အားကောင်းသောလေဖိအားနည်းချိုင့်ဝှမ်း(TROUGH)သည် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ဒေသများပေါ်တွင်ကျရောက်နေပါတယ်။
ထိုင်းနိုင်ငံမိုးလေဝသဌာန မြေပြင်မိုးလေဝသ chart နဲ့ WINDY APP ECMWF Model sounding forecast တွေမှာ - လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)က ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မုတ္တမကွေ့၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ အပေါ်မှာကျရောက်နေပြီး တရုတ်နိုင်ငံနဲ့ တိဗက်ကုန်းမြင့်ပေါ်မှာဖြစ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးမှ အရှေ့မြောက်လေအေးများ က မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းကိုတိုးဝင်နေတာတွေ့ရပါတယ်။
ဒါ့အပြင် - INVEST-96B က တော့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကုန်းတွင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများပေါ်မှာလဲ ဗီယက်နမ်နိုင်ငံတုံကင် ပင်လယ်ကွေ့ကတဆင့်ဝင်လာတဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတာတွေ့ရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ လေထုအခြေအနေတွေကြောင့် - နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း နိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းနိုင်ဦးမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း စတဲ့ဒေသတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၆၀ - ၁၅၀ မီလီမီတာ( ၂ လက်မခွဲခန့် - ၆ လက်မနီးပါးခန့်)အထိ မိုးများနိုင်ကြောင်းတွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသတွေမှာတော့ ၃ ရက်အတွင်း မိုးရေချိန်အများဆုံး ၁၂ မီလီမီတာခန့်(၀.၅ လက်မခန့်) သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားချက်က ထုတ်ပြန်ထားတဲ့ မြစ်ရေအခြေအနေမှာတော့ ဒုဌဝတီမြစ်(ရွှေစာရံမြစ်)၊ ချင်းတွင်းမြစ်အထက်ပိုင်း(ကလေးဝ၊ မော်လိုက်)န့် စစ်တောင်းမြစ်(မဒေါက်)၊ ရွှေကျင်မြစ်(ရွှေကျင်)၊ ပဲခူးမြစ်(ပဲခူး)၊ ဘီးလင်းမြစ်(ဘီးလင်း) စ တဲ့ မြစ်ရေတွေက ရေအတက်များနေတာတွေ့ရပါတယ်။
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။