စပါးလင်ပင် စိုက်ပျိုးခြင်းအကြောင်း သိကောင်းစရာများ

15/05/2018 15:57 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သိကြတဲ့ အတိုင်းပဲ စပါးလင်ပင် ဆိုတာလေးက အရွက်ပြားပြားလေးနဲ့ ပိန်ပိန်ပါးပါးလေး ဖြစ် ပြီး သူက နှစ်ရှည်ပင်ဖြစ်ပါတယ်။ မခုတ်မချင်း မသေပါဘူး။ အိန္ဒိယမှာ စီးပွားဖြစ်စိုက်ပျိုးကြပြီး နိုင်ငံတော်တော်များများမှာ သုံးနေကြတာလည်း ဖြစ်ပါတယ်။ သမပိုင်း အာဖရိကနဲ့ အရှေ့ တောင်အာရှမှာ တွေ့ရတဲ့ Poaceae မိသားစုဝင် အပင်တွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ အချက်အလက်တွေကြောင့်မို့လည်း စားသုံးကြတဲ့ အပင်မျိုးဖြစ်ပါတယ်။ စပါး လင်လေးနဲ့ ကြက်သားဟင်း၊ မုန့်ဟင်းခါး စတာတွေက မြန်မာ့အကြိုက်တွေပါပဲ။ စပါးလင်ကို အခြောက်အနေနဲ့ပြုလုပ်ပြီး လက်ဖက်ခြောက်လိုမျိုးပဲ ကျန်းမာရေးအတွက် သောက်သုံးကြပါ တယ်တဲ့။

စီးပွားရေးအရ အရေးပါပုံ

Citral Acid  ကတော့ တကယ့်ပါဝင်မှုများတာကြောင့်လည်း တစ်ဖုံ၊ အနံ့လေးကို ကြိုက်တာ ကလည်း တစ်မျိုးပေါ့လေ။ အဆီကို ထုတ်ပြီးတော့ သုံးကြတာဖြစ်ပါတယ်တဲ့။ အဆီကို အရွက် ကနေ ပြီးတော့ ပန်းပွင့်တဲ့ ထိပ်ပိုင်းတွေကနေ အဆီကို ထုတ်ပြီးတော့ ဆေးဖက်ဝင်တဲ့ ပစ္စည်း တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးကြတာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ အနေနဲ့ကတော့ အဝတ်လျှော်ဆပ်ပြာတွေ၊ ရနံသင်းတဲ့ ရေချိုးဆပ်ပြာတွေ၊ ပြီးတော့ ပိုးမွှားပြေးဆေးတွေ ထုတ် လုပ်တဲ့ နေရာတွေမှာ သုံးကြတာဖြစ်ပါတယ်။ ထုတ်လို့ရလာတဲ့ အဆီတွေကို အဓိက သုံးတာ ကတော့ ရေမွှေးထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ သုံးကြပြီးတော့ အစားအသောက်အနေနဲ့  အဖျော်ယမကာ သောက်စရာ တွေမှာလည်း ထည့် သွင်း အသုံးပြုကြတာဖြစ်ပါတယ်။ 

ကျန်းမာရေးအတွက် အကျိုးရှိမှုများ

• ကင်ဆာရောဂါအမျိုးမျိုးကို ဆန့်ကျင်နိုင်တဲ့ ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။

• ကြွက်သားများ နာကျင်မှုတွေမှာ ရနံ့ကုထုံးအဖြစ်ကို အသုံးပြုကြပါတယ်။

• အဖျားပျောက်ကင်းစေနိုင်ပါတယ်။

• အအေးမိတာ ချောင်းဆိုးတာကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

• ကိုလက်စထရော နည်းပါးတဲ့ အပင်ဖြစ်ပါတယ်။

• စိတ်ဖိအားတွေကိုလည်း တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

• သွေးတိုးတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

• ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း စွန့်ထုတ်ပေးပြီးတော့ သန့်ရှင်း ရောဂါ ကင်းစေပါတယ်။

• ကျောက်ကပ် ပန်ကရိယ တွေ အသည်း ဆီးအိမ် စတာတွေကို သန့်ရှင်းစေပါတယ်။

• အစာချေလမ်းကြောင်းကိုလည်း ပိုကောင်းစေပါတယ်။

• ဓမ္မတာနဲ့ ဆိုင်တဲ့ ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။

• ဝက်ခြံနဲ့ အဖုအပိန့်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်

စိုက်ပျိုးရာသီဥတု

နွေးပြီး စိုထိုင်းတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပြီး နေရောင်လည်း များများရမယ် မိုးရေချိန် ကလည်း တစ်နှစ်ကို ၂၀၀ ကနေ ၂၅၀ စင်တီမီတာ လောက်ရှိတယ်ဆို အဆင်ပြေပါတယ်။ မိုးရေ ချိန်နည်းတယ်ဆိုရင် ရေသွင်းပေးပြီး စိုက်ပျိုးလို့ရပါတယ်။ 

မြေအမျိုးအစား

မြေအမျိုးအစား တော်တော်များများမှာ စိုက်ပျိုးလို့ရပါတယ်။  အသင့်တော်ဆုံးကတော့ သဲဆန် တဲ့မြေစေးနဲ့ မြေနီတွေမှာ ရေလည်းကောင်းကောင်းရှိမယ် ရေထုတ်ရအဆင်ပြေပြီးတော့ မြေ ဆွေး ကောင်းကောင်းထည့်ပြီးတော့ စိုက်ပျိုးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ရေဝင်တာနဲ့ ပျော့သွားတဲ့ မြေဆိုရင်တော့ စိုက်ပျိုးလို့ မကောင်းပါဘူးတဲ့။

မျိုးစေ့နှုန်းထား

တစ်ဟက်တာ (အကြမ်းအားဖြင့် ၂ဧကခွဲ) စာအတွက်ဆိုရင် ၂.၅ ကီလို ဂရမ် ဖြစ်ပါတယ်။

ရွေ့ပြောင်းစိုက်ပျိုးခြင်း

စပါးလင်ကို ပျိုးထောင်ပြီးတော့ စိုက်ပျိုးရတာဖြစ်ပါတယ်။ ၂.၅ ကီလို ပျိုးထောင်ရင် တစ်ဟက် တာစာ ဖြစ်ပါတယ်။ မျိုးစေ့ကနေ မဟုတ်ပဲ ပင်ပိုင်းမျိုးပွားမယ်ဆိုရင်တော့ တစ်ပင်ချင်းစီ ခွဲ ထုတ်ပြီးတော့ ပျိုးလို့ရပါတယ်။ ပျိုးခုံက ပင်ကြားတန်းကြားဆိုရင် (အကြမ်းအား ဖြင့်ဆိုရင် တော့ ၂ပေ x ၂ပေခွဲ) အနေအထားဖြစ်ပါတယ်။ ပင်ပိုင်းအတွက်ဆိုရင်တော့ ၂၅၀၀၀ လောက် ပျိုးထားရမှာဖြစ်ပါတယ်။

မြေပြင်ခြင်း

မြောင်းဖော်ပြီးစိုက်တဲ့ အနေအထားဖြစ်ပါတယ်။ မြောင်းအကျယ်က တစ်ပေကျော်လောက်ရှိပြီး မြောင်းတစ်ခုနဲ့ တစ်ခုကြားက တစ်ပေ ရှိရမှာဖြစ်ပါတယ်။ မြောင်းထဲမှာ ကောင်းကောင်း ဆွေး ပြီးဖြစ်တဲ့ မြေဆွေးတွေ ထည့်ပြီးရင်တော့ မြေပြင်လို့ ပြီးပြီဖြစ်ပါတယ်။ ပျိုးဘောင်ထဲက ရက် (၂၀) ကနေ (၃၀) ရှိပြီဖြစ်တဲ့ ပျိုးပင်လေးတွေကို မြေဆွေးထည့်ထားတဲ့  မြောင်းတွေထဲမှာ ၂ တန်း၊ တစ်တန်းနဲ့ တစ်တန်း (၂၀) စင်တီမီတာ((၈) လက်မခြား) စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ မိုးရာသီမှာ စိုက်ပျိုးမယ်ဆိုရင် မြောင်းခုံကို မြှင့်အောင်လုပ်ပြီးမှ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

စိုက်ပျိုးခြင်း

မေလ နောက်ဆုံးပတ်နှင့် ဇွန်လ ပထမပတ်တို့တွင် စိုက်ပျိုးသင့်ပြီး ၁၈ ပေ ပတ်လည် ဘောင်အ ကွက်များဖော်ပြီး စိုက်ပျိုးပါက ပိုကောင်းပါသည်။ ပိုတက်ရှ်နှင့် ဖောစဖောရပ်စ် တို့ကိုလည်း ပြည့်ဝစွာထည့်သွင်းထားပြီး အောက်တိုဘာ၊ နိုဝင်ဘာမှ လွဲ၍ ကျန်သောလများတွင် ရေသွင်း နိုင်ရန် စီမံထားသင့်ပါသည်။ နိုက်ထရိုဂျင်ကို အညီအမျှခွဲကာ ၆ ကြိမ်ပေးသွင်းရန် ဖြစ်ပြီး စစ ချင်း အပင်စစိုက်ချိန်တွင် တစ်ကြိမ်၊ အပင်ပြောင်းစိုက်ပြီး (၄) ပတ်မြောက်တိုင်းတွင် တစ်ကြိမ်စီ ခွဲကျွေးပေးရန်ဖြစ်ပါသည်။ နောက်ဆုံးတစ်ကြိမ်ကို ပထမရိတ်သိမ်းချိန်ပြီးတွင် ကျွေးပေးရန် ဖြစ်ပါသည်။ 

ပင်ပိုင်းများကို မျိုးများအဖြစ်ပြန်လည်ထားရှိလိုပါက အမြစ်ဟောင်းများနှင့် အရွက်များကို ဖယ် ရှားပြီးနောက် ပျိုးထောင်ကာ ၂ ပေ ပတ်လည် စနစ်ဖြင့် ပြန်လည် စိုက်ပျိုးနိုင်ပါသည်။

ရေသွင်းခြင်း

စပါးလင်ပင် စိုက်ပျိုးထားသော ၁၈ ပေ ပတ်လည်အကွက်များကို တစ်ရက်ခြား တစ်ခါ အခြေ အနေကိုကြည့်ကာ ရေသွင်းပေးရန်ဖြစ်ပါသည်။ ရေသွင်းပေးရန်မှာ ပထမ ၁ ပတ်မှ (၄) ပတ် မြောက်အထိသာဖြစ်ပြီး ရာသီဥတု အခြေအနေကိုကြည့်ကာ လိုအပ်ပါက သွင်းပေးရန်ဖြစ်ပါ သည်။ မိုးရာသီကာလတွင် ရေသွင်းပေးရန် မလိုအပ်သော်လည်း ရေထုတ်မြောင်းများ စနစ်ကျ ရန် လိုအပ်ပါသည်။

ပေါင်းမြက်နှိမ်နင်းခြင်းအကြောင်း

စပါးလင်ပင်များ မစိုက်ပျိုးခင် (၃) လမှ (၄) လ ကြိုတင်ကာ ပေါင်းမြက်များ ကင်းစင်စေရန် ပြု လုပ်ထားသင့်ပြီး စပါးလင်များ ရိတ်သိမ်းပြီး (၄) ပတ်အထိ ပေါင်းမြက်များ ပေါက်ခြင်းကဲ့သို့ သော လုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ စိုက်ပျိုးထားသော ကာလတွင်လည်း ၂ ကြိမ် မှ ၃ ကြိမ် ပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။

ဖျက်ပိုးနှင့် ရောဂါကျရောက်ဖျက်ဆီးမှုများ

အင်းဆက်ပိုးမွှားပြေးဆေးများ ဖော်ထုတ်သော အပင်ဖြစ်သည့်အတွက် ဆိုးရွားသော ဖျက်ပိုးနှင့် ရောဂါများ ကျရောက်မှုသည် အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ်ပါသည်။

ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း

နှစ်ရှည်စိုက်ပျိုးထုတ်လုပ်နိုင်သော အပင်ဖြစ်သော စပါးလင်ပင်ကို (၅) နှစ်အထိ စိုက်ပျိုးထား ကာ ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းမှုကို မြေပြင်မှ ၁၀ စင်တီမီတာ (၄ လက်မခန့်) အကွာမှ ရိတ်သိမ်းနိုင်ပါသည်။ ပထမနှစ်တွင် တစ်ပင်တစ်ပင်မှ စပါးလင်ဖြတ်ပိုင်း (၃၀) ရနိုင်ပြီး နောက် ပိုင်းကာလများတွင် ၅ ပင်မှ ၆ ပင်ကို ဆက်တိုက် နှစ်ရှည်ရရှိမည်ဖြစ် ပါသည်။ 

ပထမဆုံး ရိတ်သိမ်းမှုကို စိုက်ပျိုးပြီး (၃) လအကြာတွင် စတင်ရနိုင်ပြီး ၄၅ ရက် မှ ရက် (၆၀) ခြားတိုင်းတွင်လည်း ရိတ်သိမ်းရရှိနိုင်ပါသည်။  ဆီထုတ်ရန် ရည်ရွယ်သော ရိတ်သိမ်းပြီး ဖြတ် ပိုင်းများကို နေရောင်မထိစေပဲ အရိပ်အောက်တွင် (၃) ရက်ခန့် ထားနိုင်မှသာလျှင် အရည်အ သွေး ပြောင်းလဲထိခိုက်မှု နည်းပါးမည်ဖြစ်ပါသည်။ ထိုနောက်တွင် အပိုင်းသေးသေးများအဖြစ် စဉ်းကာ အဆီထုတ်ရန် ပြင်ဆင်ရမည်ဖြစ်ပါသည်။

အထွက်နုန်းအနေဖြင့်  စုစုပေါင်း (၁၅) တန်ထိ ထွက်ရှိနိုင်ပြီး အဆီထုတ်ယူနိုင်မှုမှ (ဝ.၅) ရာနှုန်း ရှိပါသည်။ အဆီထုတ်ယူနိုင်မှုသည် ဒုတိယနှစ်တွင် ကီလိုဂရမ် (၄၀၀) ပတ်လည်တွင် ရှိပါသည်။ အထွက်နှုန်းသည် စိုက်ပျိုးသော မျိုးအလိုက်သော်လည်းကောင်း၊ သီးနှံစီမံမှုတွင်လည်းကောင်း မူတည်ပါသည်။ 

Htunn Win Kyaw


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်