သီးနှံမျိုးစုံ စိုက်ပျိုးရေး (ပြောင်းဖူးနှင့် ပဲမျိုးစုံ)

11/05/2018 16:24 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တစ်သီးစားစိုက်ပျိုးခြင်းဖြင့် ရာသီဥတုနှင့် လူမှုစီးပွားအခြေအနေတွေ ပြောင်းလဲနေသော ဒီလို အချိန်ကာလတွင် လယ်ယာဖွံ့ဖြိုးဖို့ ခက်ခဲမည်လို့ ယူဆမိသည်။ တစ်သီးစားမှသည် သီးနှံမျိုးစုံ စိုက်ပျိုးရေးကို ကျွန်တော်အားပေး လိုသည်။ 

သီးနှံနှစ်မျိုးသုံးမျိုးကို တွဲဖက်၍ဖြစ်စေ တစ်မျိုးပြီးတစ်မျိုး စိုက်ပျိုး၍ဖြစ်စေ အကျိုးအမြတ်ဝင်ငွေ ရရှိရေးအ တွက် လယ်မှာဖြစ်စေ ယာမှာဖြစ်စေ ဆောင်ရွက်သင့်ပါသည်။

တွဲဖက်စိုက်ပျိုးသင့်သည့် သီးနှံနှစ်မျိုးကို ဖေါ်ပြလိုသည်။ ပြောင်းဖူးနှင့် ပဲမျိုးစုံဖြစ်ပါသည်။

ပြောင်းဖူးနှင့် ပဲမျိုးစုံတစ်မျိုးမျိုး တွဲဖက်တာကို စိုက်ပျိုးနည်းစနစ် ပညာရှင်တစ်ဦးအနေဖြင့် အလွန်ကြိုက်နှစ် သက်သည်လို့ ပြောလိုသည်။ 

“ ပြောင်းဖူးနှင့် ပဲမျိုးစုံသီးနှံနှစ်မျိုးကို မည်သို့တွဲဖက်မည်နည်း”

နည်းစနစ်သုံးမျိုးဖြင့် ပြောင်းဖူးနှင့်ပဲမျိုးစုံကို တွဲဖက်စိုက်ပျိုးနိုင်ပါသည်။ 

(၁) သီးညှပ်စိုက်ပျိုးစနစ် (Intercropping) 

(၂) သီးဆင့်စိုက်ပျိုးစနစ်(Relay cropping) နှင့် 

(၃)သီးလှည့်စိုက်ပျိုးစနစ်(Rotation) တို့ဖြစ်ပါသည်။ 

သီးညှပ်စိုက်ပျိုးနည်းစနစ်

ပြောင်းဖူးနှင့်ပဲမျိုးစုံကို မြေတစ်ကွက်တည်းပေါ်တွင် တစ်ပြိုင်တည်း စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်စိုက်တာ ဖြစ်ချင်ဖြစ်မည်။ ပြောင်းဖူးကို အတန်းလိုက်စိုက်တာ ဖြစ်ချင် ဖြစ်မည်။ သီးနှံနှစ်မျိုးလုံးကို သူ့အတန်းနှင့်သူ ဖြစ်ချင်လည်းဖြစ်မည်။ ရိတ်သိမ်းသည့်အခါ ရင့်မှည့်သည့်သီးနှံကို ရင့်မှည့်ချိန်တွင် ရိတ်သိမ်း ရန်ဖြစ်သည်။ 

သီးနှံနှစ်မျိုးလုံး စိုက်ချိန်တူသော်လည်း ရိတ်သိမ်းချိန် တူချင်မှတူပါမည်။ ဒါက သီးညှပ်စိုက်ပျိုး နည်းစနစ်၏ သဘောသဘာဝ။

“ အထွက်ဘယ်လိုနေမလဲ၊ အကျိုးအမြတ်ဘယ်လိုရှိမလဲ”

အကျိုးအမြတ်က အဓိကဖြစ်သည်။ ရှေးယခင်ကပင် ပြောင်းဖူးနှင့်ပဲမျိုးစုံ သီးညှပ်စိုက်ပျိုးစနစ်ကို  လက်တင် အမေရိက၌ ကုန်းမြင့်တောင်ပေါ် မြေယာရှားပါးသည့် ဒေသများတွင် တွေ့ရသည်။ ပီရူးနိုင်ငံတွင် စိုက်ပျိုးသမျှ ပဲမျိုးစုံတိုင်း၌ ပြောင်းဖူးနှင့် သီးညှပ်စိုက်သည်ဟုဆိုသည်။ မြေယာရှားပါးပြီး မိုးခေါင်သည့် အမေရိက အလယ် ပိုင်းဒေသတွင်မူ လယ်ယာစိုက်ပဲမျိုးစုံမှန်သမျှတွင် ပြောင်းဖူးနှင့် သီးညှပ်စိုက်သည့် အလေ့အထရှိကြောင်း သိရ တော့ အကျိုးရှိလို့စိုက်တာလို့ ယူဆနိုင်ပါသည်။

ပြောင်းဖူးသီးနှံကို သူ့ချည်း သီးသန့်စိုက်တာနှင့် နှိုင်းယှဉ်လျှင် ပြောင်းဖူးကို ပဲမျိုးစုံနှင့် သီးညှပ် စိုက်တာက အထွက်လျော့သည်။ ပဲမျိုးစုံသီးနှံသည်လည်း ထို့အတူပင်ဖြစ်သည်။ သီးညှပ်အထွက်သည် သီးသန့်စိုက်သည် လောက် မထွက်သည်ကို တွေ့ရှိရသည်။ 

သို့သော် ပြောင်းဖူးတစ်တင်း ရရှိရန်နှင့် ပဲမျိုးစုံတစ်တင်းရရှိရန် သီးညှပ်စိုက်ပျိုးခြင်းက သီးသန့်စိုက်ပျိုးခြင်း ထက် စိုက်ပျိုးထုတ်လုပ်ရသည့် ကုန်ကျစရိတ်နည်းသဖြင့် စိုက်ပျိုးသူအတွက် စီးပွားရေးတွက်ခြေကိုက်ကာ ဝင်ငွေပိုမိုကောင်းကြောင်း သိရပါသည်။

အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများတွင် ပြောင်းဖူးနှင့် ပဲစဉ်းငုံ သီးညှပ်စိုက်ပျိုးသည့်အခါ ပြောင်းဖူးကို ၄ တန်းနှင့် ပဲစဉ်းငုံကို ၂ တန်း ထားရှိစိုက်ပျိုးကြောင်းသိရသည်။ အဆိုပါ စိုက်ပျိုးနည်းစနစ်သည် အမြင့်ဆုံးအကျိုးအမြတ် ဝင်ငွေကို ရရှိကြောင်း လေ့လာသိရှိရပါသည်။

ပဲစဉ်းငုံသီးနှံသည် ခြောက်သွေ့မှုဒဏ်ကို ခံနိုင်သည်။ ထို့ကြောင့် အာရှ၊ အာဖရိကဒေသတို့တွင် နှံစားသီးနှံနှင့် သီးညှပ်စိုက်ပျိုးသည့် သီးနှံအဖြစ် ထင်ရှားနေခြင်းဖြစ်သည်။ ပဲစဉ်းငုံသီးနှံက အမြစ်နက်ရှိုင်းစွာထိုးဝင်သည့် သီးနှံဖြစ်သည်။ ထို့ကြောင့် ရေအစိုဓာတ်ရယူမှုတွင် ပြောင်းဖူးနှင့် ယှဉ်ပြိုင်လုယက်ခြင်း မရှိနိုင်ပါ။ ပဲစဉ်းငုံပင် သည် အစောပိုင်းကာလတွင် ကြီးထွားမှုနှေးသော သဘာ၀ရှိသဖြင့် ပြောင်းဖူးပင်ကို ကောင်းမွန်လွတ်လပ်စွာ ရှင်သန်ခွင့်ပေးထားသလိုဖြစ်သည့် သီးနှံတစ်မျိုးပင် ဖြစ်ပါသည်။

သီးဆင့်စိုက်ပျိုးနည်းစနစ်

မြေတစ်ကွက်တည်းပေါ်တွင် စိုက်ပျိုးသော်လည်း သီးနှံနှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး စိုက်ချိန်တူညီခြင်း မရှိပါ။ တစ်ခုက စိုက်ချိန်စောသည်။ တစ်ခုက နောက်ကျပြီးမှ စိုက်ပျိုးတာဖြစ်သည်။ သို့သော် သီးနှံနှစ်မျိုးလုံး သည် မြေတစ်ကွက်တည်းပေါ်တွင် ၎င်းတို့၏ကြီးထွားမှု ဘဝသက်တမ်း အစိတ်အပိုင်း ကာလတစ်ခုအကြာ အတူရှိနေချိန် ရပါသည်။ ရိတ်သိမ်းသည့်အခါ ရင့်မှည့်သည့်သီးနှံကို ရင့်မှည့်ချိန်တွင် ရိတ်သိမ်းတာဖြစ်သည်။ 

သီးနှံနှစ်မျိုးလုံးသည် စိုက်ချိန် မတူညီသကဲ့သို့ ရိတ်သိမ်းချိန်လည်း တူညီမှုမရှိသည်ကို တွေ့ရှိနိုင်ပါသည်။ ဒါက သီးဆင့်စိုက်ပျိုးနည်းစနစ်၏ သဘောသဘာဝ။

သီးဆင့်စိုက်ပျိုးနည်းစနစ်ကို ဘရာဇီးလ်၊ ကိုလမ်ဘီယာနှင့် အမေရိက အလယ်ပိုင်းဒေသများတွင် ဆောင်ရွက် ကြောင်းသိရသည်။  ပြောင်းဖူးသီးနှံကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးသည်။ ပဲမျိုးစုံသီးနှံကို ပြောင်းဖူးပင်များ အကြား၌ သြဂုတ်နှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးသည်။

 ဂါနာနိုင်ငံမြောက်ပိုင်း ဒေသများတွင်မူ ပြောင်းဖူးသီးနှံမစိုက်ပျိုးမီ သုံးပတ်မှ ခြောက်ပတ်အလိုတွင် ပဲလွမ်း သီးနှံကို စိုက်ပျိုးကြောင်းသိရသည်။ ပြောင်းဖူးသီးနှံမပေါ်မီ အာဟာရပြည့်ဝသည့် ပဲလွမ်းသီးနှံကို ဦးစွာ စားသုံး ရန်ဖြစ်သည်။ ထို့ပြင် ပဲလွမ်းသီးနှံက မြေဆီလွှာကို နိုက်ထရိုဂျင် ထောက်ပံ့သဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရ သည်။

သီးလှည့်စိုက်ပျိုးနည်းစနစ်

ပြောင်းဖူးသီးနှံက မြေဆီအာဟာရ စားသုံးမှုများသည့်သီးနှံလို့ ပြောခဲ့ပြီးပြီ။ ပြန်လည်ဖြည့်ဆည်းဖို့ လိုသည်။ ဘယ်ကရနိုင်မည်လဲ။ ပဲမျိုးစုံသီးနှံများကသာ ရနိုင်ပါသည်။

ဒါကြောင့် ပြောင်းဖူးစိုက်သည့် မြေပေါ်မှာ ပဲမျိုးစုံသီးနှံကို ရာသီတစ်ခုခုတွင် စိုက်ဖို့လိုသည်။

မက္ကဆီကိုနိုင်ငံ လုပ်ကွက်ငယ် လယ်သမားများ၏ အတွေ့အကြုံကို ဖေါ်ပြလိုသည်။ ပဲလွမ်း၊ ပဲပုပ် စသည့် ပဲမျိုးစုံသီးနှံတို့နှင့် ပြောင်းဖူးကို သီးလှည့်စိုက်ပျိုးခြင်းသည် ပြောင်းဖူးအထွက်အမြင့်ဆုံးကို ရရှိစေသည်ဟု ဆိုပါသည်။

အရှေ့နှင့် တောင်အာဖရိကနိုင်ငံ လေ့လာမှုတစ်ခုက ဖေါ်ပြသည်မှာ ပြောင်းဖူးနှင့် ပဲမျိုးစုံ သီးလှည့်စိုက်ပျိုးခြင်း သည် ပြောင်းဖူးသီးနှံအတွက် အော်ဂဲနစ်ပစ္စည်း ရရှိစေသည်။ ထိုမျှမက နိုက်ထရိုဂျင်အာဟာရကိုလည်း ရရှိ စေသည်။ ထို့ကြောင့် ပြောင်းဖူးအထွက် ၂၅ ရာခိုင်နှုန်း တိုးတက်စေသည်ဟု သိရသည်။ 

နိုက်ဂျီးရီးယားနိုင်ငံတွင်မူ ပြောင်းဖူးမတိုင်မီ  ပဲပုပ်စိုက်ပျိုးခြင်းသည် ပြောင်းဖူးသီးနှံမတိုင်မီ မည်သည့်သီးနှံကိုမျှ မစိုက်ပျိုးခြင်းထက် ပြောင်းဖူးအထွက် နှစ်ဆရရှိကြောင်း သိရသည်။ ပဲပုပ်သီးနှံ သည် ပြောင်းဖူးသီးနှံအတွက် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးသည်။ ထိုမျှမက မြေဆီလွှာတိုက်စား ခြင်းကိုလည်း ကာကွယ်ပေးကြောင်း ဖေါ်ပြထားပါသည်။

ထို့ပြင် သီးလှည့်စိုက်ပျိုးနည်းစနစ်၏ အကျိုးကျေးဇူးမှာ မြေတစ်ကွက်တည်းမှ သီးနှံနှစ်မျိုး၏ အထွက်ကို ရရှိ စေရုံမျှမက ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုကိုလည်း လျော့ပါးစေကြောင်း လေ့လာ သိရှိရပါသည်။

မြန်မာ့လယ်ယာမြေတွေမှာ အတုယူဖွယ်ရာ ဗဟုသုတများဖြစ်ပါသည်။

ပြောင်းဖူးနှင့် ပဲမျိုးစုံတို့သည် သဘာဝအားဖြင့် မတူညီသည့် သီးနှံများဖြစ်ပါသည်။

“ ဘာတွေမတူညီတာလဲ”

စိုက်ပျိုးနည်းစနစ်အနေဖြင့်ဆိုလျှင် ပြောင်းဖူးမှာ တစ်ကျင်းကို မျိုးစေ့ နှစ်စေ့၊ သုံးစေ့ စသည်ဖြင့် စိုက်ပျိုးရသည့် သီးနှံဖြစ်သည်။ ပဲမျိုးစုံမှာ ထိုသို့မဟုတ်ပါ။ ကြဲပက်၍သော်လည်းကောင်း အတန်းလိုက်စိုက်ပါက အတန်းအ တွင်း သော်လည်းကောင်း မျိုးစေ့များစွာကို ဖြူးချ စိုက်ပျိုးရသည့် သီးနှံ ဖြစ်သည်။ 

တစ်ဧကတွင် စိုက်ပျိုးရသည့် အပင်ဦးရေဆိုလျှင် ပြောင်းဖူးက နည်းသည့်သီးနှံ၊ ပဲမျိုးစုံမှာမူ  အပင်ဦးရေ များများစိုက်ပျိုးရသည့် သီးနှံမျိုးဖြစ်သည်။ နည်းခြင်း များခြင်းသတ်မှတ်မှုမှာ တစ်ဧကတွင် အပင်ဦးရေ ၄၀,၀၀၀ အောက်ဆိုလျှင် နည်းသည်၊ ၈၀,၀၀၀ အထက်ဆိုလျှင် များသည်ဟု သီးနှံစိုက်ပျိုးရေးစနစ်အမြင်ဖြင့် ပြောခြင်းဖြစ်ပါသည်။ 

အပင်အရပ်အနေဖြင့် ကြည့်ဦးမည်လား။ ပြောင်းဖူးက အပင်မြင့်မားသည့် သီးနှံဖြစ်ပြီး ပဲမျိုးစုံက အပင်နိမ့် အမျိုးအစား ဖြစ်သည်။ 

ရင့်မှည့်ရိတ်သိမ်းရန် လိုအပ်သည့်ကာလကို ကြည့်လျှင်လည်း ပြောင်းဖူးက “အသက်လျင်” သည့် သီးနှံဖြစ်ပြီး ပဲမျိုးစုံက”အလွန်အသက်လျင်”သည့် သီးနှံအမျိုးအစားဖြစ်သည်။ သက်တမ်းရက် ၁၀၀ မှ ၁၄၀ ကို အသက် လျင်သည်၊ သက်တမ်းရက် ၁၀၀ အောက်ဆိုလျှင် အလွန်အသက်လျင် သည်ဟု သီးနှံစိုက်ပျိုးရေးစနစ် အမြင်ဖြင့် ပင် သတ်မှတ်ပြောဆိုခြင်း ဖြစ်ပါသည်။ 

ချွင်းချက်အားဖြင့် ပဲမျိုးစုံသီးနှံများတွင် ပဲစဉ်းငုံသီးနှံမှာ အခြားပဲမျိုးစုံသီးနှံများနှင့် မတူညီသော အသက်ရက်၊ အပင်အမြင့်၊ စိုက်ပျိုးစနစ်တို့ ရှိသည်ကို အများနားလည်မည်ဟု ယူဆပါသည်။

အာဟာရရှုထောင့်မှ ကြည့်ပါဦးမည်။ မည်သည့် ပဲမျိုးစုံသီးနှံဖြစ်စေ လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပြီး မြေဆီ လွှာဖွံ့ဖြိုးမှုကို ဖြစ်စေသည်။ ပြောင်းဖူးသီးနှံမှာ ပြောင်းပြန်ဖြစ်သည်။ ပြောင်းဖူးသီးနှံက မြေဆီသြဇာ ဆုတ်ယုတ် စေသည့်သီးနှံလို့ ပြောနိုင်သည်။ ပြောင်းဖူးသီးနှံသည် အာဟာရအစားကြီးသည့် သီးနှံဖြစ်ပါသည်။ 

ဤသဘာဝမတူညီသော သီးနှံနှစ်မျိုးကို ကမ္ဘာ့စိုက်ပျိုးရေးနိုင်ငံ အတော်များများတွင် နည်းစနစ်အမျိုးမျိုးဖြင့် တွဲဖက်စိုက်ပျိုးကြောင်း သိရသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ပြောင်းဖူးနှင့်ပဲမျိုးစုံကို ကောင်းမွန်စွာ တွဲဖက်နိုင်လျှင် တောင်သူလယ်သမားများအတွက် အကျိုးရှိမှာ သေချာပါသည်။

မြေတစ်ကွက်တည်းပေါ်တွင် နှစ်စဉ် ပြောင်းဖူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို အဓိကထား ဆောင်ရွက်သည့် ဒေသ များတွင် သင့်တော်ရာ သီးညှပ်၊ သီးဆင့်၊ သီးလှည့်စနစ်ဖြင့် ပဲမျိုးစုံသီးနှံ တစ်မျိုးမျိုးကို မဖြစ်မနေ ပါဝင်စေ လျက် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးသင့်ပါသည်။

ဆင်းသီဟ

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်