တိုက်ရိုက်စိုက်နွေစပါး ပေါင်းမြက်အလေးထား

16/11/2021 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    စပါးသီးနှံကို မိုးရာသီနှင့် နွေရာသီနှစ်မျိုးလုံးတွင် စိုက်နည်းစနစ်အမျိုးမျိုးဖြင့်စိုက်တာ မြင်တွေ့ရသည်။ ပျိုးထောင်ကောက်စိုက်သည်။ တိုက်ရိုက်မျိုးစေ့ချသည်။  

    ဘယ်စိုက်နည်းစနစ်က ပိုကောင်းသလဲ။ ပြောရခက်ပါသည်။ စိုက်နည်းစနစ်တိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုတာတွေ ရှိလို့ဖြစ်သည်။ မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ အားနည်းချက်ကို သိရှိလိုက်နာပြုပြင်မှု မပြုလုပ်လျှင် စပါးအထွက်လျော့နည်းမည်သာဖြစ်သည်။ စိုက်ပျိုးနည်းစနစ်အလိုက် စနစ်တကျဆောင်ရွက်လျှင် ပျိုးထောင်ပဲစိုက်စိုက်၊ တိုက်ရိုက်ပဲကြဲကြဲ စပါးအထွက်မှာ ကွာခြားခြင်းမရှိလို့ သိထားပါသည်။  

နွေစပါး

    ယခုအခါ နွေစပါးစတင်စိုက်ပျိုးမည့်ရာသီ ရောက်ပြီ။ နွေစပါးကို အများစုက အစိုတမန်းပြင်၌ မျိုးစေ့ကို ကြဲပက်စိုက်သည်။ အချို့မှာ မျိုးစေ့ချကိရိယာများဖြစ်သော IRRI Drum Seeder နှင့် Vietnam Drum Seeder တို့နှင့် စိုက်သည်။ ကြိုးတန်းဆွဲလက်ဖြူးချ စိုက်ပျိုးတာ၊ ကြိုးတန်းဆွဲလက်စုချ စိုက်ပျိုးတာတွေလည်းရှိသည်။  ဒေသအလိုက် သင့်တော်ရာ မျိုးစေ့ချနည်းကို သုံးစွဲလျက်ရှိသည်။ အားလုံးသည် တိုက်ရိုက်မျိုးစေ့ချတာ တွေချည့် ဖြစ်ပါသည်။

အားသာချက်

    စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းသည် ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဥ်လျှင် အားသာချက်တွေရှိသည်။ လုပ်သားသုံးစွဲရမှုကို သက်သာစေသည်။ စိုက်ပျိုးရေလိုအပ်မှုကိုလျော့နည်းစေသည်။ ကရိကထားများခြင်းမရှိ။ 

    ပျိုးထောင်ကာ ပျိုးပင်ကို ရွှေ့ပြောင်းကောက်စိုက်ရသည်ထက် လွယ်ကူသည်။ စိုက်ဧရိယာအများအပြားကို ကုန်ကျစရိတ်သက်သာစွာဖြင့် လျင်မြန်စွာ စိုက်ပျိုးပြီးစီးစေသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေသည်။

    ထို့ပြင် တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းသည် ပျိုးထောင်ကောက်စိုက်ခင်းထက် စော၍ ရင့်မှည့်သည်။ ဆက်လက်စိုက်ပျိုးမည့် သီးနှံများအတွက် မြေဆီလွှာ၏ရုပ်သဘာဝကို ကောင်းမွန်စေသည်။ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေသည်။ ရေမြေအခြေအနေအမျိုးမျိုးတွင် ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။ 

အားနည်းချက်

    အပင်ဖြစ်ထွန်းမှု မညီညာသည့်အပြင် ပင်စည်တောင့်တင်းမှုမရှိ၊ အားနည်းသည်။ ပေါင်းမြက်မျိုးစုံ အလွယ်တကူပေါက်ရောက်မှုကို ဖြစ်စေသည်။ ပိုးမွှားရောဂါများ အလွယ်တကူကျရောက်နိုင်သည်။ အစေ့အဆံမအောင်မြင်သောအနှံများကို ဖြစ်ပေါ်စေသည်။ စပါးမျိုးများတွင် သက်လျင်၊ သက်လတ်ဟူ၍ရှိရာ စပါးမျိုးတိုင်းအတွက် တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်ခြင်းမရှိပါ။ စပါးပင်ယိုင်လဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

ကြွက်၊ ငှက်၊ ခရု၊ ပုရစ်၊ ပုရွက်ဆိတ်၊ နီမတုတ်စသည့် ဖျက်ကောင်အမျိုးမျိုး ဖျက်ဆီးမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်သည်။ ထို့ကြောင့်  စပါးအထွက်လျော့နည်းစေနိုင်ပါသေးသည်။

ပေါင်းမြက် 

    မည်သည့်နည်းဖြင့် တိုက်ရိုက်မျိုးစေ့ချသည်ဖြစ်စေ စပါးပင်နှင့် ပေါင်းမြက်ပင်တို့ တစ်ပြိုင်တည်းအပင်ပေါက်ဖို့ အခွင့်အရေးရသည်။ ပေါင်းမြက်ပင်က နေရောင်ခြည်၊ အပင်အာဟာရနှင့် ရေတို့ကို စပါးပင်နှင့် ယှဉ်ပြိုင်ရယူစားသုံးတော့သည်။

    စပါးအထွက်မလျော့ရေးအတွက် ပေါင်းမြက်ပြဿာနာကို မည်သို့ဖြေရှင်းမည်နည်း၊ ကြိုတင်စဉ်းစားဆောင်ရွက်ရန်ဖြစ်သည်။ ပေါင်းသတ်ဆေးကို သုံးစွဲမည်ဆိုပါက- -

(၁) စပါးမစိုက်မီ စိုက်ခင်း၌ပေါက်ရောက်နေသော ပေါင်းမြက်များအား ဆေးဖျန်း (Pre-plant) သတ်မည်လား၊ 

(၂) စပါးခင်းမှာ စပါးကတော့စိုက်ပြီးပြီ စိုက်သည့်နေ့ကနေ သုံးရက်အတွင်း ပေါင်းမြက်ပင်များမပေါက်မီ ကြိုတင်ဆေးဖျန်း (Pre- emergence) မည်လား၊ 

(၃) စပါးစိုက်ပြီး ပေါင်းမြက်ပင်များပေါက်ရောက်လာချိန် ဆေးဖျန်းသတ် (Post-emergence) မည်လား၊ ကြိုတင်စဥ်းစားရန် ဖြစ်ပါသည်။ 

    ပေါင်းမြက်ပင်များကို  နှိမ်နင်းရန် (သို့မဟုတ်) ကြီးထွားမှုကိုဟန့်တားရန် ပေါင်းသတ်ဆေးအမျိုးအစားမှန်ကို နည်းစနစ်မှန်ဖြင့် သုံးစွဲရမည့်အချိန်မှန်တွင် သုံးစွဲရန်ဖြစ်ပါသည်။

    တစ်ခုတော့ပြောလိုပါသည်။ ပေါင်းမြက်ပင်များကိုနှိမ်နင်းရာတွင် ပေါင်းသတ်ဆေးသုံး၍ ကာကွယ််နှိမ်နင်းခြင်း (တနည်းအားဖြင့်) နှိမ်နင်းနည်းတစ်မျိုးတည်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့်ကာကွယ်မှုကို ပေးနိုင်မည်မဟုတ်ပါ။ 

    ပေါင်းမြက်ပြဿနာကို ထွန်ရေးတမန်းကောင်းအောင်ပြင်ခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်း၊ စနစ်တကျရေထိန်းသိမ်းခြင်း၊ ပဲမျိုးစုံသီးနှံနှင့် အလှည့်ကျစိုက်ပျိုးခြင်း၊ လက်ပေါင်းလိုက်ခြင်းစသည်တို့ကို တွဲဖက်လုပ်ကိုင်ရန်လိုကြောင်း အသိပေးလိုပါသည်။

    စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြရာတွင်  ပေါင်းမြက်ပြဿနာကြောင့်  စပါးအထွက်လျော့နည်းခြင်း မရှိစေရန် စပါးစိုက်ပျိုးရန် မြေပြုပြင်သည်မှစ၍ စပါးအပင်ပွားစည်းမှုကာလ ကုန်ဆုံးသည်အထိ ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့ တိုက်တွန်းလိုပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်