မြေဆီလွှာတိုက်စားမှုကာကွယ်နိုင်သည့် ဗက်တီဗာမြက်

08/05/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (71)  Vetiver Grass 

ကျွန်တော်တို့အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ သီးနှံသစ်တောရောနှောစံပြစိုက်ခင်း (Agroforestry Model Farm) တွင် စိုက်ပျိုးရေးအသိပညာပေးရင်း တောင်စောင်းတွေမှာ မြေဆီလွာတိုက်စားမှု အကာအကွယ်ပေးနိုင်သည့် ဗက်တီဗာမြက် (Vetiver Grass) အကြောင်းဆွေးနွေးဖြစ်ခဲ့ကြပါသည်။

အပင်၏ သိပ္ပံအမည် (Scientific Name) (သို့) ရုက္ခဗေဒအမည် (Botanical Name) မှာ  - Chrysopogon  zizanioides  (ယခင် Vetiveria zizanioides) ဖြစ်ပါသည်။ မြက်မျိုးရင်း (Grass Family – Gramineae (ယခု Poaceae) ဝင် အပင်ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒေသအခေါ် ခွတ် (Khus) ဟုခေါ်ဆိုပါသည်။

ပုံ ၁ - ဗက်တီဗာမြက်

အပင်သည်အကြမ်းခံပြီး အလွယ်တကူ စိုက်ပျိုးပြုစုနိုင်ပါသည်။ ဗက်တီဗာမြက်ကို အော်ဂဲနစ်စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်မှ လက်ဆောင်ပေးသဖြင့် စံပြစိုက်ခင်းတွင်လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင်လည်းကောင်း၊ စိုက်ပျိုး သရုပ်ပြပေးရန် ပြင်ဆင်နေပါသည်။ ဦးသိန်းမော် ဘာသာပြန်ဆိုသည့် ‘ဗက်တီဗာမြက်’ စာအုပ်ကိုပါ ပူးတွဲလက်ဆောင်ပေးရာ ၎င်းစာအုပ်နှင့် အင်တာနက် (Internet) ထဲမှ အချက် အလက်များအရ အပင်သည် စိုက်ပျိုးသည့် မြေသားအပေါ်မူတည်ပြီး

(က) အမြစ် (Root)  ၆-ပေ မှ ၁၈-ပေ နက်နက်ထိုးဆင်းနိုင်ကာ အစိုဓာတ်နှင့် အာဟာရဓာတ်ကို ထိန်းသိမ်းပေးထားနိုင်ပါသည် (To conserve soil moisture and nutrients effectively)။ ဘေးမြစ် (Lateral Roots – Stolon or Rhizomes) မရှိ၍ ဘေးသို့ဖြာမထွက်ဘဲ အောက်ခြေသို့သာ နက်နက်သွားရတဲ့ သဘောရှိပါသည်။ ဤသည်ကပင် တောင်ကုန်းတောင်စောင်းများအတွက် မြေဆီလွှာတိုက်စားမှု (To control Soil Erosion) ကာကွယ်ရန် အချက်တစ်ခုဖြစ်ပါလိမ့်မည်။ အမြစ်၏သံမာမှုသည် သံမဏိ အပျော့စား (Mild Steel) ကဲ့သို့ ဆန့်နိုင်စွမ်းအား ၆-ပုံ ၁-ပုံ (A tensile strength of 1/6) အထိရှိ၍ တောင်စောင်းတွင်မူ ၄၅ - ရာခိုင်နှုန်းအထိ ကြံ့ကြံ့ခံကာ တောင့်ပေးထားနိုင်ပါသည်။ 

ပုံ ၂ - ဗက်တီဗာမြက်ပင်၏အမြစ်

(ခ) အရွက် (Leaf) အမြင့် ၅ - ပေကျော်အထိ ဖြောင့်တန်းစွာထွက်နိုင်သည်။ အညွန့်ပိုင်း (Shoot) သည် မြေအောက်ပင်စည် (Underground Crown) မှထွက်သဖြင့် အေးသောဒေသတွင် နှင်းခဲရိုက်သည့်ဒဏ် (Frost Tolerant) နှင့် ပူပြင်းသောဒေသတွင် တောမီးလောင် (Wildfire Tolerant) သည့် ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိပါသည်။ အရွယ်ရင့်လာသောအခါ ရွက်ကြမ်းကြီးများဖြစ်သဖြင့် တိရစ္ဆာန်များအား လွှတ်ကြောင်းမှုဒဏ် (Grazing Tolerant)လည်း ခံနိုင်ရည်ရှိပါသည်။ 

(ဂ) ပန်းပွင့် (Flower)၊ အပင်၏မျိုးစေ့ (Seeds) များမှ အပင်မပေါက်နိုင်သည့် အတွက် အခြားမြက်များကဲ့သို့ မလိုလားအပ်ဘဲ လျင်မြန်စွာပြန့်ပွားမှုမျိုး (Dispersal)၊ ပတ်ဝန်းကျင်ကို ဖျက်ဆီးသောမျိုး (Invasive Species)  မဖြစ်နိုင်ပါ။ နှစ်ရှည်မြက်မျိုး (Perennial Grass) လည်းဖြစ်ပါသည်။ အပင်ကြီးထွားဖွံ့ဖြိုးရန် ၆ - လ ခန့်သာလိုအပ်ပြီး ဖျက်ဆီးမှုမခံရပါက နှစ် ၅၀ - ကျော်အထိ ရှင်သန်ကြီးထွား နိုင်ပါသည်။  

ပုံ ၃ - ဗက်တီဗာမြက်၏ပန်းပွင့်

စိုက်ပျိုးနည်းစနစ်မှာ တစ်ပင်နှင့် တစ်ပင် အများဆုံး ၆-လက်မသာခွာပြီး (6 inches plant to plant spacing) စိုက်ပျိုးရမည်။ ၃-၄ လက်မ သားတက်များကို ခွဲ၍ စိုက်ပျိုးလျှင်လည်းရပါသည်။ သားတက်များကို ဖဲ့ပြီးစိုက်ရာတွင် ၁၈-လ ထက်မကြီးသေးသော အပင်များမှ ယူ၍စိုက်ပျိုးပါ။  အပင်များသည် ရေဝပ်ဒဏ်လည်းခံနိုင်ပြီး၊ ရေထဲတွင်လည်း စိုက်ပျိုးနိုင်ကာ ရေဆိုးများကိုလည်း သန့်စင်ပေးနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၃၀၀၀ အထိစိုက်ပျိုးနိုင်ပါသည်။ မိုးရေချိန် ၁၅ လက်မမှ ၁၀၀ လက်မ အထက်ထိ စိုက်ပျိုးနိုင်ပါသည်။ 

အိန္ဒိယနိုင်ငံတွင်မူ အနံ့မွေးဆီအတွက် စိုက်ပျိုးသောဗက်တီဗာ မြက်မျိုး (Cultivated Varieties for Essential Oil) များစွာရှိပါသည်။ ဥပမာ -

  • (က) ကေအက်စ်-၁ (KS-1) အနံ့မွေးဆီ (Essential Oil) တဟက်တာ ၁၉.၇ ကီလိုဂရမ်အထိ အထွက်နှုန်း (Yield Kg/ha) ရှိပါသည်၊
  • (ခ) ဆူဂန်တာ (Sugandha)
  • (ဂ) စပ်မျိုး-၈ (Hybrid-8)
  • (ဃ) ဂူလာဘီ (Gulabi) တစ်ဟက်တာ အမြစ်ခြောက် ၂.၈ တန် အထိထွက်ပါသည်။ 

ပုံ ၄ - တောင်စောင်းများတွင် ဗက်တီဗာမြက်စိုက်ပျိုးပုံ

ဗက်တီဗာစနစ် (Vetiver System) တွင် ဗက်တီဗာမြက်နည်းပညာ (Vetiver Grass Technology) ဖြင့် လိုအပ်ချက်များစွာကို ဖြည့်တင်းပေးနိုင်ပါသည်။ ဤစနစ်ဖြင့်

(၁) တောင်စောင်းမြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပါသည်။

(၂) မြစ်၊ ချောင်းများ၊ တံတား၊ မီးရထားလမ်းဘေးပါမကျန် ရေကြီးပြိုကြမှုကို ကြိုတင်ထိန်းသိမ်းထားနိုင်ပါသည်။

(၃) သုတေသနပြုလုပ်ချက်များအရ ဤမြက်နှင့်တွဲစိုက်ထားသော ဟင်းသီးရွက်စိုက်ခင်းများသည် အထွက်နှုန်းပိုပါသည်။ သီးနှံပင်များအတွက် အစိုဓာတ်၊ အဟာရဓာတ် ထိန်းသိမ်းပေးနိုင်၍ ဖြစ်ပါသည်။

(၄) အပင်ဖျက်ပိုးမွှားများထောင်ချောက် (Insect Trap) အသုံးပြုပြီး ကာကွယ်နှိမ်နှင်းနိုင်ပါသည်။ မြက်ပင်၏အနံ့ကြောင့် ခြ (Termites)၊ အင်းဆက်များ လာရောက်မှုကို တွန်းထုတ် (Repel) သည့် သဘောဖြစ်သည်။ 

(၅) မြက်ပင်များသည် သစ်ပင်များအကြား ပေါင်းပေါက်ရောက်မှု မရှိစေရန်၊ အပူဒဏ်သက်သာစေရန် မြေငွေ့ထိန်း (Mulching) ပေးနိုင်ပါသည်။ 

(၆) တရုတ်ပြည်တွင် ဝက်၊ ဆိတ်၊ ကျွဲ၊ နွား အစားအစာ (Livestock Feeds) အဖြစ် ဤမြက်ကို ကျွေးကြပါသည်။

(၇) ဤမြက်ခြောက်ကို လက်မှုပညာ အလှအပပစ္စည်း (Handicraft) အဖြစ်ရောင်းပြီး ဝင်ငွေရရှိအောင် ပြုလုပ်နိုင်ပါသည်။ 

(၈) ရေဆိုးများ၊ ညစ်ပတ်သောရေများ (Polluted Water) ကို သန့်ရှင်းအောင်ပြုလုပ်ပေးနိုင်ပါသည်။ အပင်အသုံးချရေဆိုးသန့်စင်မှု (Phytoremediation) ဟုခေါ်ဆိုပါသည်။

(၉) အမြစ်များမှ စပါးလင်ကဲ့သို့ အနံ့မွှေးဆီ (Essential Oil) ထုတ်လုပ်ပြီး နာဗ်ကြောများသန်စွမ်းစေမှု၊ အနာကျက်အောင်ပြုလုပ်နိုင်မှုစသည့် ဆေးဝါး (Medicine) အနေနှင့်လည်း အသုံးပြုနိုင်ပါသည်။ 

(၁၀) အရွက်ခြောက်များကို သက်ကယ်အမိုး (Thatch for Roofing) အနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။

(၁၁) အမြစ်များသည် မြေကြီးအတွင်း အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုများ (Toxic Substances) ကို ဖယ်ရှားပစ်နိုင်သည်။

တကယ်တော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံပညာများသည် ဘာသာရပ် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေ၍ ဗက်တီဗာမြက် အသုံးပြုမှုကိုလည်း ရှုထောင့်အမျိုးမျိုးမှနေ၍ လေ့လာနိုင်ပါသည်။ 

(မှီငြမ်း - သိန်းမော် မြန်မာပြန်ဆိုသည် (၂၀၂၁) ဗက်တီဗာမြက်၊ တတိယအကြိမ်၊ တက်မြန်စာပေ၊ ၉၂-မျက်နှာ)

Reference; Greenfield, John C. (1993) Vetiver – The Hedge against Erosion. 4thEd. World Bank, Washington D.C.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်