မြေဧကတိုင်းနည်း

07/04/2023 11:05 AM တွင် Aye Aye Aye Aye မှ ရေးသား

အစိမ်း‌ရောင်လမ်း စိုက်ပျိုးရေး/မွေးမြူရေး ဖုန်းဆော့ဝဲလ်ပေါ်ကနေ ဖုန်းနဲ့မြေဧကတိုင်းလို့ရနေပြီဆိုတာ သိပြီးကြပြီလားရှင့်..

ဟုတ်ကဲ့...တောင်သူတွေ အများစုတောင်းဆိုထားကြလို့ ဖုန်းနဲ့ မိမိရဲ့ လယ်ဧက ဘယ်လောက်ကျယ်လဲဆိုတာ တိုင်းတာလို့ရတဲ့ စနစ်လေးကို ကျမတို့ အစိမ်းရောင်လမ်းကနေ ထုတ်လုပ်ထားတာပါနော်..

အဲ့လိုတိုင်းဖို့အတွက်ဆိုရင် မိမိဖုန်းထဲမှာ အစိမ်းရောင်လမ်းစိုက်/မွေးဖုန်းဆော့ဝဲလ်လေးတော့ ရှိမှ ရပါမယ်ရှင့်...

မရှိသေးဘူးဆိုရင်‌တော့  Play Store ကနေ Green Way လို့ ရိုက်ရှာပြီး ‌ဒေါင်းလုတ်ရယူလိုက်ပါနော်..။

 နောက် မိမိဖုန်းနံပါတ်၊  မိမိအချက်အလတ်တွေနဲ့  အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်ကို registration လုပ်လိုက် ပါ...။

** အရေးကြီးတာက အင်တာနက်တော့ ဖွင့်ထားဖို့လိုပါမယ်နော်။ VPN တော့ မလိုပါဘူးရှင့်။

 GPS location လည်းဖွင့်ထားပေးဖို့ လိုပါမယ်...

အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာ မှတ်ပုံတင်ပြီးပြီ...

မြေဧက တိုင်းတော့မယ်ဆိုရင်တော့... အစိမ်းရောင်မှတ်တမ်းဆိုတလာလေးထဲ အရင်ဝင်ရပါမယ်။

နေရာနှစ်ခုကနေ ဝင်ရောက်နိုင်ပါတယ်ရှင့်။

* ပထမနည်းကတော့ ဖုန်းဆော့ဝဲလ်ထဲကို ဝင်ဝင်ချင်း အပေါ်ပိုင်းမှာတွေ့ရတဲ့ အစိမ်းရောင်မှတ်တမ်း icon ကနေတဆင့် ဝင်ရောက်ရတာပါ။

* နောက်တစ်နည်းကတော့

  • အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်ရဲ့ ဘယ်ဘက်ထောင့်က မိမိရဲ့ ပရိုဖိုင် (profile) ကို နှိပ်လိုက်ပါ။
  • မိမိရဲ့ ပရိုဖိုင်အောက်မှာရှိတဲ့ သွင်းအားစုကုန်ကျစရိတ်တွေကို မှတ်တမ်းထားလို့ရတဲ့ “အစိမ်းရောင်မှတ်တမ်း” သို့ ဝင်လိုက်ပါ။
  • “လယ်ကွက်အသစ်စာရင်းသွင်းရန်”ကို နှိပ်လိုက်ပါ။
  • “တည်နေရာနှင့် အကျယ်အဝန်း”ကို နှိပ်ပြီးရင်တော့ ကိုယ့်စိုက်ခင်းရဲ့ ဧကအကျယ်အဝန်းကို စတင်တိုင်းတာလို့ ရပါပြီ။

မြေပုံကို နှိပ်လိုက်ပြီး တိုင်းတာနည်း (၃)နည်းနဲ့  ရွေးချယ် တိုင်းတာနိုင်ပါတယ်။

 (၁) Pin နေရာသာ ထောက်ထားပြီးတိုင်းနည်း

ဒီနည်းဟာ မြေပုံကနေ မိမိစိုက်ခင်းတည်နေရာကို ရှာပြီး အမှတ်မှတ်ရုံသာ ဖြစ်ပါတယ်။

ညာဘက်ထိပ်‌ဒေါင့်မှာရှိတဲ့ “လက်ရှိမိမိတည်နေရာသို့” ကို နှိပ်လိုက်တာနဲ့ မြေပုံက မိမိရဲ့ လက်ရှိ‌ရောက်နေရာ တည်နေရာကို ပြသပေးပါတယ်။

တကယ်လို့ မိမိစိုက်ခင်းက မိမိလက်ရှိတည်နေရာမှာ မဟုတ်နေဘူးဆိုရင်တော့  မြေပုံကနေ ရှာယူပြီး မှတ်လို့ ရပါတယ်။

နောက် အမှတ်ထောက်လိုက်တာနဲ့ “အတည်ပြု” လို့ ပေါ်လာပါမယ်။ “အတည်ပြု”ကို နှိပ်ပြီးရင်တော့ မိမိစိုက်ခင်းတည်နေရာကို တိုင်းတာပေးသွားမှာဖြစ်ပါတယ်။

(၂) လက်ထောက်တိုင်းတာနည်း

ဒီနည်းကတော့ မြေပုံပေါ်ကနေ မိမိစိုက်ခင်းကို ရှာပြီး ဧကအကျယ်အဝန်းကို လက်ထောက်တိုင်းတာ,နိုင်တာ ဖြစ်ပါတယ်။ ကိုယ်ဘယ်နေရာဘဲ ရောက်နေ၊ ရောက်နေ ရောက်တဲ့အရပ်ကနေ တိုင်းတာလို့ရတာ ဖြစ်ပါ တယ်။

ညာဘက်ထိပ်‌ထောင့်မှာရှိတဲ့ “လက်ရှိမိမိတည်နေရာသို့” ကို နှိပ်လိုက်တာနဲ့ မိမိရဲ့ လက်ရှိ‌ရောက်နေရာ တည်နေရာကို ပြသပေးပါတယ်။

တကယ်လို့ မိမိစိုက်ခင်းက မိမိလက်ရှိတည်နေရာမှာ မဟုတ်ဘူးဆိုရင်  မြေပုံကနေ ရှာယူပြီး မှတ်လို့ ရပါတယ်။

ပြီးရင်တော့ မြေပုံပေါ်မှာ မိမိစိုက်ခင်းအကျယ်ကို အမှတ်ထောက်ပြီး “တိုင်းတာမည်” ကို နှိပ်ရပါမယ်။ အကယ်လို့ အမှတ်ထောက်တာ မှားနေတယ်ဆိုရင်လည်း အမှတ်ကို ကြာကြာနှိပ်ပြီး ပြန်ဖျက်၊ ပြန်မှတ်လို့ ရပါတယ်နော်။

 “အတည်ပြု”ကို နှိပ်လိုက်တာနဲ့ ကိုယ့်စိုက်ခင်းဧကအကျယ်ကို သိနိုင်မှာ ဖြစ်ပါတယ်။

(၃) ကန်သင်းလမ်းလျှောက်၍ တိုင်းတာနည်း

ဒီနည်းကတော့ မြေပြင်မှာ ဖုန်းလေးကိုင်ပြီး မိမိစိုက်ခင်းအကျယ်အဝန်းကို အတိအကျတိုင်းတာလို့ ရတာ ဖြစ်ပါတယ်။

ညာဘက်ထိပ်‌ဒေါင့်မှာရှိတဲ့“လက်ရှိမိမိတည်နေရာသို့” ကို နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ လက်ရှိ‌ရောက်နေရာ တည်နေရာကို ပြသပေးပါတယ်။

ပြီးရင်တော့ “ကန်သင်းလမ်းလျှောက်၍ တိုင်းတာမည်” ဆိုတာကို ရွေးလိုက်ပါ။ ပြီးရင်တော့ ဖုန်းလေးကိုင်ပြီး လယ်ကန်သင်းပတ်လည်ကို လမ်းလျှောက်လိုက်တာနဲ့  မိမိလယ်ဧကအကျယ်အဝန်း ပေါ်လာမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ “တိုင်းတာမည်” ကို နှိပ်ပြီး “အတည်ပြု”ကို နှိပ်လိုက်ပါ။

ကန်သင်းလျှောက်တိုင်းတာနည်း Video ကြည့်ရန်...

https://www.youtube.com/watch?v=X68vnjsxGsE

ဒီနည်းလေးရဲ့ အားသာချက်အနေနဲ့ကတော့ မိမိတို့လယ်တွေက အဖြောင့်အမဟုတ်ဘဲ အကွေ့အကောက်တွေ ရှိမယ်ဆိုရင်လည်း အကွေ့အကောက်တွေအတိုင်း လမ်းလျှောက်လိုက်တာနဲ့ လမ်းလျှောက်တဲ့ နောက်ကနေ လိုက်ပြီး တိုင်းပေးနေတာ ဖြစ်ပါတယ်။ ဆိုတော့ အကျယ်အဝန်းကို အတိအကျ ဖော်ပြပေးနိုင်တာ ဖြစ် ပါတယ်။ ဒီတော့ ကိုယ့်စိုက်ခင်းက ဘယ်လိုပုံစံဘဲ ဖြစ်နေဖြစ်နေ ဒီစနစ်လေးက အလွယ်တကူနဲ့ပဲ  မိမိလယ်ကွက်အကျယ်အဝန်းကို တိုင်းပေးနိုင်တာဖြစ်ပါတယ်။

စိုက်ခင်းမှာ သွင်းအားစုတွေကို တွက်ချက်သုံးချင်လို့ပဲဖြစ်ဖြစ်၊ ရိတ်သိမ်းခြွေလှေ့စက်သမားတွေနဲ့ အငြင်း မပွားလိုတာဖြစ်ဖြစ်၊ ဆန်းသစ်တဲ့ နည်းပညာတွေ အသုံးပြုချင်လို့ပဲဖြစ်ဖြစ် မိမိစိုက်ခင်းအကျယ်အဝန်း အတိအကျသိထားမယ်ဆို အရမ်းအသုံးဝင်မှာပါနော်။

ကဲ.. ဒီတော့.. မိတ်ဆွေတောင်သူဦးကြီးတို့အနေနဲ့လည်း အစိမ်းရောင်မှတ်တမ်းလေးထဲက မြေဧကတိုင်း နည်းလေးကို လက်တွေ့အသုံးချပြီး အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင့်။

ဆက်လက်ပြီးလည်း တောင်သူဦးကြီးတို့ တောင်းဆိုတဲ့ အသစ်သစ်သော features များကို အစိမ်းရောင်လမ်း မှ ဆက်လက် ဖန်တီးပေးနိုင်အောင် ကြိုးစားလျက်ရှိပါတယ်ရှင့်။

တောင်သူဦးကြီး ဒေါ်ကြီးများအားလုံး သီးနှံအထွက်တိုးပြီး ဝင်ငွေတိုးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်