ယူကရိန်းစစ်ပွဲ၊ ဓာတ်မြေဩဇာပိတ်ဆို့မှုနဲ့ ဘရာဇီးလယ်သမားတွေရဲ့ ဒုက္ခ
ယူကရိန်းမှာ စစ်ဖြစ်နေတာကြောင့် ကမ္ဘာ့ပေါင်မုန့်ဖိုကြီးတွေထဲကတစ်ခုလို့ တင်စားရမယ့် ဘရာဇီးထံ ဓာတ်မြေဩဇာတင်ပို့ရောင်းချမှု အလျင်ပြတ်လာနိုင်လို့ ဘရာဇီးနိုင်ငံဟာ ဓာတ်မြေဩဇာရောင်းလက်သစ်ကို ရှာဖွေနေရပါပြီ။ ဒီကနေ ရိုက်ခတ်မှုအနေနဲ့ မြင့်တက်နေနှင့်ပြီး ကမ္ဘာ့စားသောက်ကုန်ဈေးအပေါ်ပါ သက်ရောက်လာပါ တော့မယ်။
လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ ဘရာဇီးဟာ ကော်ဖီ၊ ပဲပုပ်နဲ့ သကြား ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေး စူပါပါဝါနိုင်ငံတွေထဲမှာတော့ ဘရာဇီးက တင်သွင်းဓာတ်မြေဩဇာအပေါ် အမှီခိုရဆုံး ဖြစ်ပါတယ်။ ဘရာဇီးဟာ ဓာတ်မြေဩဇာသုံးစွဲမှုရဲ့ ၈၅ ရာခိုင်နှုန်းကို တင်သွင်းနေရပြီး သွင်းကုန်ထဲက ငါးပုံတစ်ပုံဟာ ရုရှားဆီက လာတာ ဖြစ်ပါတယ်။ ရုရှားကုန်သွယ်ရေးဝန်ကြီးဌာနဟာ ဓာတ်မြေဩဇာတင်ပို့မှုကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ဖို့ လောဆော်ထားတယ်လို့ ရုရှားအစိုးရသတင်းဌာန TASS က သောကြာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
"ဘရာဇီးက ဓာတ်မြေဩဇာကို အားကိုးနေရပါတယ်။ ဒါကြောင့် ယခုမေးခွန်းဟာ ကျွန်တော်တို့အတွက် ဖြေရှာခက်တဲ့ မေးခွန်းတစ်ခုပါ" လို့ ဘရာဇီးသမ္မတ ဂျေယာ ဘော်လ်ဆာနာရိုက ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားနဲ့ မိတ်မပျက် ဆက်ဆံနေသေးတဲ့ သူ့ဆုံးဖြတ်ချက်ကို ကာကွယ်ရင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ မစ္စတာ ဘော်လဆာနာဒိုဟာ ရုရှားကျူးကျော်စစ် စတင်တဲ့ ဖေဖော်ဝါရီ ၂၄ မတိုင်ခင် ရက်အနည်းငယ်အလို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ သွားရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင် အနည်းငယ်ထဲက တစ်ဦး ဖြစ်ပါတယ်။
ဘရာဇီးလယ်သမားတွေဟာ ဓာတ်မြေဩဇာအတွက် အလွန်အမင်း များပြားတဲ့ဈေးကို ပိုပေးလာရမယ်ဆိုရင် ဒါမှမဟုတ် သီးနှံအများအပြား ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူးဆိုရင် ဘရာဇီးထွက် လယ်ယာထုတ်ကုန်တွေရဲ့ ဈေးနှုန်း မြင့်တက်လာပြီး ကမ္ဘာ့စားသောက်ကုန်ဈေးကိုပါ တွန်းတင်ပေးပါလိမ့်မယ်။
ဘရားဇီးဟာ ကမ္ဘာ့ဈေးကွက်ထဲကို ပြောင်းနဲ့ အမဲသား ရောင်းချနေတဲ့ အဓိကနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ သီးနှံကုန်ကြမ်းဈေး ကြီးမြင့်လာတာက တိရစ္ဆာန်စာစရိတ်ကိုပါ တိုးမြင့်စေပြီး ဒီကနေ စားသုံးသူတွေအပေါ် ဝန်ပိလာကာ အသားနဲ့ အခြားတိရစ္ဆာန်ထွက် ထုတ်ကုန်တွေအတွက် ဈေးပိုပေးလာကြရပါတော့မယ်။
ယူကရိန်းပဋိပက္ခ မတိုင်ခင်ကတည်းက ကမ္ဘာတစ်ဝန်းက လယ်သမားတွေ ဓာတ်မြေဩဇာ လုံလုံလောက်လောက် ဝယ်မရတဲ့ ပြဿနာ ကြုံနေခဲ့ရပြီး တချို့မြေဩဇာဈေးတွေဟာ အရင်နှစ်အတွင်း နှစ်ဆကျော်လောက် မြင့်တက်နေခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ဈေး မြင့်တက်နေခြင်းကလည်း နိုက်ထရိုဂျင်ဓာတ်မြေဩဇာမှာ လိုအပ်တဲ့ အမိုးနီးယား ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် တရုတ်မှာလည်း ဓာတ်မြေဩဇာစက်ရုံတွေ ဓာတ်အားပြတ်တောက်မှုဖြစ်၊ အမေရိကားမှာလည်း အိုင်ဒါဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ကမ္ဘာ့ဓာတ်မြေဩဇာထုတ်လုပ်မှု ကျဆင်းခဲ့ရပါတယ်။
ယူကရိန်းမှာ စစ်ဖြစ်တာနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူတာ တွေဟာ အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ လုပ်ငန်းတွင်း အကဲခတ်လေ့လာသူတွေက ပြောပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာရောင်းအားပြဿနာ တာရှည်ဖြစ်ဖို့အလားအလာ များလာပြီး ကုန်ဈေးနှုန်းမြင့်တက်မှု နဲ့ ဆင်းရဲသားတွေ ငတ်မွတ်မှု ထပ်တိုးလာဖွယ် ရှိပါတယ်။
ကမ္ဘာ့ အမိုနီယံနိုက်ထရိတ် ထုတ်လုပ်မှုရဲ့ သုံးပုံနှစ်ပုံ အထိရှိတဲ့ ရုရှားဟာ သူတို့ပြည်တွင်းလယ်သမားတွေအတွက် ဓာတ်မြေဩဇာ လုံလောက်အောင် ပို့ကုန်ကို ဧပြီလအထိ ဆိုင်းငံ့ထားလိုက်ပါတယ်။ ပဋိပက္ခနောက်ဆက်တွဲအနေနဲ့ သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာတာကလည်း ပြောင်း၊ ဂျုံ စတဲ့ သီးနှံအထွက် တိုးအောင်လုပ်တဲ့ ဓာတ်မြေဩဇာဈေးကိုပါ တွန်းတင်ပေးခဲ့ပါတယ်။
"ဘာဖြစ်လာမယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ စစ်ဆိုတာ ဖြစ်လာရင် အသေအချာ ပြောနိုင်တာ လုံးဝမရှိတော့ပါဘူး။ သီးနှံထုတ်လုပ်စရိတ်ကလည်း မှန်းမရတဲ့အရာ ဖြစ်လာပြီ" လို့ ဘရာဇီးအနောက်အလယ်ပိုင်းရှိ မာတိုဂရော့ဆိုပြည်နယ်ထဲက ပဲပုပ်တောင်သူ ရီကာဒို အာရီယိုလီက ပြောပါတယ်။
ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး တီရီဇာ ခရစ္စတီနာဒီယက်ဇ်ကတော့ ဓာတ်မြေဩဇာ ထပ်ဝယ်ယူနိုင်အောင် ဒီလထဲမှာ ကနေဒါကို သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ကနေဒါဟာ ရုရှားနဲ့ ဘီလာရု့စ်ပြီးရင် ကမ္ဘာပေါ်မှာ ပိုတက်ရှ်ဓာတ်မြေဩဇာထုတ်လုပ်မှုအများဆုံး နိုင်ငံပါ။
မစ္စ ဒီယက်ဇ်က ဘရာဇီးဆီမှာ လယ်သမားတွေအတွက် အောက်တိုဘာအထိ လုံလောက်တဲ့ ဓာတ်မြေဩဇာ လက်ကျန် ရှိသေးကြောင်း ပြောပါတယ်။ သူ့စကားကို အားလုံးကတော့ သဘောမတူပါဘူး။
ပြည်တွင်းဓာတ်မြေဩဇာလက်ကျန်ဟာ နောက်သုံးလစာလောက်သာ ခံတော့မယ်လို့ နိုင်ငံတွင်း ဓာတ်မြေဩဇာ ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ဘရာဇီးဓာတ်မြေဩဇာအသင်းက သတိပေးထားပါတယ်။ စီးပွားရေးပိတ်ဆို့မှုနဲ့ ခရီးသွားကန့်သတ်ချက်တွေဟာ ဘရာဇီးထံ ဓာတ်မြေဩဇာတင်ပို့မှုကို အဟန့်အတားဖြစ်စေတယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။
"တင်သွင်းဓာတ်မြေဩဇာအပေါ် အားကိုးနေရရင် ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နဖူးတွေ့ဒူးတွေ့ ကြုံကြရပြီ" လို့ Agrinvest Commodities ဘရာဇီးလယ်ယာကုန်စည်လုပ်ငန်းရဲ့ ဓာတ်မြေဩဇာပညာရှင် ဂျက်ဖာဆင်ဆူဇာက ပြောပါတယ်။ နှေးကွေးလေးလံလွန်းတဲ့ ဘရာဇီးကုန်ထုတ်စွမ်းအားကြောင့် ဘရာဇီးပြည်တွင်း ဓာတ်မြေဩဇာထုတ်လုပ်မှုလုပ်ငန်း ပိုပြီး ကြီးထွားမလာခဲ့တာလို့ ၎င်းက ပြောပါတယ်။
ဘရာဇီးအစိုးရကတော့ ပိုတက်ရှ်နဲ့ ဖော့စဖရတ်မိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုကောင်းလာအောင် နိုင်ငံတော် ဓာတ်မြေဩဇာအစီအမံကို စတင်အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။ လယ်သမားတွေ အဲဒီက အသီးအပွင့်ကို ခံစားရဖို့တော့ နှစ်များစွာ စောင့်ရဦးမယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာ့စားသောက်ကုန်စည်ဈေးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေး ထိခိုက်ခဲ့တာနဲ့ သီးနှံထုတ်ဒေသအချို့မှာ မိုးကြီးကာ ထုတ်လုပ်မှု ကျဆင်းခဲ့တာတွေကြောင့် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် မစတင်ခင်ကတည်းက ၁၀ နှစ်အတွင်း အမြင့်ဆုံးအထိ မြင့်တက်နေခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကပ်ဘေး နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်က အဆင်းရဲဆုံးမိသားစုတွေကြား ငတ်မွတ်ခေါင်းပါးနှုန်း မြင့်တက်လာစေတော့မယ်လို့ နိုင်ငံအစိုးရတွေနဲ့ အကူအညီအဖွဲ့တွေက သတိပေးထား ပါတယ်။
ဒီပြဿနာဟာ ဘရာဇီးလို လက်တင်အမေရိကနိုင်ငံမျိုးတွေမှာ ပိုလို့ ဆိုးရွားနေပါတယ်။ အဲဒီမှာက ကုန်ဈေးနှုန်း ကြောင့် အိမ်ငှားခ၊ လျှပ်စစ်မီတာခ စတဲ့ နိစ္စဓူဝစရိတ်တွေ မြင့်တက်နေပြီး မိသားစုတွေဟာ အစားအသောက် အတွက် သုံးစရာငွေကြေး အနည်းငယ်သာ ကျန်ကြတော့တာပါ။ ၂၀၂၀ နှစ်ကုန်တုန်းကတောင် လူဦးရေ ၂၂၆ သန်းရှိတဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသထဲမှာ လူသုံးယောက်အနက် တစ်ယောက်ဟာ အာဟာရပြည့်ဝတဲ့ အစာ မစားနိုင်တာမျိုး၊ ကလေးတွေ ထမင်းနပ်မှန်အောင် မိမိက အနပ်ကျော်စားတာမျိုးတွေ လုပ်နေခဲ့ကြရတယ်လို့ ကုလသမဂ္ဂ စာနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသ ဌာနေကိုယ်စားလှယ် ဂျူလီယို ဘာဒီဂွယ်က ပြောပါတယ်။
ဒါတောင် စားသောက်ကုန်ဈေးက အဲဒီဒေသကို အကျပ်မရိုက်စေခင် ကာလတုန်းကအဖြစ်ပါ။ "အခြေအနေဟာ ဒီထက်ပိုဆိုးမလာဘူးဆိုရင်တော့ အလွန်အံ့ဩဖွယ်ရာ တစ်ခုလို့တောင် ဆိုရမယ်" လို့ မစ္စတာ ဘာဒီဂွယ်က ပြောပါတယ်။
ဓာတ်မြေဩဇာစရိတ် မြင့်တက်လာတာကြောင့် ဘရာဇီးလယ်သမားတွေအနေနဲ့ ရုရှား၊ ယူကရိန်းဘက်က သီးနှံ ရောင်းအားအကျကို ဖြည့်ဆည်းနိုင်ဖို့ ထုတ်လုပ်မှုမြှင့်တင်ရေးပါ အခက်တွေ့နေရပါတယ်။
"ဘရာဇီးမှာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ နည်းပညာက ရှိပါတယ်။ ဒါပေမဲ့ ယခုလို ပိတ်ဆို့မှုတွေနဲ့ကတော့ ဓာတ်မြေဩဇာဈေးဟာ အဆမတန် တက်သွားပြီး သီးနှံ မစိုက်တော့တာပဲ အေးတယ်ဆိုတဲ့ အခြေအနေ ရောက်သွားပါတယ်" လို့ ဘရာဇီးပဲပုပ်စိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အကြီးအကဲ အန်တိုနီယိုဂယ်လ်ဗန်က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Ukraine War Hits Farmers as Russia Cuts Fertilizer Supplies, Hurting Brazil - WSJ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Myint Soe Htunn
လွန်ခဲ့သော ၄ နှစ် ကမြန်မာသည်လည်း၊စိုက်ပျိုးရေးကိုအဓိက၊အားထားရသောနိုင်ငံဖြစ်သည်နှင့်အတူ၊ယမန်နှစ် ထက်ဓာတ်မြေဩဇာဈေးနုံးမြင့်တက်ပါက၊တောင်သူအများစုထိခိုက်ပြီးစိုက်ပျိုးရေးလုပ်ငန်းကျဆင်းပေမည်၊အကြောင်းအမျိုးမျိုးကြောင့်စီးပွားကြတ်တည်းမှုကြားက၊ဓာတ်မြေဩဇာဈေးနုံးမြင့်တက်မှုကြောင့်၊တောင်သူများဗူးလေးရာဖရုံဆင့်သကဲ့သိုရှိပြီး ကုန်ထုတ်လုပ်မှုကျဆင်းပေတော့မည်။ သဘာဝမြေဩဇာကိုပိုမိုသုံးစွဲသော်လည်း၊ဓာမြေဩဇာအမှန်လိုအပ်မှုမှာလည်းရှိနေပါသည်။ ဘယ်လိုများဖြည့်ဆီးရနှိုင်ပါမည်လဲ? တောင်သူများကို၊ပြန်လည်မျှဝေလိုပါသည်။ ကျေးဇူးတင်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023