ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
ပင်လယ်စပျစ်သီးဆိုသည်မှာ တကယ်တော့ အသီးမဟုတ်ဘဲ စားသုံးလို့ရသည့် ပင်လယ်ရေမှော် (Edible Seaweed) အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်း၏ ပုံသဏ္ဌာန်သည် စပျစ်သီးအသေးလေးများ စုနေသော အဆုပ်လိုက်ပုံစံမျိုး ရှိသောကြောင့် "Sea Grapes" လို့ ခေါ်ကြခြင်းဖြစ်သည်။ ဂျပန်လို Umibudo (ဥမိဘူဒို) ဟု ခေါ်ပြီး၊ ငါးဥများနှင့် တူသည့်အတွက် "Green Caviar" (အစိမ်းရောင် ကာဗီယာ) ဟုလည်း တင်စားခေါ်ဝေါ်ကြပါသည်။
ပင်လယ်စပျစ်၏ သိပ္ပံအမည်သည် Caulerpa lentillifera သို့မဟုတ် Caulerpa racemosa ဖြစ်ပြီး ရေအောက်တွင် ပေါက်ရောက်သော အစိမ်းရောင် ရေညှိ (Green Macroalgae) တစ်မျိုးဖြစ်သည်။ အရှေ့တောင်အာရှနှင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းများ (ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံ အိုကီနာဝါဒေသ၊ ဗီယက်နမ် စသည့်နိုင်ငံ) တို့တွင် တွေ့ရသည်။
ပင်လယ်စပျစ်သီး၏ ထူးခြားချက်
ပင်လယ်စပျစ်သီးသည် ကယ်လိုရီ အလွန်နည်းပြီး ဗီတာမင် A, C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အိုမီဂါ-၃ နှင့် အိုင်အိုဒင်း (Iodine) ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အရေပြားကို စိုပြေစေခြင်း၊ အရိုးအဆစ် သန်မာစေခြင်းနှင့် သွေးတိုးကျစေခြင်း စသည့် ကောင်းကျိုးများ ရှိကြပါသည်။ ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းမှ လူများ အသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက် အစားအစာတစ်ခုလည်း ဖြစ်ပါသည်။
ယခုအခါ အာရှနိုင်ငံအချို့ (အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဂျပန်) တို့တွင် ပင်လယ်စပျစ်သီးကို စီးပွားဖြစ် မွေးမြူထုတ်လုပ်ပြီး ခြောက်သွေ့အောင် ပြုလုပ်ထားသော ပုံစံမျိုးဖြင့် မြန်မာနိုင်ငံရှိ စူပါမားကက် အချို့တွင်ပါ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
ပုံသဏ္ဌာန်
ပင်လယ်စပျစ်သည် စိမ်းလန်းသောအရောင်ရှိပြီး အပင်တစ်ပင်လုံးတွင် အနုစားအကိုင်းအခက်လေးများပါရှိကာ ထိုအကိုင်းလေးများတွင် ကလေးလက်ချောင်းထိပ် သို့မဟုတ် ငါးဥ/ဆယ်လ်မွန်ဥငယ်လေးများကဲ့သို့ လုံးဝန်းသော ရေပူဖောင်းလေးများ (spherical bead-like fronds) စုပြုံ၍ ဆွဲလွဲနေသည်။ နူးညံ့ပြီး အရည်ရွှမ်းသော အသွင်အပြင်ရှိသည်။
အရွယ်အစား
ပင်လယ်စပျစ်သီး ဟု လူသိများသည့် စားသုံး၍ရသော ပင်လယ်ရေညှိ၏ အရွယ်အစားမှာ စပျစ်သီးကဲ့သို့ အလုံးလေးများ တွဲလောင်းကျနေသည့် ပင်မအညှာတံ တစ်ခုလုံး၏ အလျားမှာ ၂ စင်တီမီတာမှ ၈ စင်တီမီတာခန့် (အရှည်ဆုံး ၃၀ စင်တီမီတာအထိ) ရှိတတ်ပါသည်။ အညှာတံပေါ်တွင် စီရီပြီး ကပ်နေသော စပျစ်သီးပုံသဏ္ဌာန် အလုံးလေးတစ်လုံးချင်းစီ၏ အချင်းမှာ ၀.၅ စင်တီမီတာ (၅ မီလီမီတာ)ဝန်းကျင် သာ ရှိသော အလွန်သေးငယ်သည့် အရွယ်အစား ဖြစ်ပါသည်။
အရောင်
ပင်လယ်စပျစ်၏ အရောင်မှာ အစိမ်းရောင် (အစိမ်းရင့်ရောင်မှ အစိမ်းဖျော့ရောင်) ဖြစ်ပြီး ဖောက်ထွင်းမြင်ရလောက်အောင် ပြောင်လက်စိုပြည်သော အရောင်ရှိသည်။ အသေးစိတ်အရောင်အသွေးမှာ အနက်ရောင်သန်းသော အစိမ်းရင့်ရောင် မှ အစိမ်းနုရောင်၊ သံလွင်ရောင် သို့မဟုတ် အပြာရောင်သန်းသော အစိမ်းရောင်အထိ ရှိနိုင်သည်။ အသွင်အပြင်မှာ ပုလဲလုံးလေးများ သို့မဟုတ် စပျစ်သီးသေးသေးလေးများကဲ့သို့ စုပြုံ၍ တောက်ပစိုစွတ်နေပြီး အလင်းပေါက်သကဲ့သို့ ဖြစ်သည်။
အရသာ
ပင်လယ်စပျစ်သီး၏ အဓိကအရသာမှာ လတ်ဆတ်သော ပင်လယ်ရေညှိနံ့ သင်းသင်းလေးနှင့်အတူ ငန်ရှိန်းရှိန်း အရသာ ဖြစ်ပါသည်။ ၎င်း၏ ထူးခြားချက်များမှာ ဝါးလိုက်လျှင် အလုံးလေးများ ပါးစပ်ထဲတွင် ဖောက်ကနဲ ဖောက်ကနဲ ပေါက်ကွဲသွားပြီး ငါးဥ ဝါးရသလိုမျိုး ကြွပ်ကြွပ်ရွရွနှင့် စီးစီးထုတ်ထုတ် ခံစားချက်ကို ပေးစွမ်းပါသည်။ ပင်ကိုအရသာမှာ ပင်လယ်ရေမှ ရရှိသော သဘာဝအတိုင်း အနည်းငယ် ငန်ကျိကျိ ဖြစ်ပြီး အထဲမှ အရည်လေးများ ထွက်လာသောအခါ လတ်ဆတ်တောက်ပြောင်သော ပင်လယ်ပြင်၏အရသာကို ခံစားရမည်ဖြစ်သည်။
ပင်လယ်စပျစ်သီးကို ၎င်း၏ ထူးခြားသော အက်ကွဲကွဲနှင့် စိမ့်စိမ့်လေး ဖြစ်နေသည့် အစိမ်းစားသုံးမှု ပုံစံကြောင့် လူကြိုက်များပြီး၊ ၎င်းကို အပူပေးချက်ပြုတ်ပါက ၎င်း၏ မူလအာနိသင်နှင့် အနံ့အရသာ ပျက်စီးသွားနိုင်သဖြင့် အစိမ်းအတိုင်းသာ စားသုံးရပါသည်။
စားသုံးရာတွင် ပင်လယ်စပျစ်သီးကို ရေအေး (သို့မဟုတ်) ရေခဲရေထဲတွင် ၃ မိနစ်မှ ၅ မိနစ်ခန့် စိမ်ထားပေးပါ။ ၎င်းသည် ဖုန်မှုန့်များနှင့် ဆားငန်ဓာတ်များကို စင်ကြယ်စေပြီး ပင်လယ်စပျစ်သီးလေးများကို ပိုမို လန်းဆန်းကာ ကြွပ်ရွလာစေပါသည်။ ရေထဲတွင် အကြာကြီး စိမ်ထားပါက စပျစ်သီးလုံးလေးများပိန်သွားပြီး ၎င်း၏ ကြွပ်ရွသော texture ပျက်စီးသွားနိုင်သဖြင့် ကြာရှည်မစိမ်သင့်ပေ။ ဆေးကြောပြီးနောက် ရေကို စင်ကြယ်အောင် စစ်ထုတ်ထားပါ။
စားသုံးပုံမှာ ပင်လယ်စပျစ်သီးတွင် သဘာဝအတိုင်း ငန်စိမ့်စိမ့် အရသာရှိပြီး ဖြစ်သောကြောင့်ချဉ်ချဉ်စပ်စပ် သို့မဟုတ် ဆီမွှေးဆော့စ်များနှင့် အလွန် လိုက်ဖက်ပါသည်။ ပဲငံပြာရည်ထဲသို့ သံပရာရည် အနည်းငယ် ညှစ်ထည့်ပြီး တို့စားခြင်း၊ ဂျပန်စတိုင် အချဉ်ဆော့စ်ဖြင့် တို့စားခြင်း၊ မြန်မာစတိုင် အချဉ်ရည်ဖြစ်သည့် အစိမ်းလိုက်စားသည့် အစားအစာ ဖြစ်သဖြင့် မိမိကြိုက်နှစ်သက်ရာ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် သံပရာရည် ပါဝင်သော အချဉ်ရည် စပ်စပ်လေးဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။
အရေးကြီးသည့်အချက်
ဆော့စ်များကို ပင်လယ်စပျစ်သီးပေါ်သို့ တိုက်ရိုက်လောင်းမချပါနှင့်။ လောင်းချပါက စပျစ်သီးလုံးလေးများ ချက်ချင်း ပိန်ညှိုးသွားတတ်သဖြင့် အမြဲတမ်း ဘေးနားတွင် ခွက်သီးသန့်ဖြင့် တို့စားရပါမည်။
တွဲဖက်စားသုံးနိုင်သော အစားအစာများမှာ ပင်လယ်စပျစ်သီးကို ဟင်းသီးဟင်းရွက် အသုပ်များပေါ်တွင် အပေါ်မှ ဖြန်းပြီး စားသုံးနိုင်ပါသည်။ ငါးအစိမ်းလွှာများ၊ ဆူရှီ သို့မဟုတ် ပင်လယ်စာ ထမင်းပေါင်းများပေါ်တွင် တင်၍ စားသုံးနိုင်ပါသည်။

သတိပြုရမည့်အချက်များ
- ပင်လယ်စပျစ်သီး အစိမ်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါက အေးသော အပူချိန်ကြောင့် ၎င်းတို့သည် ညှိုးနွမ်းပြီး အရည်ပျော်သွားတတ်ပါသည်။ အခန်းအပူချိန်၊ အမှောင်ထဲတွင်သာ သိမ်းဆည်းရပါမည်။
- ရေဆေးပြီးနောက် မိနစ် ၃၀ အတွင်း စားသုံးခြင်းက အကောင်းဆုံး ဖြစ်ပါသည်။
ပင်လယ်စပျစ်သီး နှင့် ကျန်းမာရေး
ပင်လယ်စပျစ်သီး သည် ဗီတာမင်အေ၊ ဗီတာမင်စီ၊ အိုမီဂါ-၃ (Omega-3) အဆီအနှစ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ် စသည့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်သော ပင်လယ်ရေညှိတစ်မျိုးဖြစ်သည်။
ကျန်းမာရေး အကျိုးကျေးဇူးများ
၁။ အရိုးနှင့် အဆစ်အမြစ်များကို သန်မာစေခြင်း
ပင်လယ်စပျစ်သီးတွင် ကယ်လ်စီယမ် နှင့် မရှိမဖြစ်လိုအပ်သော ဖက်တီးအစ်ဆစ်များ ပါဝင်သောကြောင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး အရိုးပါးရောဂါကို ကာကွယ်ပေးသည်။
၂။ နှလုံးနှင့် သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း
ပင်လယ်စပျစ်သီးတွင် မပြည့်ဝဆီနှင့် အိုမီဂါ-၃ ကြွယ်ဝစွာ ပါဝင်သဖြင့် သွေးတွင်းအဆီဓာတ် (Bad Cholesterol) ကို လျှော့ချပေးပြီး သွေးတိုးရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သက်သာစေသည်။
၃။ အမြင်အာရုံကို ထောက်ပံ့ပေးခြင်း
ပင်လယ်စပျစ်သီးတွင် ပါဝင်သော ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့် များက မျက်လုံးအမြင်အာရုံကို အားကောင်းစေပြီး အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ကောင်းမွန်ရေးကို အထောက်အကူပြုသည်။
၄။ ဆီးချိုရောဂါ ထိန်းချုပ်ရန် ကူညီပေးခြင်း
ပင်လယ်စပျစ်သီးတွင် ကယ်လိုရီနှင့် သကြားဓာတ်ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် ဖြည့်ဆည်းပေးသည်။
၅။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း
ပင်လယ်စပျစ်သီးသည် အစာခြေစနစ်ကို အားဖြည့်ပေးပြီး အူလမ်းကြောင်းအတွင်းရှိ ကောင်းသော ဘက်တီးရီးယားများကို ကြီးထွားစေသောကြောင့် ဝမ်းမှန်စေရန် ကူညီပေးသည်။
၆။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အသားအရေကို လှပစေခြင်း
ပင်လယ်စပျစ်သီးတွင် ဖရီးရယ်ဒီကယ် များကို တိုက်ဖျက်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အရေပြားကို စိုပြည်စေပြီး ကော်လာဂျင် (Collagen) ဓာတ်ကို ထိန်းသိမ်းပေးသည်။
ပင်လယ်စပျစ်သီး နှင့် ဂေဟစနစ်
ပင်လယ်စပျစ်သီးဟု လူသိများသော ရေညှိစိမ်းတစ်မျိုးသည် အဏ္ဏဝါဂေဟစနစ်အတွင်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသလို၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းညှိပေးရာတွင်လည်း များစွာ အကျိုးပြုပါသည်။
၁။ အဏ္ဏဝါသက်ရှိများအတွက် အစာနှင့် ခိုလှုံရာ
ပင်လယ်စပျစ်သီးသည် နေရောင်ခြည်ကို အသုံးပြု၍ အလင်းမှီစုအစာချက်လုပ်ခြင်း (Photosynthesis) ပြုလုပ်ပြီး ဂေဟစနစ်အတွက် စွမ်းအင်နှင့် အောက်ဆီဂျင် ထုတ်လုပ်ပေးပါသည်။
(က) အမိုးအကာပေးခြင်း
ပင်လယ်စပျစ်သီးသည် ရေတိမ်ပိုင်း ကျောက်ဆောင်များနှင့် သဲသောင်ပြင်များတွင် သိပ်သည်းစွာ ပေါက်ရောက်တတ်သဖြင့် ငါးအသေးလေးများ၊ ပုစွန်၊ ကဏန်းနှင့် အခြားရေသတ္တဝါငယ်လေးများ
အတွက် ရန်သူ့ရန်မှ ပုန်းကွယ်ရာ ခိုလှုံရာနေရာနှင့် ဥချရာ ဇုန် အဖြစ် ဆောင်ရွက်ပေးသည်။
(ခ) အစာကွင်းဆက်
ပင်လယ်စပျစ်သည် ပင်လယ်လိပ်အချို့၊ ငါးအုပ်များနှင့် အပင်စား ရေနေသတ္တဝါများအတွက် အာဟာရပြည့်ဝသော အဓိက အစားအစာ ဖြစ်သည်။
၂။ ရေအရည်အသွေးကို သန့်စင်ပေးခြင်း
(က) အာဟာရဓာတ်လွန်ကဲမှုကို လျှော့ချခြင်း
စိုက်ပျိုးရေးနှင့် လူနေမှုဝန်းကျင်မှ ထွက်လာသော နိုက်ထရိုဂျင်နှင့် ဖော့စဖရတ် ဓာတ်များသည်ပင်လယ်ထဲတွင် လွန်ကဲပါက ရေညှိများ အလွန်အကျွံပေါက်ပွားပြီး ရေထုညစ်ညမ်းမှု ကို ဖြစ်စေပါသည်။ ပင်လယ်စပျစ်သီးသည် ၎င်းဓာတ်များကို စုပ်ယူပြီး ကြီးထွားလာခြင်းဖြင့် ပင်လယ်ရေထုကို သဘာဝအတိုင်း သန့်စင်ပေးသည်။
(ခ) ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချခြင်း
၎င်းတို့သည် ရေထဲတွင်ပျော်ဝင်နေသော ကာဗွန်ဒိုင်အောက်ဆိုက် (CO2) များကို စုပ်ယူသဖြင့်ကမ္ဘာ့ကြီးပူနွေးမှုကို လျှော့ချပေးသည့် ကာဗွန်သိုလှောင်ရာ တစ်ခုအဖြစ် ကူညီပေးသည်။
၃။ ရေရှည်တည်တံ့သော ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေး
(က) ဘက်စုံပူးတွဲမွေးမြူခြင်း
ပုစွန် သို့မဟုတ် ငါးမွေးမြူကန်များ၏ အညစ်အကြေးများကို ပင်လယ်စပျစ်သီးက အာဟာရအဖြစ် စုပ်ယူနိုင်သောကြောင့် ပုစွန်ကန်များနှင့် တွဲဖက်မွေးမြူခြင်းဖြင့် ကန်ရေညစ်ညမ်းမှုကို လျှော့ချပေးပြီး မျှတသော ဂေဟစနစ်ငယ်တစ်ခုကို ဖန်တီးပေးနိုင်သည်။
၄။ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုများ
(က) ကျူးကျော်မျိုးစိတ်အန္တရာယ်
ပင်လယ်စပျစ်သီးသည် သဘာဝပေါက်ရောက်ရာမဟုတ်သည့် အခြားပင်လယ်ပြင် (ဥပမာ- ၎င်းတို့နှင့် မကိုက်ညီသော ဂေဟစနစ် သို့မဟုတ် အခြားဒေသများ) သို့ ရောက်ရှိသွားပြီး ထိန်းချုပ်မရအောင် ပေါက်ပွားပါက ၎င်းဒေသရှိ ဒေသရင်းရေညှိများနှင့် သန္တာကျောက်တန်းများကို ဖုံးလွှမ်းဖျက်ဆီးပစ်နိုင်သည့် အန္တရာယ်ရှိသည်။
(ခ) ရာသီဥတုပြောင်းလဲမှုဒဏ်
ပင်လယ်ရေအပူချိန် အလွန်အမင်း မြင့်တက်လာခြင်းနှင့် ရေထုအက်ဆစ်ဓာတ်များလာခြင်းသည် ပင်လယ်စပျစ်သီးများ ရှင်သန်မှုကို ထိခိုက်စေပြီး ၎င်းကို မှီခိုနေရသော အဏ္ဏဝါဂေဟစနစ်တစ်ခုလုံးကို ကွင်းဆက်လိုက် ပျက်စီးစေနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော်-
ပင်လယ်စပျစ်သီးဟု လူသိများသည့် ပင်လယ်ရေမှော်သည် သဘာဝအားဖြင့်ထူးခြားလှပြီး ကျန်းမာရေးကောင်းကျိုး များပြားစွာရရှိနိုင်သည့်အပြင် ဂေဟစနစ်ကိုလည်း ကောင်းကျိုးပြုသော ရေညှိ
တစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အချိန်များတွင်လုပ်ဆောင်ရမည်ကိုဖြေကြားပေးပါ
ဦးငြိမ်းချမ်း • ဖြေကြားချက် 3 ခု
ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိေရာက်ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဖရဲ စိုက်နည်းလေး သိချင်ပါတယ်
စုစု • ဖြေကြားချက် 1 ခု
စာဖိုးစာ စပါးမျိုးအကြောင်းသိချင်လို့ပါ
Thawzinaung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
More from နှင်းဖြူဖြူ
အားလုံးငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
04/11/2026
စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ
19/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026