သစ်ပင်ငါးသန်း စိုက်ပျိုးရေးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေသူ

02/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဆီနီဂေါနိုင်ငံတောင်ပိုင်းက အမျိုးသားတစ်ယောက်ဟာ လာမဲ့ငါးနှစ်အတွင်း သစ်ပင်ငါးသန်း စိုက်ပျိုးဖို့ဆိုတဲ့  ရည်မှန်းချက်အလွန်ကြီးလှတဲ့ လုပ်ငန်းစီမံချက်တစ်ခုကို ချမှတ်အကောင်အထည်ဖော်နေပါတယ်။

အမြော်အမြင်ကောင်းလွန်းတဲ့ ဒီစီမံချက်ကို 'အဒါနာ ဒီယေမီ' ဆိုသူ စတင်ဖြစ်ခဲ့တာက သူ ဥရောပမှာ နှစ်အနည်းငယ် အလုပ်လုပ်ပြီး ၂၀၂၀ ပြည့်နှစ်က မွေးရပ်မြေ 'ကာဆာမန်စီ' ဒေသကို ပြန်လာစဉ်မှာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်ရှိဖြစ်တဲ့ ဒီယေမီဟာ သူငယ်ငယ်တုန်းက ဧရာမသစ်ပင်ကြီးပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့ ကျေးရွာတွေမှာ ယခုတော့ အပင်ကြီး တစ်ပင်စနှစ်ပင်စလောက်ပဲ ကျန်တော့တာကို ကြည့်ပြီး ထိတ်လန့်အံ့ဩခဲ့ရပါတယ်။

"တချို့ရွာတွေမှာဆိုရင် သစ်ပင်တစ်ပင်မှတောင် ရှာမတွေ့ဘူး။ သူတို့က သစ်ပင်ကို ခုတ်ဖို့လောက်ပဲ သိတာ။ ပြန်စိုက်ဖို့ မစဉ်းစားဘူး" လို့ ဒီယေမီက ဘီဘီစီသတင်းဌာနကို ပြောခဲ့ပါတယ်။

အာဖရိကတစ်ဝန်းမှာ ကန္တာရဖြစ်ထွန်းလာခြင်းက သစ်ပင်တွေ ပြုန်းတီးစေတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကာဆာမန်စီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ဒီဒေသမှာတော့ သစ်ပင်တွေဟာ အိမ်ဆောက်ဖို့ ဒါမှမဟုတ် မီးသွေးဖုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအတွက် ခုတ်ထွင်ခံခဲ့ရတာ ဖြစ်ဖို့များပါတယ်။

စပိန် အန်ဂျီအိုတစ်ခုရဲ့ စီမံကိန်းမန်နေဂျာအဖြစ် ကာဆာမန်စီဒေသမှာ တာဝန်ထမ်းဆောင်နေပြီး စိုက်ပျိုးရေးပညာကိုလည်း စေတနာအလျောက် ပို့ချနေသူ မစ္စတာဒီယေမီက လက်ရှိအဖြစ်သနစ်တွေကို အလုံးစုံပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ဆီမှာ ငွေပိုကြေးလျှံ များများစားစား မရှိတာကြောင့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေး ရန်ပုံငွေ စတင်ကောက်ခံခဲ့ပါတယ်။ သူကိုယ်တိုင် အိတ်ကပ်ထဲကနေ ဒေါ်လာ ၅၀၀၀ မတည်ပေးပြီး ဒီစီမံချက်ကို အစပြုခဲ့တာပါ။

Flexing female power

သူဟာ နယ်မြေအတွင်းက ဒေသခံတွေနဲ့ ထိတွေ့နိုင်အောင် ကြိုးစားခဲ့တယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ချိတ်ဆက်တယ်။ ပျိုးပင်တွေ အုံလိုက်ကျင်းလိုက်ကို အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ဖို့အတွက် အမျိုးသမီးတွေကသာ စွမ်းဆောင်နိုင်မယ်လို့ သူ ယုံကြည်ထားပါတယ်။

"ရွာတစ်ရွာမှာ အမျိုးသမီးတွေ တစ်ယောက်မှ မရှိကြဘူးဆိုရင် တကယ်ကို ကပ်ဆိုက်တာပဲ" လို့ မစ္စတာဒီယေမီက ပြောပါတယ်။

"ဒါပေမဲ့ ရွာတစ်ရွာမှာ အမျိုးသမီးတွေချည်းပဲ ရှိတယ်ဆိုရင်တော့ သုခဘုံအလားပါပဲ။ သူတို့ဟာ အလုပ်ကြိုးစားတယ်။ တစ်နေကုန် အလုပ်နဲ့လက်နဲ့ မပြတ်ကြဘူး။ ဒါကြောင့် စီမံချက်တစ်ခု အောင်မြင်ချင်တယ်ဆိုရင် အမျိုးသမီးတွေနဲ့ စတင်ပါ" လို့ မစ္စတာ ဒီယေမီက ပြောပါတယ်။

သူဟာ အပင်များစွာ စိုက်ပျိုးရေးအိပ်မက် အကောင်အထည်ဖော်ရင်း တစ်ဖက်မှာ အမျိုးသမီးတွေ စွမ်းအားမြှင့်တင်ပေးတာကို ကျွဲကူးရေပါ ပေါင်းစပ်‌ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသမီးတွေ တစ်ပိုင်တစ်နိုင်တောင်သူတွေ ဖြစ်လာပြီး  သူတို့ကုန်စည်ကို ဈေးကွက်တွေမှာ ရောင်းချလာနိုင်အောင် လေ့ကျင့်သင်ကြား‌‌ပေးနေပါတယ်။

"ပထမတော့ မျိုးစေ့တွေ ဘယ်လိုစိုက်ရမလဲ ကျွန်မတို့ မသိခဲ့ဘူး။ သီးနှံတွေ ကြီးထွားအောင် ဘယ်လိုလုပ်မလဲ မသိခဲ့ဘူး" လို့ စီမံချက်မှာ ပါဝင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆာဖီယေတိုက ပြောပါတယ်။

"အခုတော့ ဈေးမှာ ရောင်းချစရာ အသီးအနှံအမျိုးမျိုး စိုက်နိုင်ကြပြီ။ ဘယ်သူ့အပေါ်ကိုမှ မှီခိုစရာ မလိုတော့ဘူး။ အခု ကျွန်မတို့ ဘဏ်အကောင့်ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ ဘယ်သူကမှ ကျွန်မတို့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လာပြောလို့မရတော့ဘူး။ ဘယ်လောက်ကောင်းသလဲ" လို့ သူမက ပြောပါတယ်။

မစ္စတာဒီယေမီရဲ့ စီမံချက်ကို "Our Trees" လို့ အဓိပ္ပာယ်ရတဲ့ ဒေသိယစကား "Ununukolaal" လို့ ပေးထားပါတယ်။

ယခုအထိ သစ်ပင် ၁၂ မျိုး စိုက်ပျိုးထားပါတယ်။ အဲဒီထဲမှာ စွန်ပလွံ၊ မန်ကျည်း၊ လက်ပံ၊ ရှောက် စတာတွေ ပါဝင်ပြီး ဘယ်ဒေသမှာ ဘာပင်စိုက်ပျိုးတယ်ဆိုတာကတော့ ဒေသနဲ့ မြေအနေအထားအပေါ် မူတည်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ပျိုးပင် ၁၄၂၀၀၀ ကျော်ကို မြေချခဲ့ပြီး ယခုဆိုရင် အမြစ်ခိုင်နေကြပြီဖြစ်ပါတယ်။

ဒီတော့ မစ္စတာဒီယေမီ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ လာမယ့်ငါးနှစ်အတွင်း အပင်ပေါင်းမြောက်မြားစွာ စိုက်ပျိုးဖို့ လိုအပ်နေပါသေးတယ်။ မစ္စတာဒီယေမီနဲ့ ဇနီး ယိုလန်ဒါ ပီရီနီဂွက်ဇ်တို့ကတော့ ရည်မှန်းချက်မရောက်မှာ မစိုးရိမ်ဘူးလို့ ပြောပါတယ်။

မစ္စပီရီနီဂွက်ဇ်ဟာ အပ်ချုပ်သမတစ်‌ယောက်ဖြစ်ပြီး စီမံချက်အတွက် ရန်ပုံငွေ ရှာတဲ့နေရာမှာ အလွန်အ‌ရေးပါသူပါ။ သူမက တီရှပ်တွေ ဒီဇိုင်းထုတ် ချုပ်လုပ်ပြီး တစ်ထည် ၁၅ ဒေါ်လာနှုန်းနဲ့  ပြည်ပတင်ပို့ရောင်းချကာ ငွေရှာပေးနေပါတယ်။

လုပ်ဖော်ကိုင်ဖက် ရေမွန်ဒီ ကိုလီနဲ့အတူ အပ်ချုပ်စက်ကိုယ်စီ နင်းကာ ဒေသထွက် ပိတ်စတွေကို အသုံးပြုချုပ်လုပ်ကြပြီး အင်္ကျီပေါ်မှာလည်း ထူးခြားထင်ရှားတဲ့အမှတ်အသားအဖြစ် ဇောက်ထိုးသစ်ပင်ပုံ (baobab) ကို ဇာပန်းထိုးထားကြပါတယ်။ တီရှပ်တစ်ထည် ရောင်းရတိုင်း သစ်ပင်ပျိုးပင်ပေါက် ၁၅ ပင်စာ ဝယ်ခြမ်းဖို့ငွေကြေး ရရှိကြပါတယ်။

"ဇောက်ထိုးသစ်ပင်ကို ရွေးဖြစ်တာက အာဖရိကရဲ့ အမှတ်အသား ဖြစ်နေလို့ပါ။ ဒီတီရှပ်တွေဟာ ဥရောပ၊ ကနေဒါ အစရှိသဖြင့် ကမ္ဘာအနှံ့ ရောက်ရှိတယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဝယ်တဲ့သူတွေကလည်း ဒီသစ်ပင်စိုက်စီမံချက်ကို ကူညီကြတာပါ" လို့ မစ္စပီရီနီဂွက်ဇ်က ပြောပါတယ်။

Baobabs to save homes

မစ္စတာဒီယေမီတို့ဟာ လက်ပံအမြစ်ဆုံကို ထွင်းလုပ်ထားတဲ့ သစ်ထွင်းလှေတစီးနဲ့ ကာဆာမန်စီ မြစ်ကြောင်းတစ်လျှောက် လှော်ခတ်သွားကြရင်း သူတို့စီမံချက်ရဲ့ တန်ဖိုးအစစ်အမှန်ကို ဖော်ပြစရာ အရာတစ်ခု တွေ့ရှိခဲ့ပါတယ်။

မြစ်အလယ်က ရေလယ်ကျွန်းရွာလေးတစ်ရွာမှာ မြစ်ရေဟာ ရွာစွန်ရွာဖျားက နေအိမ်အ‌ဆောက်အအုံတွေထဲအထိ ကျူးကျော်ဝင်ရောက်နေပြီး အချို့နေရာတွေမှာ ခြေတံရှည်အိမ်တွေရဲ့ အောက်ထဲအထိ ရေရောက်နေပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် မြစ်ရေအစပ်ဟာ ရွာနဲ့ တော်တော်လှမ်းပြီး မိုးရာသီ အထွတ်အထိပ်ကာလကလွဲလို့ ရွာဆီကို ရောက်လာခဲပါတယ်။

ခုတော့ သေရေးရှင်ရေးအခြေအနေ ဆိုက်ရောက်နေပြီး ဒီထက်ပိုဆိုးလာခဲ့ရင် ရွာခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မဲ့သဘောပါ။

"ဒီရေလယ်ကျွန်းပေါ် နေထိုင်လာကြတာ နှစ်ပေါင်းရာချီပါပြီ။ ဒါပေမယ့် ရေ ဒီထက်ပိုတက်လာမယ်ဆိုရင်တော့ တစ်ရွာလုံး နေရပ်စွန့်ခွာကြရတော့မှာပါ" လို့ ရွာမိရွာဖတစ်ဦးဖြစ်တဲ့ ကွန်နာကရီ ဘက်စီနီက ပြောပါတယ်။

ယခုတော့ ကုန်းမြေပေါ်တင်မက ရေချို ရေငန်မှာပါ ပေါက်ရောက်နိုင်တဲ့ ဇောက်ထိုးပင်တွေကို မြစ်ရေစပ်တစ်လျှောက်မှာ အရန်အတားအဖြစ် စိုက်ပျိုးထားကြပါပြီ။ အပင်ပေါက်တွေဟာ လေနဲ့အတူ တဖျပ်ဖျပ် လှုပ်ခတ်နေပြီး တချိန်မှာ အသီးအပွင့်နဲ့ အရိပ်အာဝါသကောင်းပေးမယ့် အလားအလာကို ပြသနေပါတယ်။

"ဒီသစ်ပင်တွေက ကျွန်တော်တို့ကို ကယ်တင်နိုင်လိမ့်မယ်။ ဒီသစ်တွေဟာ ကျွန်တော်တို့ဘဝအတွက် မျှော်လင့်ချက်ပဲ" လို့ မစ္စတာ ဘက်စီနီက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: The Senegal man on a mission to plant five million trees - BBC

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်