ခရမ်းချဥ်ကို အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင် သိထားသင့်တဲ့ အချက် ၅ ချက်

06/09/2024 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နေအိမ် ခြံဝန်းအတွင်းမှာ ဟင်းသီးဟင်းရွက်အပင်တွေကို တနိုင်တပိုင် စိုက်ပျိုးထားရှိခြင်းဟာ ကုန်ကျစရိတ်သက်သာစေနိုင်သလို အစားအစာ ဘေးကင်းလုံခြုံမှုလည်း ရှိစေနိုင်တာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နေအိမ် ခြံဝန်းအတွင်းမှာ အများဆုံးစိုက်ပျိုးလေ့ရှိတာက ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေနဲ့ ဟင်းသီးဟင်းရွက်အပင်တွေပဲ ဖြစ်ပါတယ်။ အပင်တွေစိုက်ပျိုးဖို့ရာအတွက် မြေနေရာအလုံအလောက်မရှိတဲ့အခါ အိုးတွေနဲ့စိုက်ပျိုးခြင်းဟာ သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သို့ပေမဲ့ သီးပင်စားပင်တွေကို အိုးတွေနဲ့ စိုက်ပျိုးတာဟာ ပြင်ပစိုက်ခင်းတွေမှာ စိုက်ပျိုးတာနဲ့ အနည်းငယ်ကွာခြားမှု ရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်အပင်တွေကို အိုးနဲ့စိုက်ပျိုးတဲ့အခါ နေရောင်ခြည်ထိတွေ့မှုရရှိအောင်နှင့် ကြမ်းတမ်းသော ရာသီဥတုဒဏ်မှကာကွယ်ရန်အတွက် မတူညီသောနေရာများသို့ အလွယ်တကူရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။  ထို့အပြင် အပင်စိုက်ပျိုးထားတဲ့ မြေဆီလွှာအရည်အသွေးကို အပြည့်အဝထိန်းချုပ်နိုင်ပြီး အပင်များအတွက် အကောင်းဆုံးမြေဆီလွှာကို ရွေးချယ်နိုင်ကာ အပင်များကို ပိုမိုကျန်းမာသန်စွမ်း စေနိုင်ပါတယ်။  အိုးနဲ့စိုက်ပျိုးတဲ့ အပင်များဟာ မြေဆောင် ပိုးမွှားများနှင့် ရောဂါများကို ခံနိုင်ရည်နည်းပေမဲ့ အပင်ပိုးကျပါက သီးခြားခွဲကာ ကုသရန် ပိုမိုလွယ်ကူစေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ အိုးနဲ့စိုက်ပျိုးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်အပင်တွေထဲကမှ ခရမ်းချဥ်အပင်တွေကို အိုးနဲ့စိုက်ပျိုးတဲ့အခါ သိထားသင့်တဲ့ အချက် ၅ ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ အရွယ်အစားကြီးတဲ့ အိုး ကို အသုံးပြုစိုက်ပျိုးပါ

ခရမ်းချဥ်ပင်တွေကို အိုးနဲ့စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှု ရရှိစေဖို့အတွက် ပထမဆုံးလုပ်ဆောင်သင့်တဲ့ အရာကတော့ ခရမ်းချဉ်ပင်အတွက် လုံလောက်တဲ့ရေနဲ့ အာဟာရဓာတ်တွေ လက်ခံရရှိစေဖို့ အရွယ်အစားကြီးတဲ့ ပုံး (သို့မဟုတ်) အိုးတွေကို ရွေးချယ်အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အိုးနဲ့စိုက်ပျိုးမယ့် ခရမ်းချဥ်ပင်တွေမှာ အပင်တစ်ပင်အတွက် အနည်းဆုံး ၁ စတုရန်းပေကျယ်တဲ့ အိုးတစ်လုံး လိုအပ်တာဖြစ်ပြီး ၂ စတုရန်းပေရှိတဲ့ အိုး (သို့မဟုတ်) ပုံးတွေဆိုရင်တော့ ပိုပြီးကောင်းမွန်ပါတယ်။ မြင်သာအောင်ပြောရရင် ရေ ၅ ဂါလံ ဆန့်တဲ့ပုံးတွေဆိုရင်တော့ ပိုပြီးပြည့်စုံတဲ့ အရွယ်အစားဖြစ်ပါတယ်။ အမြစ်တွေဟာ အစိုဓာတ်ရရှိနေဖို့ လိုအပ်ပေမယ့်လည်း ရေဝပ်နေတာမျိုး မဖြစ်စေဖို့အတွက် အသုံးပြုမယ့် အိုး (သို့မဟုတ်) ပုံးတွေဟာ ရေဆင်းအားကောင်းဖို့ လိုအပ်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတာ ဖြစ်တဲ့အတွက် ရေစိမ့်ဝင်နိုင်မှုကောင်းဖို့နဲ့ အာဟာရရှိစေဖို့အတွက် အပေါ်ယံမြေသား ၁ လက်မခန့်ကိုတော့ သဘာဝမြေသြဇာ (သို့မဟုတ်) အရည်အသွေးကောင်းတဲ့ စပ်မြေတွေ ထည့်ပေးထားသင့်ပါတယ်။

၂။ ခပ်နက်နက် စိုက်ပါ

ဟင်းသီးဟင်းရွက် ပျိုးပင်အများစုကို အိုးတွေနဲ့စိုက်ပျိုးတဲ့အခါ တူညီတဲ့အတိမ်အနက်မှာ ထားရှိစိုက်ပျိုးကြပေမယ့် ခရမ်းချဥ်အပင်တွေကတော့ ခြွင်းချက်ပါပဲ။ ခရမ်းချဥ် ပျိုးပင်တွေကိုစိုက်ပျိုးတဲ့အခါ အောက်ခြေမှာရှိတဲ့ အရွက်အနည်းငယ်ကို ဖယ်ရှားပြီး ပုံမှန်ထက် အနည်းငယ်ပိုနက်အောင် တွင်းတူးပြီးစိုက်ပျိုးသင့်ပါတယ်။ အထူးသဖြင့် အပင်ရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ မြေအောက်မှာ ရှိသင့်တယ်လို့ ဆိုကြပါတယ်။ ခရမ်းချဥ် ပျိုးပင်တွေကို ခပ်နက်နက်စိုက်တဲ့အခါ ၎င်းတို့ရဲ့ မြေအောက်ကိုမြုပ်နေတဲ့ ပင်စည်အစိတ်အပိုင်းတစ်လျှောက်မှာ အမြစ်တွေထွက်ရှိလာမှာ ဖြစ်ပြီး ခိုင်မာတဲ့အမြစ်စနစ်နဲ့ ကျန်းမာသန်စွမ်းတဲ့ အပင်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

၃။ ရေကို တသမတ်တည်း ပုံမှန်လောင်းပေးပါ

ခရမ်းချဥ်ပင်တွေကို ရေလောင်းတဲ့အခါ တနေ့တာလုံး ရေဓာတ်ဖြည့်တင်းနိုင်ဖို့အတွက် မနက်ခင်းအစောမှာ ရေလောင်းပေးသင့်ပါတယ်။ ရေလောင်းတဲ့အခါ အပင်ပေါ်ကို လောင်းတာထက် မြေဆီလွှာကို တိုက်ရိုက်လောင်းပေးသင့်ပါတယ်။ အပင်တစ်ပင်လုံးကို ရေလောင်းတဲ့အခါ အရွက်တွေအပေါ်မှာ အစိုဓာတ်ရှိနေမှာဖြစ်တာကြောင့် မလိုလားအပ်တဲ့ မှိုရောဂါတွေ ကျ‌ရောက်လာနိုင်ပါတယ်။ မြေဆီလွှာမှာ အစိုဓာတ်ရှိနေဖို့ လိုအပ်ပေမယ့် ရေဝပ်မယ်ဆိုရင်တော့ အမြစ်ပုပ်တဲ့ ပြဿနာဖြစ်ပေါ်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။ နွေရာသီလို ပူပြင်းတဲ့ အချိန်တွေနဲ့ လေပြင်းတိုက်တဲ့ နေ့တွေမှာဆိုရင်တော့ ၁ ရက်လျှင် ၂ ကြိမ် ရေလောင်းပေးနိုင်ပါတယ်။ အကယ်လို့ ခရမ်းချဥ်အပင်ဟာ လိုအပ်တာထက် ရေနည်းနည်းလေးပဲ ရရှိမယ်ဆိုရင် အပင်ညှိုးနွမ်းပြီး အားပျော့လာကာ ခရမ်းချဥ်သီးပုပ်ခြင်း (ထိပ်ပုပ်၊ ဖင်မဲပုပ်) ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အကယ်လို့ ရေလောင်းတာ ပုံမှန်မဟုတ်ဘဲ နည်းလိုက် များလိုက် ဖြစ်တဲ့အခါမှာတော့ ခရမ်းချဥ်သီးတွေ ကွဲအက်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

၄။ အာဟာရကျွေးပါ

အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဟာ ပြင်ပစိုက်ခင်းတွေမှာ စိုက်ပျိုးထားတဲ့ အပင်တွေထက်ကို အာဟာရဓာတ်တွေ ပိုလိုအပ်ပါတယ်။ အထူးသဖြင့် ခရမ်းချဥ်ဟာ အာဟာရစားသုံးမှုများတဲ့ သီးနှံဖြစ်တာကြောင့် ၂ ပတ်လျှင် ၁ ကြိမ်ခန့် အာဟာရထည့်ပေးဖို့ လိုအပ်ပါတယ်။ အပင်တွေအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ရရှိအောင်ကျွေးပေးဖို့ လိုအပ်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတာကြောင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ အသုံးပြုနိုင်တဲ့ အသင့်သုံးစပ်မြေတွေကိုလည်း ထည့်ပေးနိုင်ပါတယ်။ အချို့သော စပ်မြေတွေကတော့ အာဟာရဓာတ် မျိုးစုံပါဝင်ပြီးသား ဖြစ်တာကြောင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ အကယ်လို့ စပ်‌မြေတွေမှာ ဓာတ်မြေသြဇာတွေ မပါဝင်ဘူးဆိုရင်တော့ ဘက်စုံသုံး အာဟာရဓာတ် ဖြေးဖြေးချင်းထုတ်လွှတ်ပေးတဲ့ မြေသြဇာ (slow-release fertilizer) တွေ အသုံးပြုနိုင်ပါတယ်။ သဘာဝနည်းလမ်းအနေနဲ့ဆိုရင် သောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေ၊ မြေဆွေးတွေကို ခရမ်းချဥ်အပင်တွေမှာ ထည့်ပေးနိုင်ပါတယ်။ ကော်ဖီအမှုန့်ကို အသုံးပြုခြင်းဖြင့် နိုက်ထရိုဂျင်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ကော်ဖီအမှုန့် လက်ဖက်ရည်ပန်းကန်လုံး ၅ - ၆ ခွက်ကို ရေ ၅ ဂါလံမှာ ရောမွှေပြီး ခရမ်းချဉ် အပင်ခြေတစ်ဝိုက်မှာ ကော်ဖီမှုန့်ဖျော်ရည် ၁ - ၂ ခွက် လောင်းပေးနိုင်ပါတယ်။

၅။ နေရောင်ခြည် ကောင်းစွာရရှိအောင် လုပ်ပေးပါ

ခရမ်းချဉ်အပင်တွေဟာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြား တစ်နေ့လျှင် အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ နေရောင်ခြည်အပြည့်အဝ ရရှိဖို့လိုအပ်ပါတယ်။ ခရမ်းချဥ်စိုက်ပျိုးထားတဲ့ အိုးတွေကို တစ်နေ့တာလုံး နေရောင်ခြည် ကောင်းစွာရရှိတဲ့နေရာမှာ ထားရှိစိုက်ပျိုးသင့်ပြီး အကယ်လို့ ရာသီဥတုအခြေအနေ ပြောင်းလဲခဲ့ပါက အလင်းရောင်ကောင်းစွာ ရရှိတဲ့နေရာကို ရွှေ့ပြောင်းပေးသင့်ပါတယ်။ ခရမ်းချဥ်အပင်တွေဟာ သဘာဝအရ ပူနွေးတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ အကယ်လို့ ပတ်ဝန်းကျင်အပူချိန်ဟာ တဖြည်းဖြည်း လျော့နည်းလာမယ်ဆိုရင်တော့ အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မယ့် နေရာမျိုးကို ရွှေ့ပြောင်းပေးသင့်ပါတယ်။ အကယ်လို့ အပူချိန်ဟာ ၃၂ ဒီဂရီစင်တီဂရိတ်အထက်ကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ အရိပ်ရအောင် အကာအကွယ်ပြုလုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်အရမ်းပြင်းတဲ့အခါမှာ ခရမ်းချဥ်ပင်ရဲ့ အပွင့်နဲ့ အသီး ဖြစ်ပေါ်မှုကို ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။

Ref: https://www.thespruce.com/tips-for-growing-tomatoes-in-containers-848216

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်