အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးသုတ မတ်လ

စိုက်ပျိုးသုတ မတ်လ

Soe Myint
Soe Myint • 01/03/2024

ဆည်ရေ၊ သွင်းရေကိုသာ အားကိုးစိုက်ပျိုးရသည့် မိုးကြိုသီးနှံများဖြစ်သော နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ စပါးနှင့် မြေတွင်းအစိုဓာတ်ကို အဓိကအားကိုး စိုက်ပျိုးသည့် ကြံသီးနှံတို့နှင့် ပတ်သက်၍ ယခုလအတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

နွေစပါး(ခေါ်)မိုးကြိုစပါး

  • နွေစပါး(ခေါ်)မိုးကြိုစပါးစိုက်ပျိုးခြင်းမပြုရသေးပါက မတ်လအတွင်းအပြီး စိုက်ပျိုးပါ။ 
  • စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းသည် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု သိထားသည်။ 
  • ဖုံးတုံးလုံးတုံးအချိန်နှင့် အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် အထက်ရှိသည့်ကာလနှင့် မတိုက်ဆိုင်ဖို့လိုသည်။ ထိုအချိန်မတိုင်မီ အနှံထွက် ပန်းပွင့်ပြီး ဖြစ်သင့်သည်။ 
  • သို့ဖြစ်၍ စိုက်ပျိုးမည့်စပါးမျိုး၏ သက်တမ်းအရ ပန်းပွင့်ချိန်ကို ခန့်မှန်းပြီး ချိန်ဆ စိုက်ပျိုးပါ။
  • စပါးမစိုက်မီလယ်မြေတွင်ကွန်ပေါင်းဓာတ်မြေသြဇာ(သို့မဟုတ်)သဘာဝမြေသြဇာ (နွားချေးဆွေး/ မြေဆွေး)ထည့်ပေးပါ။
  • တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်၍ ပေါင်းမြက်ထူပြောနိုင်သည်။ ပေါင်းမြက်ကို အထူးအလေးထားပြီး စိုက်ပြီး(၃၀ - ၃၅) ရက်အတွင်း ပေါင်းမြက်များ ကင်းစင်အောင် ရှင်းလင်းပါ။ 
  • ပေါင်းသတ်ဆေးအသုံးပြုမည်ဆိုပါက စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက် ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးတာအကောင်းဆုံးဖြစ်သည်။ ဆေးဖျန်းချိန် နောက်ကျလျင်တော့ လက်ပေါင်းလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။
  • စပါးပင်ကြီးထွားချိန်တွင် (၂ - ၃) ကြိမ် ရေပေးသွင်းပါ။ သွင်းရေကို ချွေတာရန် စိုတစ်လှည့် ခြောက်တစ်ခါ ရေသွင်းစနစ်(Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ပါ။  
  • ပင်ပိုင်းကြီးထွားချိန်တလျှောက်ကျရောက်နိုင်သည့် ဖျက်ပိုးနှင့် ရောဂါများကို ကာကွယ်ပါ။

နှမ်းလျင်သီးနှံ 

  • နှမ်းလျင်အပင်သားခွဲမှုလုပ်ငန်းကို မဖြစ်မနေပြုလုပ်ပါ။ နှမ်းပင် မူမှန်အရွက် ၆ ရွက် ထွက်ချိန် (အပင်သက်တမ်းအရပြောရလျင် အပင်နှစ်ပတ်သားခန့်)တွင် အသန်ဆုံး နှမ်းပင် တစ်ပင်ချန်ပြီး သားခွဲပါ။
  • သားခွဲရမည့်အချိန်သည် အရေးကြီးသည်။ နောက်ကျလျင်အပင်လှီမည်။ ကြီးထွား သန်စွမ်းမှုနှေးပြီး အသီးနည်းမည်။ တစ်ဧကတွင် ရိတ်သိမ်းအပင် တစ်သိန်းကျန်ရှိအောင် သားခွဲရမှာ ဖြစ်ပါသည်။ 
  • နှမ်းလျင်သီးနှံရေသွင်းရာတွင်  အပင်ဖြစ်ထွန်းမှုညီညာစေရန် စိုက်ခင်းနေရာအနှံ့ ရေရောက်ရှိအောင် သွင်းပါ။

ချည်မျှင်ရှည်၀ါသီးနှံ

  • မိုးကြိုချည်မျှင်ရှည်ဝါကို မတ်လလယ်အတွင်းအပြီး စိုက်ပျိုးပါ။
  • လယ်မြေတွင် စပါးအပြီးစိုက်ပါက စပါးထယ်ရေးထက် အနည်းဆုံး တစ်လက်မ ပို၍ နက်အောင် ထယ်ထိုးပါ။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေး အောက်ခြေ မာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင် အမြစ်ကြီးထွားမှုကို ထိခိုက် စေတတ်သည့် အဆိုပါမာကြောလွှာကို ခွဲပေးလိုက်သည့်သဘောဖြစ်ပါသည်။
  • ချည်မျှင်ရှည်ဝါသီးနှံကို ပိုးမွှားရောဂါများ အလွန်ကြိုက်သည်။ ကြိုတင် ကာကွယ်သင့်သည်။ မျိုးစေ့ကိုသင့်တော်ရာလူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။
  • သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို မြေခံတွင် ထည့်ပါ။
  • စိုက်ပျိုးမြေအမျိုးအစားအလိုက် မြေကောင်းတွင် ၃ ပေ X ၃ပေ၊ မြေသင့်တွင်  ၃ ပေ X ၂ ပေ၊ မြေညံ့တွင် ၂.၅ ပေX ၂.၅ ပေ စိုက်ပျိုးပါ။
  • အပင်ပုံမှန်ဖြစ်ထွန်းရန်၊ သီးကိုင်းများပုံမှန်ကြီးထွားရန်၊ အပင်ကြီးထွားမှုအဆင့် အလိုက်ဖြစ်ထွန်းရန်၊ ဂွမ်း၊ ဝါစေ့အရည်အသွေးကောင်းမွန်ရန်နှင့် အထွက်နှုန်းတိုးစေရန် အတွက် ရွက်စစ်(၃ - ၄) ရွက်ထွက်ချိန်၊ စိုက်ပြီး (၁၈ -၂၁) ရက်အတွင်း စိုက်ကျင်း(၁)ကျင်း လျှင်(၂)ပင်ချန်လျက် သားခွဲပါ။ 

ကြံသီးနှံ

  • ကြံပင်သက်တမ်းရက် ၉၀ မှ ၁၂၀ အတွင်း မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းပါ၊ ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်က ပိုကောင်းပါသည်။ ကြံပင်သက်တမ်းရက် ၁၂၀ တွင်တော့ တစ်ပါတည်း ပေါင်လုံးပေးရန် ဖြစ်ပါသည်။
  • ကြံပင်သည် အပင်မြင့်သောအမျိုးအစားဖြစ်သော်လည်း ပထမပိုင်းကာလတွင် ပေါင်းမြက်ပင်များ ရှိမနေဖို့ သတိပြုရပါမည်။ လိုအပ်သလို ပေါင်းမြက်နှိမ်နင်းခြင်း လုပ်ငန်းအား ဆောင်ရွက်ပါ။ 

မတ်လသည် သုံးရာသီ ရာသီဥတုပြောင်းလဲမှုအစဥ်အရ နွေရာသီ၏အစကာလ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသသည် အပူချိန် ကွာခြားချက်များပြီး ရာသီဥတုပြင်းထန်သည့် ဒေသဖြစ်သည်။ မတ်လလယ်မှစတင်ပြီး တဖြည်းဖြည်း  အပူချိန်မြင့်မားလာနိုင်သည်ဖြစ်ရာ မိုးကြိုသီးနှံများနှင့် ကြံသီးနှံတို့တွင် အစိုဓာတ်မပြတ်ရေး လိုအပ်သည့်အချိန်တွင် ရေပေးသွင်းနိုင်ရေး ကြိုတင်စီစဥ် ဆောင်ရွက်နိုင်ကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
Ko Thein Htay

Ko Thein Htay

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ..

တင်မျိုး

တင်မျိုး

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူး

Thu ya

Thu ya

လွန်ခဲ့သော ၂ နှစ် က

thank

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။