အလှထိုးပန်းအိုးအတွက် ပန်းကြာရှည်ခံအောင်ထားနည်း
ပန်းအလှဆင်ခြင်း၊ ပန်းထိုးခြင်းနဲ့ ဘုရားပန်းကပ်လှူခြင်းတို့ဟာ ဗမာလူမျိုးတွေအနေနဲ့ အမြဲပြုမူလုပ်ဆောင်နေတဲ့ အလေ့အထတွေဖြစ်ပါတယ်။ ပန်းအလှဆင်တာဟာ ပြုလုပ်တဲ့သူအဖို့ ကြည်နူးပျော်ရွှင်စရာကောင်းသလို မြင်ရတဲ့သူအတွက်လည်း မျက်စိပသာဒဖြစ်စေပြီး စိတ်ချမ်းမြေ့စေပါတယ်။ ပန်းအလှဆင်ခြင်းနဲ့ ပန်းထိုးခြင်းတို့ကို ပွဲလမ်းသဘင်အခမ်းအနားတွေမှာသာမက နေအိမ်တွေ၊ ရုံးခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စေတီ ဘုရား ပုထိုးတွေမှာပါ ကပ်လှူကြပြီး အလှဆင်ကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ဒါပေမယ့် အလှပန်းအိုးထိုးတဲ့အခါ ပန်းအများစုဟာ သိပ်ကြာရှည်မခံဘဲ ပုံမှန်အားဖြင့် ၂ - ၃ ရက်လောက်နေရင် ညှိုးနွမ်းသွားတာက များပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ အလှပန်းအိုးထိုးတဲ့အခါ သိထားသင့်တဲ့ အချက်တွေရယ်၊ ပန်းတွေကြာရှည်ခံအောင် ဆောင်ရွက်ရမယ့် အချက်အလက်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပန်းအလှထိုးကြတဲ့အခါ အလှဆင်ပြီး သိပ်မကြာခင်မှာပဲ ပန်းတွေညှိုးနွမ်းသွားတာကို လူတိုင်း လက်တွေ့ ကြုံဖူးပြီးသားဖြစ်ကြမှာပါ။ တစ်ခါတစ်ရံမှာ ရိုးရှင်းတယ်လို့ထင်ထားရတဲ့ သန့်ရှင်းတဲ့ပန်းအိုး အသုံးပြုတာတွေ၊ ပန်းအိုးထဲ သကြားထည့်ပေးတာမျိုးတွေဟာလည်း ပန်းပွင့်တွေကြာရှည်ခံဖို့အတွက် အထောက်အကူပြုတာ တွေ့ရမှာဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ မျှဝေပေးမယ့်အချက်တွေအပြင် စာဖတ်သူတို့ကိုယ်တိုင်ရော အိမ်မှာထိုးထားတဲ့ပန်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြာရှည်ခံအောင်လုပ်တဲ့နည်းလမ်းတွေ ရှိမယ်ဆိုရင် ဆောင်းပါးအောက်မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
သန့်ရှင်းတဲ့ ပန်းအိုးအသုံးပြုပါ
ပန်းအလှထိုးတဲ့အခါမှာ သန့်ရှင်းတဲ့ပန်းအိုးကို အသုံးပြုသင့်ပါတယ်။ စာဖတ်သူအနေနဲ့ အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်တဲ့ အချက်ပါပဲ။ သန့်ရှင်းမှုမရှိတဲ့ ပန်းအိုးတွေဟာဆိုရင် ဘက်တီးရီးယားတွေကို သယ်ဆောင်နိုင်ပြီး ၎င်းမှတစ်ဆင့် ပန်းပွင့်ဆီကို ကူးစက်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ အလှထိုးထားတဲ့ပန်းရဲ့သက်တမ်းကိုပါ လျော့ကျစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပန်းအိုးတွေကို ဆပ်ပြာအသုံးပြုပြီး ရေနဲ့ မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ပန်းအိုးသန့်ရှင်းရေးအပြင် အလှဆင်မယ့်ပန်းနဲ့ သင့်တော်တဲ့ ပန်းအိုးအရွယ်အစားကိုလည်း ရွေးချယ်သင့်ပါတယ်။ သို့မှသာ မိမိအလှဆင်ထားတဲ့ ပန်းတစ်ပွင့်စီတိုင်းအတွက် သင့်တင့်မျှတတဲ့ ရေပမာဏ လုံလောက်စွာရရှိပြီး သက်တမ်း ကြာရှည်ခံမှာဖြစ်ပါတယ်။
ပန်းရဲ့ ရိုးတံကို ထောင့်ဖြတ်ဖြတ်ပါ
လူအများစုဟာ ပန်းဝယ်လာပြီး ပန်းအိုးထိုးတဲ့အခါ ရိုးတံအတို/အရှည်လောက်သာ ညှိပြီး တစ်ခါတည်း ပန်းအိုးမှာ ထိုးလိုက်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဈေးကနေဝယ်လာတဲ့ပန်းပဲဖြစ်ဖြစ်၊ အိမ်မှာစိုက်ထားတဲ့ ပန်းပဲဖြစ်ဖြစ် အလှထိုးဖိုအတွက် ပြင်ဆင်နေတယ်ဆိုရင် ပန်းအိုးထဲမထိုးခင်မှာ ၄၅ ဒီဂရီစောင်းပြီး ထောင့်ဖြတ် ဖြတ်ပေးသင့်ပါတယ်။ အဲ့သလိုဖြတ်ပေးခြင်းဟာ အဖြောင့်တိုင်းဖြတ်တာထက် ရိုးတံမှာ မျက်နှာပြင်ဧရိယာပိုကျယ်ပြန့်စေပြီး ရေကိုလည်းပိုပြီး စုပ်ယူနိုင်ပါတယ်။ ရေကိုကောင်းစွာ စုပ်ယူနိုင်တဲ့အတွက် ပန်းရဲ့သက်တမ်းကိုလည်း ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
ပန်းရဲ့ အကိုင်းအခက်များ ချိုင်ပေးပါ
ဒီအချက်ကတော့ အိမ်မှာ အလှပန်းပင်တွေ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားတဲ့ သူတွေအတွက် ပိုအကျုံးဝင်ပါလိမ့်မယ်။ ပန်းပင်တွေရဲ့ အကိုင်း၊ အခက်တွေကို ချိုင်ပေးခြင်းဟာ ၎င်းတို့ရဲ့သက်တမ်းကို ပိုပြီးကြာရှည်စေပါတယ်။ ပန်းပင်ရဲ့ ထိခိုက်ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ၊ သေနေ ခြောက်နေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပေးခြင်းဟာ ပန်းပွင့်ပွင့်ဖို့အတွက် အာဟာရနဲ့ စွမ်းအင်တွေပိုရပြီး ကောင်းကျိုးဖြစ်စေပါတယ်။ ကိုင်းချိုင်ပေးခြင်းအားဖြင့် လှပတဲ့ပန်းပွင့်တွေ ရရှိနိုင်သလို ပန်းပွင့်တွေရဲ့ သက်တမ်းကိုလည်း ကြာရှည်ခံစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
အလှပန်းအိုးထားမယ့်နေရာကို ရွေးချယ်ပါ
ဒီအချက်ဟာလည်း သာမန် အလှပန်းထိုးတဲ့သူအများစု လျစ်လျူရှုထားတဲ့ အချက်တစ်ချက်ပါ။ အလှပန်းအိုးထားရှိမယ့်နေရာဟာလည်း ပန်းရဲ့သက်တမ်းကြာရှည်ခံစေဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ နေရာတွေရဲ့အနီးမှာ အလှထိုးတဲ့ပန်းအိုးတွေ မထားမိစေဖို့ သတိပြုရပါမယ်။
- နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာ
- လေဝင်ပေါက်
- အပူနဲ့ ရေငွေ့ပြန်စေသောကိရိယာ
- သစ်သီးများ
နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာ၊ လေဝင်ပေါက်တွေ၊ အပူနဲ့ ရေငွေ့ပြန်စေတဲ့ ကိရိယာတွေရဲ့အနီးအနားမှာ အလှပန်းအိုးတွေထားရှိတဲ့အခါ ပန်းရဲ့သက်တမ်းကို အချိန်မတိုင်မီမှာပဲ ခြောက်သွေ့သွားစေနိုင်ပါတယ်။
သစ်သီးများဆိုတဲ့ အချက်ကိုတော့ ထူးဆန်းကြလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ်သီးတွေဟာ ၎င်းတို့ရင့်မှည့်တဲ့ချိန်မှာ အီသိုင်လင်း (Ethylene) လို့ခေါ်တဲ့ဓာတ်ကို လေထုထဲ ထုတ်လွှတ်ပါတယ်။ အီသိုင်လင်း (Ethylene) လို့ခေါ်တဲ့ဓာတ်ဟာ ပန်းပွင့်များကို အိုမင်းရင့်ရော်စေနိုင်ပြီး ပုံမှန်ထက်ကို သက်တမ်းလျော့နည်းစေနိုင်ပါတယ်။
ပန်းအိုးထဲသို့ သကြား (သို့မဟုတ်) အရောင်ချွတ်ဆေးထည့်ပါ

သကြား (သို့မဟုတ်) အရောင်ချွတ်ဆေးကို အလှထိုးထားတဲ့ ပန်းအိုးထဲထည့်ပေးခြင်းဟာ ပန်းရဲ့ သက်တမ်းကို ကြာရှည်ခံစေပါတယ်။ သကြားဟာ ပန်းပွင့်များအတွက် အစားအစာအရင်းအမြစ်အဖြစ် လုပ်ဆောင်ပေးမှာဖြစ်ပီး အရောင်ချွတ်ဆေးဟာ ပန်းပွင့်များအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများကို ဖယ်ရှားရာမှာ ကူညီပေးမှာဖြစ်ပါတယ်။ ပန်းအိုးထဲထည့်တဲ့အခါမှာလည်း ပမာဏအနည်းငယ်ကိုပဲ ချိန်ဆပြီး ထည့်ပေးနိုင်ပါတယ်။
ရေကို မကြာခဏလဲလှယ်ပေးပါ
နောက်ဆုံးအချက်အနေနဲ့ကတော့ ပန်းရဲ့သက်တမ်းကြာရှည်ခံစေဖို့အတွက် ပန်းအိုးထဲကရေကို မကြာခဏလဲပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ရေကို နေ့တိုင်းလဲပေးပါ။ သန့်ရှင်းတဲ့ရေဟာ ပန်းပွင့်များကို တတ်နိုင်သမျှ သက်တမ်းကြာရှည်စွာနဲ့ လှပစေရန်အတွက် ကူညီပေးနိုင်ပါတယ်။
Source - How to make your cut flower last longer (http://www.picturethisai.com/)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026