မိုးစပါးစိုက်ပျိုးနည်းအလိုက် စနစ်မှန်ရေး

06/07/2020 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မိုးစပါးကို စတင်စိုက်ပျိုးတော့မည်။ ဘယ်နည်းစနစ်နှင့်စိုက်ပါလို့ ကျွန်တော်မပြောလိုပါ။ အထွက်ကြောင့်မဟုတ်ဘဲ အခြေအနေအရ သင့်တော်ရာနည်းစနစ်ကို တောင်သူလယ်သမားအများစုမှာ လုပ်ကိုင်နေကြရလို့ဖြစ်ပါသည်။ ဥပမာ−လုပ်သားရှားပါးလို့၊ ကုန်ကျစရိတ်သက်သာစေဖို့၊ အလျင်အမြန်ပြီးစီးအောင်လို့ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပျိုးတာတွေ မြင်တွေ့နေရသည်။ အချို့မှာ ရေနေရေထိုင်ကောင်းလွန်းလို့၊ ရှေ့သီးနှံရိတ်သိမ်းပြီးစီးအောင် စောင့်ရမှာမို့ မိုးစပါးစိုက်ချိန်နောက်မကျစေဖို့ ကြိုတင်ပျိုးထောင်ထားကာ  ကောက်စိုက်မှသာ အဆင်ပြေမည်ဖြစ်သည်။ သူ့အကြောင်းနှင့် သူဖြစ်ပါသည်။

    ယေဘုယျအားဖြင့်တော့ နည်းစနစ်နှစ်မျိုးသာရှိသည်။ ပျိုးထောင်ကောက်စိုက်တာနှင့် ပျိုးမထောင်ဘဲ တိုက်ရိုက်မျိုးစေ့ချတာဖြစ်သည်။ ထပ်မံ၍ လုပ်ကိုင်မှုအပေါ်မူတည်ပြီး အမျိုးမျိုးထပ်ကွဲသွားပြန်သည်။

     ပျိုးထောင်ကောက်စိုက်တာမှာ အက်စ်အာအိုင်၊ ပေါင်ပျိုးစနစ်၊ ရိုးရိုးစနစ်စသည်နှင့် စက်စိုက်တို့ ဖြစ်ပါမည်။ 

    တိုက်ရိုက်မျိုးစေ့ချတာမှာတော့ အခြောက်ထွန်ရေး အခြောက်မျိုးစေ့ချစနစ်၊ အစိုတမန်းပြင်မျိုးစေ့ချစနစ်ဆိုပြီး နှစ်မျိုးတွေ့နိုင်ပါမည်။ တဖန် အစိုတမန်းပြင်မျိုးစေ့ချရာမှာလည်း မျိုးစေ့ကိုကြဲပက်စိုက်ပျိုးတာ၊ မျိုးစေ့ကို မျိုးစေ့ချကရိယာနှင့် မျိုးစေ့ချတာ၊ ကြိုးတန်းဆွဲပြီး လက်ဖြူးချတာ၊ လက်စုချတာ အမျိုးမျိုးစုံပါသည်။

    နည်းစနစ်တိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိပါသည်။ အားနည်းချက်မဖြစ်ပေါ်စေရေး စပါးစတင်စိုက်ပျိုးမည့် ယခုအချိန်ကာလတွင် စပါးစိုက်ပျိုးနည်းစနစ်အလိုက် အလေးထားဆောင်ရွက်ရန် လိုအပ်မှုများကို အသိပေးလိုပါသည်။

ပျိုးထောင်ကောက်စိုက်စပါး

    ပျိုးခင်းဧရိယာကို စိုက်ခင်းဧရိယာ၏ ၁၀ ပုံ ၁ ပုံ ထားရှိဆောင်ရွက်ပါ။ ပျိုးခင်းကို ထွန်ရေးပြုပြင်ရာတွင် တမန်းကောင်းအောင်ပြုပြင်ပါ။ အရေးကြီးသည်မှာ ပျိုးခင်းတမန်းမျက်နှာပြင်သည် ညီညာနေဖို့လိုသည်။ သို့မှသာ ရေနေရေထိုင်နှင့် ရေထိန်းသိမ်းမှု ကောင်းမွန်မည် ဖြစ်ပါသည်။ ထို့ပြင် ပျိုးခင်းအတွင်း ရေထုတ်မြောင်းများ ဖေါ်ပေးထားပါ။ သို့မှသာ ပျိုးခင်းမှရေများကို လိုအပ်သလို အလွယ်တကူထုတ်နိုင်ရန် ဖြစ်ပါသည်။

    ပျိုးခင်းတွင် ပျိုးကြဲမည့် စပါးမျိုးစေ့များကို ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ်ပြီး စာပါးစပ်ပြူမျိုးစေ့များ ရရှိလာအောင် ဆောင်ရွက်ပါ။ ပျိုးကြဲရာတွင် ပျိုးခင်းအတွင်း မျိုးစေ့များကို တမန်းမျက်နှာပြင်ရှိရေပေါ်တွင် အထူအပါးညီညာအောင်ကြဲပါ။ သို့မှသာ သန်စွမ်းသောပျိုးပင်များကို ရရှိမည်ဖြစ်ပါသည်။

    စိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာနှစ်မျိုးလုံးကို နောက်ဆုံးထွန်ရေးမတိုင်မီတွင် ထည့်သွင်းပါ။ 

    သက်လျင်နှင့် သက်လတ်စပါးမျိုးများကို ပျိုးသက် ရက် ၂၀ မှ ၃၀ ရက်သားတွင် ရွှေ့စိုက်ပါ။ သက်ကြီးစပါးမျိုးများကို ပျိုးသက်ရက် ၂၀ မှ ရက် ၄၀ တွင် ရွှေ့စိုက်ပါ။

    စိုက်ပျိုးသည့်အခါ စိုက်ခင်းတမန်းပြင်ပေါ် ရေရှိသောအခြေအနေတွင် အတန်းလိုက်စိုက်ပျိုးပါ။ သို့မှသာ ကောက်ကွက်လျော့နည်းခြင်းမရှိအောင်နှင့် အပင်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

    ပျိုးထောင်ကောက်စိုက်စပါးခင်းတွင် ရေကို အမြဲထိန်းသိမ်းထားပါ။ သို့မှသာ ပေါင်းမြက်များ ပေါက်ရောက်လာခြင်းကို ကာကွယ်ရာရောက်မည် ဖြစ်ပါသည်။

အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစပါး

    ထွန်ရေးပြုပြင်ရာတွင် တမန်းကောင်းအောင်ပြုပြင်ပါ။ အရေးကြီးသည်မှာ စိုက်ခင်းတမန်းမျက်နှာပြင်သည် ညီညာနေဖို့လိုသည်။ သို့မှသာ ရေနေရေထိုင်နှင့် ရေထိန်းသိမ်းမှု ကောင်းမွန်မည် ဖြစ်ပါသည်။

    မျိုးစေ့ချစိုက်ပျိုးမည့် စပါးမျိုးစေ့များကို ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ်ပြီး စာပါးစပ်ပြူမျိုးစေ့များ ရရှိအောင် ဆောင်ရွက်ပါ။

    ကြဲပက်စိုက်ခင်းဖြစ်ပါက တစ်ဧကလျှင် စပါးမျိုးစေ့ ၂ တင်းနှုန်း အသုံးပြုရန်ပါ။ အတန်းလိုက် လက်ဖြင့်မျိုးစေ့ချခင်း၊ မျိုးစေ့ကရိယာအသုံးပြု၍ မျိုးစေ့ချခြင်းတို့ဆောင်ရွက်ပါက မျိုးစေ့နှုန်းလျော့နည်းနိုင်ပါသည်။

     မျိုးစေ့ကြဲပက်(သို့မဟုတ်)မျိုးစေ့ချပြီးချိန်တွင် တမန်းပြင်၌ရှိသည့်ရေကို လိုအပ်သလို ထုတ်ပစ်နိုင်ရန် စိမ့်မြောင်းများဖေါ်ထားပါ။ သို့သော် အစိုတမန်းပြင်ကို ခြောက်သွေ့သွားခြင်းမရှိအောင် ထိန်းသိမ်းထားပါ။ လိုအပ်ပါက ရေခပ်ပါးပါးသွင်းပေးနိုင်ပါသည်။ 

    ပုံသေထားရှိရန် ရေပေးသွင်းမှုကိုတော့ အပင်ပေါက်ပြီး ၁၀ ရက်မှ ၁၅ ရက်သား(သို့မဟုတ်) စပါးပင်အရွက် ၂ ရွက်မှ ၃ ရွက်ထွက်သည့်အချိန်တွင်မှ ပေးသွင်းပါ။

    မြေခံအဖြစ်ထည့်သွင်းမည့် မြေသြဇာများကို ပုံသေထိမ်းသိမ်းထားရှိမည့် ရေပေးသွင်းသည့်အချိန်တွင် ထည့်ပါ။

အခြောက်ထွန်ရေးတိုက်ရိုက်မျိုးစေ့ချစပါး

    ထွန်ရေးကောင်းအောင်ဆောင်ရွက်ပါ။ ထို့နောက် ကြမ်းရိုက်မြေညှိရန် လိုပါသည်။ မြေခံအဖြစ်ထည့်သွင်းမည့် မြေသြဇာအားလုံးကို နောက်ဆုံးထွန်ရေးမတိုင်မီအချိန်တွင် ထည့်သွင်းပါ။ ထို့နောက် နှံ့စပ်အောင် ထွန်မွှေပေးပါ။ သို့မဟုတ်ပါက စပါးအပင်ပေါက်ပြီး ၁၀ ရက်သားတွင်မှ စိုက်ခင်းအတွင်း ထည့်သွင်းရန် ဖြစ်ပါသည်။

    စပါးမျိုးစေ့အခြောက်ကို ပက်ကြဲပါ။ တစ်ဧကအတွက် ပက်ကြဲရန် မျိုးစေ့နှုန်းမှာ ၂ တင်းနှုန်း ဖြစ်သည်။ မျိုးစေ့ချစက်(သို့မဟုတ်) မျိုးစေ့ချထွန်တို့ကို အသုံးပြုပါက တစ်ဧကအတွက် မျိုးစေ့ကုန်ကျမှု ပိုမိုသက်သာစေသည်။ ထို့ပြင် မြေခံမြေသြဇာများကိုပါ မျိုးစေ့ချချိန်တွင် တပါတည်းချပေးနိုင်ပါသည်။

    ကြဲပက်လိုက်သောမျိုးစေ့များနှင့် တစ်ပြိုင်တည်းချသော မြေသြဇာများကိုပါ အားလုံးကို ထွန်ဖြင့် ခတ်ပါးပါးမောင်းကာ ဖုံးပေးပါ။

    စပါးမျိုးစေ့များအပင်ပေါက်ပြီး ၁၅ ရက်သားတွင်(သို့မဟုတ်) စပါးရွက် ၂ ရွက်ထွက်ချိန်တွင် ပုံသေထိန်းသိမ်းထားရှိရန် ရေပေးသွင်းမှုကို ဆောင်ရွက်ပြီး ရေထိန်းသိမ်းထားရန် ဖြစ်ပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်