ခိုင်တိုစန် အကျိုးကျေးဇူး နှင့် ပြုလုပ်ပုံ အဆင့်ဆင့်

09/01/2018 11:19 AM တွင် KoWaiAung KoWaiAung မှ ရေးသား

ခိုင်တိုစန်သည်  အင်္ဂလိပ်စကား     khitosan ဖြစ်သည်။   Chitin ခိုင်တင်ဓာတ်ကို အက်ဆစ် ဖယ်ထုတ်ခြင်းနည်း ဟုခေါ်သော ဓာတ်ပေါင်းကို ဖယ်ထုတ်ခြင်းနည်းဖြင့် Chitosan ကို ရရှိသည်။ ခိုင်တင်ဓာတ်ပေါင်းမှတဆင့် ဓာတ်ပြုမှုတချို့ ပြုလုပ်ရာမှ ခိုင်တိုစန်(ယခုကျနော်တို့ အသုံးပြုသော)ကိုရရှိသည်။  ခိုင်တင်ဓာတ်ကို ရေနေ အခွံမာကောင်းများ ဂဏန်း၊ ပုဇွန်၊ ခရု၊ ကမာ၊ ပြည်ကြီးငါး၊ ရေဘဝဲ၏ အခွံများ၊ အတွင်းခွံနှင့် အတွင်းသားအမာခံများတွင် လည်းကောင်း တွေ့ရှိရသည်။ အင်းဆက်များ၏ အခွံ၊ တောင်ပံ၊ ကိုယ်အစိတ်အပိုင်းများနှင့် မှိုများ၏ ဆဲလ်နံရံများတွင်လည်း တွေ့ရှိနိုင်သည်။ စီးပွားဖြစ် ထုတ်ယူလျှက်ရှိသော ခိုင်တင်ဓာတ်မှာ လယ်ဂဏန်း၏ အခွံမာမှ ဖြစ်သည်။

ခိုင်တိုစန်ကိုများစွာသော ရည်ရွယ်ချက်များဖြင့် သုံးစွဲနေကြသည်။  စားသောက်ကုန်လုပ်ငန်းများ ၊ဝိုင်အရက် ၊အလှကုန်သုံးဆိုင်ရာ၊ ဓာတုဆေးဝါးဆိုင်ရာ၊ ဇီဝဆေးဘက်ဆိုင်ရာ၊ ရေသန့်စင်ခြင်းဆိုင်ရာ၊ စိုက်ပျိုးရေးသုံးစသဖြင့်အသုံးပြုလျှက်ရှိ သည်။ အဝလွန်ရောဂါ ၊ ကိုလက်စထရော မြင့်ခြင်း ရောဂါ၊  ကျောက်ကပ်ရောဂါ၊ အိပ်မပျော်ရောဂါ၊ သွားခံတွင်းဆိုင်ရာ စသည်တို့ကို ခိုင်တင်ကိုအသုံးပြုပြီး အဆင့်မြင့် နည်းပညာဖြင့် ကုုသလျက်ရှိသည်။ ဆေးဝါးများ၏အပြင်ခွံကို ခိုင်တင်ကို အသုံးပြု  ထုတ်လုပ်မှှု လည်းရှိသည်။

ခိုင်တိုစန်ကို စိုက်ပျိုးရေးတွင် တွင်ကျယ်စွာသုံးနေကြသော်လည်း တောင်သူများ အနေဖြင့်သိရှိမှု နည်းပါးကြသည်။ နိုင်ငံခြားမှ တင်သွင်းလာသော ခိုင်တိုစန်ဆေးများမှာ တံဆိပ်ပုံစံအမျိုုးမျိုးဖြင့်  ဈေးကြီးသော်လည်း  လယ်ယာသီးနှံအတွက် ကောင်းမယ်ထင်ပြီး ဝယ်သုံးကြသည်။

ခိုင်တိုစန်၏ အကျိုးကျေးဇူးများမှာ

၁။ အပင် ခုခံအားကောင်းပြီး ပင်ညှိုးရောဂါ/မြစ်ပုပ်ရောဂါ ၊ မီးခိုးမှိုရောဂါ၊  နှောင်းပင်နာကျရောဂါ/ ဖိုင်တိုသိုရာမှိုရောဂါ၊ ဖားဥမှိုရောဂါ၊ မှိုစက်ပြောက်ရောဂါအပြင် အမြစ်နီမတုတ် ရောဂါကိုလည်း ကာကွယ်သည်။

၂။ ဖျက်ပိုး၊ အင်းဆက်၊ ဗိုင်းရပ်စ်၊ မြေအောင်းပိုးရောဂါ များကို ကာကွယ် ခုခံနိုင်စွမ်း ရှိသည်။

၃။  မျိုးစေ့စိမ်ရာတွင် အသုံးပြုခြင်းဖြင့်လည်း အပင်ပေါက်အားကောင်းပြီး အမြစ်ထွက်နှုန်းကောင်း စေ သည်။ အပင်ကြီးထွားနှုန်းကို ပိုမိုစေသည်။

၄။      ရွက်ဖြန်းအဖြစ် အသုံးပြုရာတွင် အရွက်၊ အပွင့်၊ အဖူး၊ အသီးတို့ အပေါ်တွင် ပါးလွှာသော ဖယာင်းလွှာ အသွင် ဖြစ်စေပြီး ပြင်ပမှှရောဂါ ဖျက်ပိုးတို့ကို ကာကွယ်ပေးသော ဒိုင်းကဲ့သို့ ဖြစ်စေသည်။

၅။ အလင်းဖြစ် အစာချက်ခြင်း ဖြစ်စဉ်ကို အားမြှင့်ကူညီပေးသောကြောင့်   အပင်ကြီးထွားနှုန်း၊  အသီးတင်နှုန်း မြင့်မားစေသည်။

၆။ မြေပြင်ရာတွင် အသုံးပြုခြင်းဖြင့် မြေဆီလွှာ အဏုဇီဝတို့နှင့်ဇီဝဖြစ်စဉ်တို့ကို့ တိုးတက် ကောင်းမွန်စေသောကြောင့် အပင်အတွက် လိုအပ်သော  အာဟာရများ ပေးစွမ်းစေရန် ကူညီပေးသည်။

၇။ မြေဆီလွှာတွင် ခိုင်တိုစန်များ ပေါများနေခြင်းကြောင့် မြေဆီလွှာတွင် အာဟာရချို့တဲ့မှု နောက်ဆက်တွဲ အပင်ရောဂါဖြစ်စေနိုင်မှုများကို လျော့ပါးစေသည်။

၈။     ခိုင်တိုစန်  ရွက်ဖြန်းအသုံးပြုခြင်းဖြင့် အသီး  ၊ အပွင့်၊ သက်တမ်းကို ကြာရှည်ခံစေသောကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသည်။

           အကျိုးကျေးဇူး များလှသော ခိုင်တိုစန်ကို မည်သို့မည်ပုံ ပြုလုပ်သည်ကို သိရှိသင့်ပေသည်။        ခိုင်တင်ဓာတ်ရှိသော ရေနေ အခွံမာ၊ အင်းဆက်၊ မှိုတို့သည်ပျက်စီးရာမှ တဖြည်းဖြည်းဆွေးမြေ့ပီး  သဘာ၀ အဏုဇီ၀ အင်ဇိုင်းများကအဆင့်ဆင့် ချေဖျက်ဓာတ်ပြုကြခြင်းဖြင့် ခိုင်တိုစန်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းကို ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြသည် ။ ဖြစ်စဉ်သည် အချိန်ကာလအလိုက် ကြာမြင့်လွန်းပြီး တခြားသော ဓာတ်ပေါင်းများသို့လည်းကူးပြောင်းနိုင်သောကြောင့် လူပြုပြင်နိုင်သော နည်းကို ရှာဖွေရပေမည်။ ခိုင်တင်မှသည် ခိုင်တိုစန်သို့ ဓာတ်ပြုပြောင်းလဲခြင်းတွင် ဓာတုနည်း  ဇီဝနည်းအားဖြင့့်၂မျိုးတွေ့ရှိရသည်။ စီးပွားဖြစ်ထုတ်လုပ်လျက်ရှိသောနည်းမှာ ဓာတုနည်းဖြစ်သည် ။ တောင်သူများ ပိုပြီး အဆင်ပြေသောနည်းမှာ ဘေးကင်းသော ဇီဝနည်းဖြစ်သည်။

ဓာတုနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၁

 

ဓာတုနည်းဖြင့် ပြုလုပ်ခြင်းသည်ဆိုဒါ အက်ဆစ်များ အပူများကို ကိုင်တွယ်ရသောကြောင့် ကိရိယာ စုံလင်မှုရှိရန်  လိုအပ်ရုံမျှမက    မိမိကိုင်တွယ်သော   အရာတို့၏   ဘေးဥပဒ်ကိုလည်း  သိရှိ နားလည်ပြီး ဖြစ်ရန် လိုသည်။

  လိုအပ်သောအရာများ

  ဂဏန်းခွံ၁၀၀ဂရမ် 

4 % HCl  (ဟိုက်ဒရို ကလိုရစ် အက်ဆစ် ၄ ရာခိုင်နှုန်း) ၁၄၀၀ ဂရမ် ( ၁. ၄လီတာ)

5% NaOH (ကော့စတစ် ဆိုဒါ ၅ ရာခိုင်နှုန်း) ၁၂၀၀ ဂရမ် (၁. ၂ လီတာ)

70% NaOH (ကော့စတစ် ဆိုဒါ ၇၀ ရာခိုင်နှုန်း) ၁၄၀၀ ဂရမ် (၁. ၄ လီတာ)

အလေးချိန်ရန်ချိန်ခွင်တိုင်းတာရန် ခွက်၊ ပိုက်စသည်၊ အပူပေးရန် မီးဖို (အပူချိန်ပါ ကြည့်နိုင်သော)

၁။ အခန်းအပူချိန်တွင် (ဂဏန်းအခွံအတွင်းမှ ဂဏန်းအသားတို့ ဖယ်ပြီးသား) အခွံများ ၁၀၀ ဂရမ် (၆ကျပ်သား ဝန်းကျင်) ကို ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၄ ရာခိုင်နှုန်း  ၁. ၄ လီတာတွင် ၃၆ နာရီ စိမ်ပါ။ ပြီးလျှင် ရေသန့်ဖြင့် ဆေးပြီး အခွံများကို ဆယ်ယူပါ။ (ကယ်စီယမ် ကလိုရိုဒ်ကဲ့သို့ minerals ဓာတ်ဆားများကို သန့်စင်သောအဆင့်ဖြစ်သည်။)

၂။ မီးဖိုထဲတွင် ၉၀ ဒီဂရီစင်တီဂရိတ် အပူချိန်တွင် ချိန်ပြီး ကော့စတစ် ဆိုဒါ ၅ ရာခိုင်နှုန်း ၁. ၂ လီတာတွင် ဂဏန်းခွံများကို ၂၄ နာရီ စိမ်ပါ။ ပြီးနောက် ရေသန့်ဖြင့် ဆေးပြီး အခွံများကို ဆယ်ယူပါ။ နေဖြင့် အခြောက်ခံပါ။ (ပရိုတိန်းများကို ဖယ်သောအဆင့်ဖြစ်သည်။ ယခုအဆင့်တွင် သန့်စင်သော ခိုင်တင်ကို ရရှိသည်။)

၃။ အခန်း အပူချိန်တွင်ပင်  ရရှိသော    ခိုင်တင်ကို    ခိုင်တိုစန်အဖြစ်  ပြောင်းရန် ကော့စတစ်  ဆိုဒါ ၇၀ ရာခိုင်နှုန်း ၁.၄ လီတာတွင် ၇၂ နာရီ စိမ်ပါ။ မကြာမကြာ မွှေပေးပါ။ ပြီးနောက်ရေသန့်ဖြင့် ဆေး ပြီး  အခွံများကိုစစ်ပြီးဆယ်ယူပါ။ နေဖြင့် အခြောက်ခံပါ။ ခိုင်တိုစန်  သန့်စင်နှုန်း ၇၀% ဝန်းကျင်ကို ရရှိပေမည်။ မိမိရရှိသော ကုန်ကြမ်း ပြုလုပ်မှု သေသပ်မှု စသည့်အချက်များ ပေါ်မူတည်သည်။   ရေရှည် ထိန်းသိမ်းထားရန်အတွက် ရေသန့်ဖြင့် ၂% ခိုင်တိုစန်ကို ရောစပ်ထားရှိရမည်။ နောက်ဆုံး ရရှိသော ခိုင်တိုစန်ကို ရေသန့်အဆ ၃၀ မှ ၅၀ ခန့်ရောစပ်ထားရှိ ရမည်။ ရေသန့်အစား   ရှာလကာရည်ကို  သုံးလျှင် ပိုအကျိုးထူးသည်။

အထက်ပါ နည်းစနစ်သည်စက်ရုံသုံးနည်းဖြစ်သည်။

ဓာတုနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၂

၁။ အတွင်းသား ဖယ်ထုတ်ထားသော ဂဏန်းခွံများကို ရှာလာကာရည် (ဗီနီဂါ) တွင် ၁ ရက်မှ ၂ ရက်ခန့် စိမ်ပါ။ အခွံများကို စစ်ယူပြီး နေဖြင့် အခြောက်လှန်းပါ။

၂။  အခြောက်လှန်းထားသော   အခွံများကို  ကော့စတစ် ဆိုဒါ   ပြင်းအား အနည်းဆုံး       ၄၀% ရှိ သော အရည်ထဲတွင် ၁၀၀  ဒီဂရီစင်တီဂရိတ် ရအောင်အပူပေးပါ။  ပြုလုပ်ရန် ခက်ခဲသူများအတွက် ဆိုဒါပြင်အားများသော အရည်ထဲတွင် ရက်ပေါင်း ၂၀ မှ ၃၀ နီးပါး နေပူထဲ ထားရှိခြင်းဖြင့်လည်း ခိုင်တိုစန်ကို ရရှိနိုင်ပါသည်။ စွမ်းအား အနည်းငယ် လျော့နည်းနိုင်သော်လည်း ဘေးကင်းသော နည်းဖြစ်သည်။ တစ်လခန့် စိမ်ပြီး စစ်ယူ ဆယ်ယူပြီး နေလှန်း အခြောက်ခံပါ။

၃။ နောက်ဆုံးရရှိလာသော ခိုင်တိုစန်သည် ရှာလကာရည်တွင်ကောင်းစွာ ပျော်ဝင်ပြီ ဖြစ်သည်။ သိမ်းဆည်းထားလိုပါက ရှာလကာရှည် အဆ ၂၀ မှ ၃၀ ခန့်ရောစပ်နိုင်သည်

ဖော်ပြပါ နည်းလမ်း ၂မျိုးမှ ရရှိသော ခိုင်တိုစန် အရည်ကို ရွက်ဖြန်းအနေဖြင့် ရေ ၄ ဂါလံတွင် ၁၀၀ စီစီ ခန့် ရောစပ်ဖြန်းနိုင်သည်။

ဇီဝနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၃

၁။     အတွင်းသား ဖယ်ထုတ်ထားသော ဂဏန်းခွံများကို နေပူတွင် ၁ ရက် ၂ရက်ခန့် အခြောက်ခံပါ။

၂။ အရမ်းစိုစွတ်လျှင် သို့မဟုတ် ထောင်းရလွယ်ကူစေရန် နာရီဝက်ခန့် မီးဖုတ်နိုင်သည်။       ခြောက်နေသော အခွံများကို မောင်းဆုံတွင်မှုန့်များ ဖြစ်သည်အထိထောင်းရမည်။ ကြိတ်စက် နှင့်လည်း  ကြိတ်နိုင်သည်။

၃။ ၁ မီလီမီတာ အရွယ်ထက် သေးငယ်သော အမှုန်များဖြစ်ပါက ၎င်းကို အီးအမ်-၁(လှုပ်ရှားအီးအမ် Activated EM) အသင့်ပြုလုပ်ပြီးသား အရည်ဖြင့် စဉ့်အိုးတွင် ရောစပ်ရမည်။

ရောစပ်ရမည့် အချိုးမှာ ဂဏန်းခွံ အမှုန် ၁ ပိဿာခန့်တွင် အီးအမ်-၁ ၂ လီတာခန့်၊ သကာ အချိုရည် ၁ လီတာ၊ ရေသန့် ၂ လီတာတို့ကို ရောစပ်မွှေပါ။ စဉ့်အိုး၏ တစ်ဝက်ခန့် လေဟာနယ် ဖြစ်ပါစေ။ ၂ ရက် ၃ ရက်ခန့်တွင် မျက်နှာပြင် အထက်သို့ ပူစီဖောင်းများ ဆက်တိုက် ထွက်လာပေမည် ။၂ ရက်တစ်ခါ အိုးကို မွှေပေးနေရမည်။  ပြုလုပ်နေစဉ် အတောအတွင်း ပလက်စတစ် အိတ်မဲဖြင့် စဉ့်အိုးကို လုံစွာစည်းထားရမည်။  မွှေရန် စတီးတုတ်ချောင်း  သို့မဟုတ်  သန့်စင်သော တုတ်ချောင်းတို့ကို  အသုံးပြုပါ။ ပူစီဖောင်းထွက်ခြင်း မရပ်မချင်း ထားရန် လိုအပ်သည်။  အနည်းဆုံး တစ်လမှ ၂ လ အကြာတွင် ခိုင်တိုစန် ဖြစ်ပေါ်ပြီး သုံးရန် အသင့်ဖြစ်သည်။ ရေ ၄ ဂါလံတွင် ခိုင်တိုစန် အရည် ၅၀ - ၁၀၀ စီစီ ရောစပ်ဖြန်းနိုင်ပါသည်။

အထက်ပါ ဇီဝနည်းဖြင့် ခိုင်တိုစန် ပြုလုပ်နည်းတွင် အရေးကြီးသော ဇာတ်ကောင်မှာ အီးအမ်ဖြစ်သည်။ အချိုရည်သည် အီးအမ် အကျိုးပြုအဏုဇီဝတို့ ကောင်းစွာရှင်သန်စေရန် အထောက်အပံ့ဖြစ်သည်။  အီးအမ်တို့မှ ထွက်သောအင်ဇိုင်းတို့သည် သဘာဝနည်းထက် ပိုမို လျင်မြန်စွာ   ခိုင်တင်မှ ခိုင်တိုစန် အဖြစ်သို့ ပြောင်းလဲပေးကြသည်။

ကိုးကား။ ။

http://www.ijens.org/Vol%2011…/110201-8484%20IJBAS-IJENS.pdf

http://www.webmd.com/vita…/ingredientmono-625-chitosan.aspx…

http://www.ncbi.nlm.nih.gov/pmc/articles/PMC2866471/

http://www.bestchitosan.com/html_info/For-Agriculture-7.html

http://www.agricultureinformation.com/…/56725-chitosan-agri…

http://www.sciencedirect.com/…/article/pii/S0079670006000530

https://en.wikipedia.org/wiki/Chitin

https://en.wikipedia.org/wiki/Chitosan

http://www.ehow.com/how_8593488_make-chitosan.html

http://theunconventionalfarmer.com/recipes/bloom-fertilizer/

http://chifert.weebly.com/

မိမိ၏ လက်တွေ့စမ်းသပ်ချက်များ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်