တောင်သူလယ်သမားကြီး ပိုးတောင်မာ
တချို့ပုရွက်ဆိတ်နဲ့ ခြတွေလိုပဲ တချို့သော ပိုးတောင်မာတွေလည်း သီးနှံ စိုက်ပျိုးတတ်ကြသတဲ့။
လူသားတွေဟာ လက်ဦးအကျဆုံး တောင်သူလယ်သမားတွေ မဟုတ်ကြပါဘူး။ ကမ္ဘာမှာ ရှေးဦးလူသားတွေ ဆင့်ကဲ့ဖြစ်ပေါ်မလာသေးခင် နှစ်သန်းပေါင်းများစွာကတည်းက ပုရွက်ဆိတ်တို့၊ ခြတို့ဟာ မှိုခင်းတွေ ပြုစုစိုက်ပျိုးလာခဲ့ကြပါတယ်။ ပုရွက်ဆိတ်တို့ ခြတို့က အသင်းအပင်းနဲ့ နေတတ်ကြသူတွေပီပီ ပစ္စည်းပစ္စယ ဟိုသယ်ဒီရွှေ့ တာကအစ တစ်ကောင်တစ်ပါးစပ် ဝိုင်းကိုက်ချီပြီး စုပေါင်းဆောက်ရွက်နိုင်စွမ်း ရှိကြပါတယ်။
ပိုးတောင်မာတွေကျတော့ ပုရွက်ဆိတ်၊ ခြတို့နဲ့မတူတဲ့ တစ်ကိုယ်တည်းသမားတွေ။ ဒါတောင် သူတို့ထဲက အနည်းဆုံးတစ်မျိုးလောက်ဟာ စိုက်ရေးပျိုးရေး ကျွမ်းကျင်တယ်ဆိုတာကို Proceedings of the Royal Society သိပ္ပံဂျာနယ်မှာ ဖော်ပြခံရတဲ့ ဂျာမနီ ဖရိုင်းဘတ်တက္ကသိုလ်က ပညာရှင် Janina Diehl နဲ့ Peter Biedermann တို့ရဲ့ လေ့လာမှုက အတည်ပြုပါတယ်။

ခု ပြောမဲ့ ‘သီးပင်ဖောက်’ ပိုးတောင်မာဟာ နာမည်နဲ့လိုက်လိုက် သစ်သီးပင် ပင်စည်တွေကို အပေါက်ဖောက်တတ်ပါတယ်။ အပေါက်ထဲမှာ ဥ,ဥပြီး အကောင်ငယ်ကို မွေးမြူတယ်။ ဒါပေမဲ့ ဒီသီးပင်ဖောက်ပိုးတောင်မာဟာ သူတို့ ဖောက်တဲ့ သစ်ကို မစားပါဘူး။ အဲဒီသစ်သားပေါ်မှာ ပေါက်တဲ့ မှိုကို စားကြတာပါ။
ဒီကောင်တွေဟာ မှိုကို ကိုယ့်ဘာသာ စိုက်စားတယ်လို့ သိပ္ပံပညာရှင်တွေ သံသယရှိခဲ့တာ ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေဟာ သူတို့အကြိုက်တွေ့တဲ့ Raffaelea sulphurea မှိုမျိုးရဲ့ မျိုးမှုန် (spore) တွေကို အပေါက်ထဲ သယ်လာတဲ့ သက်သေအထောက်အထားတွေ တွေ့ထားကြလို့ပါပဲ။ ပြောရရင်တော့ သူတို့ မှိုတွေကို စိုက်ပျိုးလိုက်တာပေါ့။ ခုတစ်ခါ Dr Diehl နဲ့ Dr Biedermann တို့ရဲ့ သုတေသနနပြုချက်က ဒီပိုးတောင်မာတွေဟာ နောက်ထပ် အရေးကြီး စိုက်ပျိုးရေးအလေ့အကျင့်တစ်ခုဖြစ်တဲ့ ပေါင်းသင်တာကိုပါ လုပ်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီသီးပင်ဖောက်ပိုးရဲ့ သဘာဝအသိုက်အမြုံတွေကို စောင့်ကြည့်လေ့လာတဲ့အခါ သူတို့ စိုက်ထားတဲ့ R. sulphurea မှိုတွေဟာ ဘေးမှာအပြိုင်ပေါက်နေတဲ့ အခြားမှိုမျိုးတွေထက် ပိုမိုများပြားစွာ ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲဆိုတာတော့ မသိရသေးပါဘူး။ ပိုးတောင်မာတွေဟာ သူတို့သီးနှံ ပိုမိုဖြစ်ထွန်းအောင် အမှန်တကယ်ပဲ ပေါင်းသင်တတ်သလားဆိုတာ သိရဖို့ Dr Diehl နဲ့ Dr Biedermann တို့က စမ်းသပ်လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ အလုံပိတ်စမ်းသပ်ခန်းတွေထဲမှာ ပိုးတောင်မာ အကောင် ၄၀ ကို မွေးမြူခဲ့တယ်။ ပြီးတော့ ဒီကောင်တွေ ဖောက်ထွင်းလေ့ရှိတဲ့ သဘာဝသစ်သားနဲ့ အာဟာရတန်ဖိုးချင်း ညီမျှတဲ့ သစ်သားတု ရရှိအောင် လွှစာမှုန့်တွေကို ဆား၊ သကြား၊ ကစီဓာတ်၊ ပရိုတိန်းဓာတ်တို့နဲ့ သမအောင်ရောပြီး စမ်းသပ်ဖန်ပြွန်တွေထဲမှာ အပြည့်အသိပ် ထည့်ထားပေးပါတယ်။ နောက်တော့ ဘာဆက်ဖြစ်မလဲ သူတို့ စောင့်ကြည့်ကြပါတယ်။
သီးပင်ဖောက် ပိုးတောင်မာတွေက နာမည်နဲ့လိုက်လိုက် အစားထိုးသစ်သားတုကိုလည်း အပင်အစစ်ကို ဖောက်တဲ့နည်းအတိုင်း ဖောက်တယ်။ ဒီလို ဖောက်ပြီးတဲ့အခါမှာလည်း ပိုးပေါက် ကလိုင်ခေါင်းနံရံတွေပေါ်မှာ R. sulphurea မှိုမျိုးမှုန်တွေကို လိမ်းသုတ်တယ်။ နောက်ဆယ်ရက်လောက်အကြာ မှိုတွေ စပေါက်လာချိန်၊ ဒါပေမဲ့ ပိုးတောင်မာတွေ ဥ စမဥရသေးချိန်မှာ ပညာရှင်တွေက အကောင်တွေ အားလုံးကို ကောက်ယူဖယ်ရှားလိုက်ပါတယ်။ နောက်တော့မှ အဲဒီထဲက တစ်ဝက်ကို သူ့ ကလိုင်ခေါင်းထဲသူ ပြန်ထားပေးပေမဲ့ အခြားကလိုင်ခေါင်းတွေကိုတော့ အလွတ်အတိုင်း ထားလိုက်ပါတယ်။ အဲဒီနောက် ရက် ၂၀ လောက်အကြာမှာ ကလိုင်ခေါင်းနံရံတွေပေါ် ပေါက်နေတဲ့ မှိုတွေကို နမူနာကောက်ယူကြပါတယ်။
သူတို့ တွက်ဆမျှော်လင့်ထားတဲ့အတိုင်းပဲ ပိုးတောင်မာ ပြန်ထားပေးတဲ့ ကလိုင်ခေါင်းတွေထဲမှာ R. suphurea မှိုတွေဟာ ပိုမိုများပြားစွာ ဖြစ်ထွန်းပေါက်ရောက်နေတာကို တွေ့ရပါတယ်။ ပိုတောင်မာရှိတဲ့ အခေါင်းတွေထဲက ကောက်ယူရရှိတဲ့ မှိုနမူနာတွေထဲမှာ R. suphurea မှို တစ်ဝက်လောက်ထိ ပါဝင်နေပြီး အလွတ်ခန်းတွေဆီက ရယူတဲ့ နမူနာမှာတော့ သုံးပုံတစ်ပုံအောက်သာ ပါဝင်နေပါတယ်။ ဒါကြောင် ဒီပိုးတောင်မာတွေဟာ သူတို့သီးနှံကို အမှန်တကယ် ပေါင်းသင်ပေးတတ်တယ်လို့ ဆိုနိုင်မှာပါ။ ဒီပေါင်းသင်မှုဖြစ်စဉ် ဘယ်လိုများ ဖြစ်သလဲ မသိရသေးပါဘူး။ ဖြစ်စဉ် ဖြစ်ကြောင်းကိုသာ သိရသေးတာပါ။
ဝေယံဟိန်း (B.Ag)
Farmer Giles the beetle - The economist
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023