစာဈေးတွေဟာ အရင်ကထက် ပိုမိုကြီးမြင့်လာတော့မှာပါပဲ။ ကမ္ဘာ့စားသောက်ကုန်ဈေးတွေဟာ ယူကရိန်းမှာဖြစ်တဲ့ စစ်ပွဲကြောင့် သီးနှံရောင်းအားတွေ ထိခိုက်စေပြီးကတည်းက တစ်ခါမှမကြံဖူးတဲ့နှုန်းနဲ့ မြန်မြန်ဆန်ဆန် မြင့်တက်နေခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းတွေအရ မတ်လအတွင်း စားသောက်ကုန်ဈေး ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

 

"စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ကြီးမားတဲ့အန္တရာယ် ကျရောက်နေပြီ" လို့ ဖိလစ်ပိုင်စိုက်ပျိုးရေး အတွင်းဝန် William Dar က Bloomberg သတင်းဌာနကို စာတိုပေးပို့ ပြောဆိုပါတယ်။

 

တစ်ဖက်မှာ အိမ်ထောင်စုဝင်ငွေ တက်မလာဘဲ စားသောက်ကုန်ဈေးတွေ မြင့်တက်လာရင် လူမှုမငြိမ်သက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ သမိုင်းသာဓကများစွာ ရှိပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၁ တို့မှာ ကုန်စည်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က နိုင်ငံပေါင်း ၃၀ ကျော်မှာ လူထုအုံကြွမှုတွေ ဖြစ်ခဲ့ပြီး အဲဒီကတစ်ဆင့် "အာရပ်နွေဦး" အစပြုခဲ့တာ ဖြစ်ပါတယ်။

 

"ဒါဟာ ကြီးမားတဲ့ စိုးရိမ်စရာတစ်ခုပါပဲ။ စားသောက်ကုန်ဈေးကြီးမြင့်မှုကနေ ကိုယ့်အတတ်ကိုယ် ပြန်စူးမဲ့ တုံ့ပြန်မှုမျိုးတွေ ဖြစ်လာစေမှာကိုပါ" လို့ နိုင်ဂျီးရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချသူများအသင်းရဲ့ အမှုဆောင် Gideon Negedu က ပြောပါတယ်။ "ပျမ်းမျှ အိမ်‌ထောင်စုဝင်ငွေ တိုးမလာဘဲ သွင်းအားစုဈေးတွေ တက်လာတဲ့အပေါ် စားသောက်ကုန်စည်ဈေးကွက်က စတင်တုံ့ပြန်နေပါပြီ" လို့ သူ ပြောပါတယ်။

 

လယ်သမားတွေ ဘယ်လိုဖြေရှင်းနိုင်မလဲ

 

တောင်သူလယ်သမားတွေဟာ ဖြစ်သမျှအကြောင်း အကောင်းဆိုပြီး ပေထိုင်မနေကြပါဘူး။ နောက်ဆုံးအခေါက် မြေဆီဈေးတွေ ထိုးတက်မသွားခင်မှာ ဝယ်စုထားလိုက်နိုင်သူတွေက သီးနှံအတွက် မြေဆီ ဘယ်လောက်ပမာဏ ချွေတာ အသုံးပြုလို့ရမလဲဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလာကြတယ်။ အနုစိတ်စိုက်ပျိုးရေးနည်းပညာ (precision agriculture) ဘက်ကို ယိမ်းလာတာတွေလည်း ရှိပါတယ်။ ဆိုလိုတာက ကွင်းထဲက ဒေတာတွေကို  ပိုကောက်၊ သီးနှံအခြေအနေကို စောင့်ကြည့်ပြီး မြေဆီကို ထိထိရောက်ရောက် အသုံးချနိုင်အောင် ကြိုးစားလာတာပါ။ တောင်သူတွေဟာ မြေရဲ့ အာဟာရလိုအပ်ချက်ကို ပိုမိုတိုင်းတာလာကြပြီး အရင်လို ဘုံးဘောလအော မဟုတ်ဘဲ မြေဆီလိုအပ်သလောက် တိတိကျကျကို ထည့်သွင်းလာကြပါတယ်။ ဒီအလေ့အထဟာ အမေရိကနဲ့ ဘရာဇီးဒေသတချို့မှာ ဆယ်စုနှစ်များစွာကြာ ကျင့်သုံးလာပြီး ဖြစ်ပေမဲ့ ကျန်ကမ္ဘာ့ဒေသများစွာမှာတော့ အသစ်အဆန်း ဖြစ်နေပါသေးတယ်။

 

မြေဆီတိုင်းတာချက်မှာ ဖော့စဖိတ် ဒါမှမဟုတ် ပိုတက်ဆီယမ် များနေတယ်ဆိုရင် "မြေဆီ နည်းနည်းပဲ ထည့်၊ ဒါမှမဟုတ် လုံးဝ မထည့်ရင်တောင် ဖြစ်တယ်" လို့ Wisconsin-Madison တက္ကသိုလ်က မြေဆီပညာရှင် ပါမောက္ခ Carrie Laboski က ပြောပါတယ်။ ပြောင်းဖူးလို သီးနှံမျိုး စိုက်ထားတဲ့ မြေမှာ မြေဆီ ကောင်းမွန်ကြောင်း တိုင်းတာသိရှိထားရင် စိုက်ခါစမှာ အာမခံသဘောမျိုးလောက်ပဲ သုံးနိုင်တယ်လို့ ဆိုပါတယ်။ နိုက်ထရိုဂျင် ဓာတ်မြေသြဇာနဲ့ ပတ်သက်ရင် "လုံးဝ ဖြတ်ပစ်လို့မရ၊ လျှော့သုံးလို့သာရမယ်" လို့ ပါမောက္ခက ပြောပါတယ်။

 

အချို့လုပ်ငန်းတွေကလည်း အချိန်ကြာမှ တဖြည်းဖြည်းချင်း ပျော်ဝင်တဲ့ မြေဆီဆေးတောင့်လေးတွေ သုံးတာလိုမျိုး မြေသြဇာဖြည်းဖြည်းချင်း ထုတ်လွှတ်တဲ့ နည်းလမ်းတွေကို ကြံဆလာကြပါတယ်။ ဧရာမ ကျယ်ပျောလှတဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီးတွေအတွက် အဖြေတစ်ခု မဖြစ်ပေမဲ့ တချို့တွေကတော့ ဓာတ်မြေသြဇာအစား တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးကို သုံးဖို့ နည်းလမ်းရှာနေကြပါတယ်။

 

"မြေဆွေး၊ မိလ္လာနှစ်နဲ့ အော်ဂဲနစ်မြေသြဇာတွေ ပိုပြီး အဖိုးတန်လာပါတယ်။ အဲဒီဟာတွေ များများဝယ်ယူရရှိနိုင်အောင် အစွမ်းကုန် ကြိုးစားလာကြပါတယ်" လို့ ယူကေ စိုက်ပျိုးရေးနဲ့ ဉယျာဉ်ခြံဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ရဲ့ လယ်ယာစီးပွားပညာရှင် Mark Topliff က ပြောပါတယ်။

 

တချို့ ‌တောင်သူတွေဆိုရင် မြေဆီစားသုံးမှုများတဲ့ ပြောင်းလိုမျိုး သီးနှံတွေကနေ မြေဆီလိုအပ်ချက် နည်းတဲ့ ပဲပုပ်လို သီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာကြပါတယ်။

 

ဂျုံ၊ ပြောင်း၊ နေကြာ၊ အုတ်ဂျုံနဲ့ ပဲပုပ်တို့ အဆင်ပြေရာ ပြောင်းလဲစိုက်ပျိုးနေတဲ့ တောင်ပိုင်းဒါကိုတာပြည်နယ်က အမေရိကန်တောင်သူ Tregg Cronin ကတော့ အခြားတောင်သူတွေ အားကျစရာ အနေအထားကို ရောက်နေတာပါ။ မနှစ်က မိုးခေါင်လိုက်တဲ့အတွက် Cronin ရဲ့ မြေတွေထဲမှာ နိုက်ထရိုဂျင်တွေ အလျှံပယ် ရှိနေပါသေးတယ်။ ဒါကြောင့် သူက ပဲပုပ်ထက် နိုက်ထရိုဂျင်လိုအပ်မှု ပိုများတဲ့ နေကြာကို ၁၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ နောက်လတွေအထိ မြေဆီဈေး ဆက်ပြီး ကြီးမြင့်နေဦးမယ်ဆိုရင်တော့ သူ ပဲပုပ်တွေ တိုးချဲ့စိုက်ဖို့ ရွေးချယ်ရတော့မှာပါ။ တခြားတောင်သူတွေလည်း အလားတူ တွက်ချက်မှုတွေ လုပ်နေကြပြီး မိမိနဲ့ သင်တော်မယ်ထင်ရာလမ်းကို ရွေးချယ်နေကြရပါတယ်။

 

"စစ်တုရင် ကစားနေသလို။ ဒီနှစ်မှာ ဘာစိုက်မယ်ဆိုတာထက် နောက်နှစ်မှာ ဘယ်အသီးကို လှည့်စိုက်ရမလဲ ကြိုတွေးနေရတယ်" လို့ Cronin က ပြောပါတယ်။

 

ဝေယံဟိန်း (B.Ag)

Ref: Can the World Feed Itself? Historic Fertilizer Crunch Threatens Food Security - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်