တီကောင်မွေးမြူခြင်း (Vermiculture) နှင့် တီကောင်စွန့်ပစ်မြေသြဇာ (Vermicompost) ထုတ်လုပ်မှု

07/02/2018 16:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် တီကောင်မွေးမြူပြီး တီကောင်စွန့်ပစ်မြေသြဇာ ထုတ်လုပ်သည့်နည်းပညာသစ်ကို ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လမှစတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းလက်အောက်ရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၊ လှည်းကူးမြို့နယ်တွင် ဂျပန်အစိုးရက အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဌာန (CIRDAP)မှတစ်ဆင့် ကူညီထောက်ပံ့သော ရံပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၄ခုနှစ်တွင် အိန္ဒိယမှ စိုက်ပျိုးရေးပညာရှင်တစ်ဦး ယူဆောင်လာသော တီကောင်များအား စမ်းသပ်မွေးမြူခဲ့ပြီး ပွါးများလာသော တီကောင်များနှင့် ရရှိလာသော တီကောင်စွန့်ပစ် မြေသြဇာများအား ဒေသအသီးသီးသို့ဖြန့်ဖြူးပေးခြင်းနှင့် တီကောင်စွန့်ပစ်မြေသြဇာအား ဌာနရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းများတွင် ထည့်သွင်းစမ်းသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိပါသည်။

တီကောင်စွန့်ပစ်မြေသြဇာဆိုသည်မှာ 
လယ်ယာစွန့်ပစ်ပစ္စည်း၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းများကို တီကောင်လေးများက စားသုံး၍ သီးနှံပင်များအတွက် အသုံးဝင်သော သြဂဲနစ်မြေသြဇာ(ဇီဝမြေသြဇာ) အဖြစ် ပြန်လည်ပြုလုပ် သုံးစွဲခြင်းဖြစ်သည်။

တီကောင်၏ဇီဝဗေဒ
တီကောင်သက်တမ်း - ၄-၈နှစ် (မြေအပေါ်ယံမြေဆီလွှာနေ တီကောင်)၊ ၁၅ နှစ် (မြေတွင်းအောင်းတီကောင်)
ခန္ဓာကိုယ်တွင်းပါဝင်မှု - ရေ (၇၀-၉၅%) ပရိုတင်း၊ အဆီဓါတ်၊ မြေကြီးတွင်းမှ စုပ်ယူသော သတ္တုဓါတ်များ အချိုးညီပါဝင်ပါသည်။
ခန္ဓာကိုယ်တည်ဆောက်မှု - အဆစ်များဖြင့် ခန္ဓာကိုယ် ဖွဲ့စည်းထားပါသည်။ နှလုံး (၅) ခုရှိသည်။ သွေးအေးသတ္တဝါဖြစ်သည်။ အကျိအချွဲများ ပါရှိသည်။ (အစိုဓါတ်ထိန်းထားပေးခြင်း၊ အသက်ရှုမှုအတွက် အထောက်အကူပြုပေးခြင်း၊ မြေကြီးအတွင်း ဝင်ရောက်စဉ် အကာအကွယ်ရရှိစေခြင်း၊ မျိုးဆက်ပြန့်ပွါးရေးတွင် ကူညီပေးခြင်း)
မျိုးပွါးအဖွဲ့အစည်း - လိင်စုံဖြစ်သည်။ သို့ရာတွင် အခြားတီကောင်ဖြင့်သာ မိတ်လိုက်ခြင်းပြုသည်။
အစာခြေဖျက်မှုအဖွဲ့အစည်း - တီကောင်သည် မိမိ၏ ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသော အစာ(မြေကြီးနှင့် သြဂဲနစ်ပစ္စည်းများ) ကို နေ့စဉ်စားသုံးပါသည်။ စားသုံးသော အစာများအား အင်ဇိုင်းများ အကူအညီဖြင့် ရောနှောပေးပြီး အမိုင်နိုအက်စစ်၊ သကြားဓါတ်နှင့် သြဂဲနစ်ပစ္စည်းများ ထုတ်လုပ်ပေး ပါသည်။ ထို့ကြောင့် တီကောင်စွန့်ပစ်မြေသြဇာတွင် သဘာဝမြေသြဇာမျိုးစုံ ပါဝင်သည်။

တီကောင်၏အမူအကျင့်
တီကောင်သည် ဇီဝဓါတ်ကြွယ်ဝသော မြေကြီး၏ အပေါ်ယံလွှာတွင် နေထိုင်ကြ၍ ဆောင်းရာသီတွင် ဆီးနှင်းဒါဏ်မှ လွတ်မြောက်ရန်နှင့် ပူသောရာသီတွင် ခြောက်သွေ့ခြင်းကို ရှောင်ရှားရန်မြေနက်ထဲသို့ တိုးဝင်ကြသည်။ နေထိုင်ရာတီလမ်းကြောင်းအတွင်း နေ့အချိန် ရေလွှမ်းသောအခါ မြေအပေါ်ယံသို့ တက်လာတတ်ကြသည်။
တီကောင်များ၏ ကိုယ်မှ အမွှေးအမျှင်များသည် တီလမ်းကြောင်းကို လျင်မြန်စွာ တူးနိုင်ရန်အတွက် များစွာ အထောက်အကူပြုပါသည်။ တီကောင်တို့သည် တီလမ်းကြောင်းတစ်လျှောက်ရှိ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များကိုစားခြင်းဖြင့် မြေကြီး၏အာဟာရဓါတ်ပါဝင်မှုကို တိုးပွါးစေပါသည်။
တီကောင်နှင့်ဥယျာဉ်ခြံစိုက်ပျိုးရေး
တီကောင်သည် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ အပင်အာဟာရဓါတ်အဖြစ်သို့ ပြောင်းပေးခြင်းမဟုတ်ပဲ အစာပစ္စည်းများကို ဆွေးမြေ့ပြီး ပို၍ပြင်းအားများသောပုံစံသို့ ပြောင်းပေးခြင်းမျှသာ ဖြစ်ပါသည်။
ဥယျာဉ်ခြံသီးနှံစိုက်ဘောင်နှင့် စိုက်ကွင်းများတွင် တီကောင်မွေးမြူခြင်းသည် သင့်တော်သော်လည်း အိုးဖြင့် စိုက်ပျိုးပင်များအတွက် မြေကြီးနှင့်ဖွဲ့စည်းထားသော ဇီဝပစ္စည်းများ၏ အရွယ်အစားများကို သေးစေပြီး လေဝင်လေထွက်ပေါက်များကို ပိတ်စေသောကြောင့် အိုးဖြင့်စိုက်ပျိုးပင်များအတွက် မသင့်တော်ပေ။

တီကောင်အမျိုးအစားများ


တီကောင်များသည် အစာ စားခြင်းဖြင့် ဘက်တီး ရီးယား ကြီးထွားမှု ကိုတိုးတက်စေပြီး မြေဆီလွှာ တည်ဆောက် ပုံကို ကောင်းမွန်စေသည့် အပြင် ဇီဝပစ္စည်းများ အားဆွေးမြေ့မှု ကို လျှင်မြန်စေပါသည်။ သို့သော်လည်း အစာစားမှု အလေ့အထ မတူညီခြင်း၊ ဇီဝရုပ်ဖြစ်ပျက်ပုံ မတူညီခြင်း တို့ကြောင့် တီကောင်မျိုး အားလုံးသည် တီကောင် စွန့်ပစ်မြေသြဇာ ထုတ်လုပ်ရာတွင် သင့်တော်နိုင်မည် မဟုတ်ပေ။

တီကောင်အမျိုးအစား အသုံးပြုရာတွင် အစာများများစားပြီး လျှင်မြန်စွာ အညစ်အကြေးစွန့်ပစ်၍ မြန်မြန် မျိုးပွါးတတ်သော မျိုးစိတ်များသည်သာ တီကောင်စွန့်ပစ်မြေသြဇာ ထုတ်လုပ်ရာတွင် အသုံးပြုသင့်ပါသည်။

ငါးမွေးမြူရေးကန်တွင် ငါးအမျိုးအစား အလိုက် ရေလွှာတွင်အပေါ်လွှာ အောက်လွှာခွဲခြားနေသကဲ့သို့ တီကောင်သည်လည်း မြေလွှာတွင် အမျိုးအစား အလိုက် သီးခြားနေတတ်ကြောင်း သိရပါသည်။ တီကောင်မျိုးကွဲများကို စုစည်း၍ မွေးမြူထုတ်လုပ်မှသာ တီကောင် စွန့်ပစ်မြေဆွေးကို အချိန်တိုအတွင်း အရေအတွက် များများရရှိမည် ဖြစ်ပေသည်။

တီကောင် စွန့်ပစ်မြေသြဇာပြုလုပ်ရန် အတွက် ရွေးချယ်သင့်သော တီကောင်မျိုးကွဲများ
တီကောင်မျိုးကွဲကို မြေဆွေးပြု လုပ်သည့်အုပ်စု နှင့် မြေဆွေးစားသုံးမည့် အုပ်စု ဟူ၍ အုပ်စု (၂)ခု ခွဲထားပါသည်။ မြေဆွေးပြုလုပ်ပေးသည့် အုပ်စုသည် မြေမျက်နှာပြင် အနီးတွင်နေပြီး လတ်ဆတ်သောဇီဝပစ္စည်းများကို (၉၀%) စားသုံး၍ မြေကြီးကို (၁၀%) စားသုံးကြောင်းတွေ့ရပါသည်။ ယင်းအမျိုးအစားမှာ အနီရောင်ရှိသည်။ ဒုတိယအုပ်စုမှာ မြေကြီးအတွင်းနေထိုင်ပြီး မြေဆီလွှာရေစိမ့်ဝင်မှုနှင့် မြေကြီးထဲသို့ မြေဆွေးရောနှောပျံ့နှံ့မှုအတွက် အသုံးဝင်ပါသည်။

တီကောင်အတွက်အစာ
ပဲရိုး၊ ပြောင်းရိုးစသည့် အပင်အကြွင်းအကျန်များ၊ သီးနှံအခွံများ ( ဖရဲသီးခွံ၊ ငှက်ပျောခွံ)၊ ပန်းမပွင့်မီ ပေါင်းပင်များ (မြက်မုံညင်း၊ ဝက်လာ)၊ သစ်ရွက်ခြောက်၊ ငှက်ပျောအူ၊ ဗေဒါ၊ အုန်းခွံ၊ ကြံဖတ်၊ လွှစာမှုန့်၊ ကောက်ရိုး၊ မြက်စသည်တို့ ဖြစ်သည်။
ထို့ပြင် ပင်လယ်မှော်၊ ရွှံ့ညွန်၊ ဇီဝစွန့်ပစ်ပစ္စည်းများ၊ ငါးအပိုင်းအစများနှင့်လည်း ရောစပ်၍ ကျွေးနိုင်ပေ သည်။ ကုန်ကြမ်းများကို နေပူပူ၌ (၇-၁၀) ရက်ထိ စုပုံထားပြီး တစ်ပိုင်းတစ်စချေဖျက်ပြီးမှ ကျွေးလျှင်ပို၍ ကောင်းပါသည်။ တစ်ပိုင်းတစ်စချေဖျက်ပြီး ကုန်ကြမ်းများမှာ မစိုလွန်းမခြောက်လွန်း အနေအထား ရှိရပါ မည်။

တီကောင်များကို မကျွေးသင့်သောအစာများ

  • တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - ကြက်ဥခွံ၊ အသား၊ အရိုး၊ ကြက်ချေး စသည်
  • မွှန်တတ်သောအပင်များ - ဆေးရွက်ကြီးပင်များ၊ ငရုတ်ပင်များ၊ ရှောက်မျိုးနွယ်ဝင်ပင်များ
  • ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ပက်ဖြန်းထားသောပင်ကြွင်းပင်ကျန်များ
  • ဆူးပါဝင်သော ပင်ကြွင်းပင်ကျန်များ - ဇီးပင်၊ ဆူးပုပ်ပင် စသည်
  • အငန်ပါဝင်သော ပစ္စည်းများ - ငါးခြောက် စသည်

တီကောင်စွန့်ပစ်မြေသြဇာ ပြုလုပ်သည့် နည်းလမ်းများ

  •  မြေကျင်းတူး၍ ပြုလုပ်ခြင်း
  • မြေပေါ်တွင်ပုံခြင်း
  • ကန်နှင့်ပြုလုပ်ခြင်း
  • သစ်သားပုံးများနှင့်ပြုလုပ်ခြင်း
  • ကွန်ကရစ်ခွေနှင့်ပြုလုပ်ခြင်း (ကျေးလက်နေအမျိုးသမီးများအတွက် တစ်ပိုင်တစ်နိုင်ပြုလုပ်ခြင်း)

မြေကျင်းတူး၍ပြုလုပ်ခြင်း
၅ပေအကျယ်၊ ၁၀ပေ အရှည်၊ ၃ပေအနက် မြေကျင်းတူး၍ ပလပ်စတစ်နှင့် အလုံကာပြီး တီကောင် မွေးမြူနိုင်သည်။ မိုးရာသီတွင် ရေမဝင်စေရန် အမိုးအကာပြုလုပ်ထားပြီး ကျင်းနှုတ်ခမ်းကို မြှင့်ထားရမည်။
မြေပေါ်တွင်ပုံခြင်း
အမိုးအကာအောက်တွင် ဝါးကပ်များကာ၍ ပလပ်စတစ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင်သည်။
အုတ်ကန်နှင့်မွေးမြူခြင်း
၅ပေအကျယ်၊ ၁၀ပေအရှည်၊ ၃ပေအမြင့်ရှိသော အုတ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင်သည်။

သစ်သားပုံးများနှင့်မွေးမြူခြင်း
၂ပေပတ်လည်၊ ၂ပေအမြင့်ရှိသော သစ်သားပုံး (၄)လုံးအားဆင့်ထားပြီး အောက်ခြေပုံးမှလွဲ၍ ကျန်ပုံးများ၏ အောက်ဖက်မျက်နှာပြင်တွင် အပေါက်ဖောက်ထားသည်။ အောက်ဆုံးပုံးတွင် အစာနှင့်တီကောင်များ ထည့်ထားပြီး ကျန်ပုံးများတွင် အစာများသာထည့်ထားသည်။ အောက်ဆုံးပုံးတွင်တီစာများကုန်သွားပါက အပေါ်ပုံးများသို့ တီကောင်များတက်လာမည်။ ထိုအခါ အောက်ဆုံးပုံးအား ဖယ်ရှားပြီး တီကောင်စွန့်ပစ် မြေဩဇာများ ရယူနိုင်သည်။

ကွန်ကရစ်ခွေ၍ တီကောင်စွန့်ပစ်မြေဩဇာပြုလုပ်ခြင်း (တစ်ပိုင်တစ်နိုင် နည်းစနစ်)
နေရောင်ခြည် (သို့မဟုတ်) မိုးရေများမကျနိုင်သည့်နေရာတွင် ပလပ်စတစ်ခင်း၍ အောက်ခြေအပိတ် မပါသော အချင်း (၅)ပေ၊ အမြင့် (၁.၅)ပေရှိ ကွန်ကရစ်ခွေအား ချထားရမည်။ ပဲရိုး၊ ပြောင်းရိုး စသည့် အပင်အကြွင်းကျန်များကို (၆)လက်မခန့် ပိုင်းဖြတ်၍ တစ်ပေအထူရအောင် ထည့်ပေးရပါမည်။ ထိုအပေါ်မှ ကျောက်မှုန့်ကို မြေဆွေး၏ အာဟာရဓါတ် အရည် အသွေးမြင့်တက် လာစေရန် အပေါ်မှ ခပ်ပါးပါးဖြူး ပေးရပါမည်။ နွားချေးမှုန့်အား ရေနှင့်ပျစ်ပျစ်ဖျော်၍ အပေါ်မှ မံပေးရပါမည်။ (၁၅-၂၀) ရက်ကြာလာသည့် အခါ ထည့်ထားသည့် ပစ္စည်းများ ဆွေးမြေ့ကြေပျက်ပြီး အပူများ ထွက်လာပါသည်။ ထိုအချိန်တွင် ရွေးချယ်ထားသည့်တီကောင် (၅၀၀-၇၀၀) အား နွားချေးမံထားသည့် အက်ကွဲကြောင်းများမှ ထည့်ပေး ရပါမည်။ ထို့နောက် ဂုန်နီအိတ်ကို ကွန်ကရစ်ခွေ တစ်ခုလုံး လုံအောင်အုပ်ပေးရမည်။ တီကောင်၏ ခန္ဓာကိုယ် အပူချိန်နှင့် အစိုဓါတ်ကို ထိန်းပေးရန် ဂုန်နီအိတ်အပေါ်မှ သုံးရက် တစ်ကြိမ် ရေလောင်းပေး ရမည်။ လယ်ယာသီးနှံပင် အကြွင်းအကျန်များသည် သက်တမ်း (၂)လအကြာတွင် ဆွေးမြေ့၍ တီကောင်စွန့်ပစ်မြေဆွေးကို ရရှိပါသည်။ တီကောင် စွန့်ပစ်မြေဆွေးသည် အလေးချိန်ပေါ့၍ အနံ့ဆိုးကင်းပြီး အနက်ရောင်ရှိသည်။

တီကောင်စွန့်ပစ်မြေဩဇာကို စီးပွါးဖြစ် ထုတ်လုပ်ခြင်း
တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ခု ပြုလုပ်ရမည်။ ကန်၏အောက်ခြေတွင် ပိုလျှံသည့်ရေများကို စုစည်းစစ်ထုတ်ရန် အနည်းငယ် နိမ့်လျောသည့် ရေထွက်ပေါက်တစ်ခုပါရှိရမည်။
တီကောင်မွေးမည့်ကန်၏ အောက်ခြေတွင် ဗန်ဒါရွက်ခြောက် (သို့) သစ်ရွက်ခြောက်များကို (၄)လက်မ အထူခင်းပေးရသည်။ ထိုအပေါ်မှ စင်းထားသော ငှက်ပျောအူ၊ အစာစိမ်းများ၊ သီးနှံ အကြွင်းအကျန်များကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ထိုအပေါ်မှ နွားချေး(၅)အိတ်ကို ဖြန့်ထည့်ပေးပြီး အစိုဓါတ်ရရှိစေရန် ရေအနည်းငယ်လောင်းပေးရမည်။ ထို့နောက် တီကောင်များ ကို တစ်စတုရန်းပေလျှင် အကောင် (၁၀၀) နှုန်းဖြင့် တီကောင် (၁၀၀၀၀) ထည့်ပေးရမည်။ ထိုအပေါ်မှ အစာစိမ်းများကို တစ်ပေခန့် ထပ်ထည့်ပေးရမည်။ သစ်ရွက်ခြောက်များကို အပေါ်မှ (၂)လက်မခန့် ထည့်ပေးပြီး ဂုန်နီအိတ်ဖြင့် အုပ်ပေးရမည်။ အစိုဓါတ် မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ (၂)လ အကြာတွင် တီကောင်များ ပွါးများနေပြီး အစာများလည်း စားသုံးပြီးဖြစ်သည်။ (၃)လ အကြာတွင် တီကောင်စွန့်ပစ်မြေဩဇာ ရရှိပါမည်။

မြေဆွေးဖယ်ထုတ်ခြင်း
တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် မြေဆွေးကန်အားရေ (၂-၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိ အစိုဓါတ်ရှိရာ နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အပေါ်ယံမြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။

သတိပြုရမည့်အချက်များ

  • တီကောင်များအား ငှက်၊ ခြ၊ ပုရွက်ဆိတ် နှင့် ကြွက်များရန်မှ ကာကွယ်နိုင်ရန် မြေဆွေးပုံပေါ်မှ ဂုန်နီအိတ်အုပ်ထားရမည်။
  • မြေဆွေးပြုလုပ်နေစဉ်အတွင်း လုံလောက်သည့်အစိုဓါတ်မရှိခြင်းသည် တီကောင်များကို သေစေသည်။ ရေဝပ်ပါကလည်း တီကောင်များ အသက်မရှင်နိုင်ပေ။ ထို့ကြောင့် အစိုဓါတ်ကို မနည်းလွန်း မများလွန်းစေရပါ။
  • မြေဆွေးရရှိပြီးနောက် တီကောင်များကို အခြားမြေဆွေးပုံအသစ်တစ်ခုတွင် ပြောင်းထည့်ပေးရမည်။

တီကောင်မှ ခြေဖျက်ထားသော မြေနမူနာတွင် အာဟာရဓါတ်ပါဝင်မှု
မြေချဉ်ငံဓါတ် (pH) - ၆.၈
စုစုပေါင်း နိုက်ထရိုဂျင် (%) - ၀.၉၃- ၁.၉၄%
အပင်စားသုံးနိုင်သော ဖော့စဖိတ်ဓါတ် - ၀.၄၇%
အပင်စားသုံးနိုင်သော ပိုတက်စီယမ်ဓါတ် - ၁.၇၀%
ကယ်လစီယမ် - ၄.၄၀%
မဂ္ဂနီစီယမ် - ၀.၄၆%

တီကောင်စွန့်ပစ်ရည်ထုတ်ယူသုံးစွဲခြင်း
တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေး နိုင်သည်။ မြေဆွေးပုံပြုလုပ်ပြီး (၃-၄)ရက်ကြာလျှင် ရေကန်ပိုက်မှတစ်ဆင့် တီကောင်စွန့်ပစ်ရည်များ ထွက်ကျလာမည်။ ထိုစွန့်ပစ်ရည်အား ချဉ်ငံဓါတ်တိုင်းတာ၍ ဩဂဲနစ်မြေဩဇာရည်အဖြစ် အသုံးပြုကြသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။
၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ကန်မှ တီကောင်စွန့်ပစ်မြေဩဇာအစိုအလေးချိန် (၁)တန်ခန့် နှင့် စွန့်ပစ်အရည် လီတာ(၅၀)ခန့် ရရှိကြောင်းတွေ့ရှိရပါသည်။

တီကောင်စွန့်ပစ်မြေဩဇာသုံးစွဲခြင်း

  • တီကောင်စွန့်ပစ်မြေဩဇာကို လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ပန်းအလှပင်နှင့် ဟင်းသီးဟင်းရွက်များတွင် သီးနှံ၏ မည်သည့် အသက်အရွယ်တွင်မဆို သုံးစွဲနိုင်သည်။
  • လယ်ယာသီးနှံများတွင် တီကောင်စွန့်ပစ်မြေဩဇာ ၁တန်လျှင် ၁ဧက နှုန်းဖြင့် မျိုးစေ့များကို ရောပြီး ကြဲပက်စိုက်ပျိုးနိုင်သည်။ သို့မဟုတ်အပင်အမြင့် (၄-၆)လက်မ ရှိချိန်တွင် အတန်းလိုက်ထည့်သွင်းပေးနိုင်သည်။ ပုံမှန်ရေသွင်းပေးရမည်။
  • သစ်သီးပင်များအတွက် အပင်သက်တမ်းကိုလိုက်၍ ၁ပင်လျှင် ၅ကီလိုမှ ၁၀ကီလိုထိ ထည့်သွင်းပေးနိုင်သည်။ အပင်ရွက်အုပ်တွင် ဧရိယာပတ်လည်တွင် (၆-၁၀)လက်မ အနက်ရအောင် ရေဝပ်ကျင်းတူးပေးပြီး နွားချေးခြောက်မှုန့်ပါးပါးဖြူးပေးပြီး အရိုးမှုန့်မြေဩဇာကို တီကောင်စွန့်ပစ်မြေဩဇာ (၂-၅)ကီလိုနှင့်ရောပြီး ထည့်ပေးရမည်။ အပေါ်မှမြေဖုံးပေးပြီး ရေလောင်းပေးရမည်။
  • ဟင်းသီးဟင်းရွက်များအတွက် ရွေ့စိုက်မည့်ပျိုးပင်များ လျင်မြန်စွာ ကြီးထွားလားစေရန် တီကောင်စွန့်ပစ်မြေဆွေးအား ပျိုးဘောင်တွင် ၄၀၀ကီလိုလျှင် တစ်ဧကနှုန်းဖြင့် ထည့်ပေးရမည်။ ကျန်းမာသန်စွမ်းသည့်ပျိုးပင်များ ရရှိမည်။ ရွေ့စိုက်ချိန်နှင့် ရွေ့စိုက်ပြီး ၄၅ရက်သားအတွင်း တစ်ပင်လျှင် (၄၀၀-၅၀၀) ဂရမ်နှုန်း ထည့်ပေးရမည်။ ပြီးနောက် ရေသွင်းပေးရမည်။
  • ပန်းအလှပင်များအတွက် ၁ ဧကလျှင် (၃၀၀-၄၀၀)ကီလိုနှုန်း ထည့်ပေးရမည်။
  • ဟင်းသီးဟင်းရွက်နှင့် ပန်းမုံလာကဲ့သို့ အပွင့်စားသီးနှံများအတွက် အပင်ခြေပတ်လည်ကို ထည့်ပေးပြီး မြေဖုံးပေးရမည်။ ရေကို ပုံမှန် လောင်းပေးရမည်။
  • တီကျစ်စာမြေဆွေး အစိုတစ်တန်ကို အခြောက်ခံပါက ၅၀၀ ကီလိုခန့် ရရှိပါမည်။

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်