အစားအသောက်နဲ့ သွေးပေါင်ထိန်းကြမယ်

31/08/2021 17:00 PM တွင် ThawZin ThawZin မှ ရေးသား

    ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ၁ ဘီလီယံလောက်ဟာ သွေးတိုးရောဂါကို ခံစားနေကြရပါတယ်။ သွေးတိုးရောဂါဟာ နှလုံးကိုထိခိုက်စေပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။ အပေါ်သွေး ၁၂၀ ကျော် အောက်သွေး ၈၀ ကျော်ရင် သွေးတိုးနေတယ်လို့ပြောလို့ပါပြီ။ သွေးတိုးရောဂါအတွက် အသုံးပြုနေကြတဲ့ ဆေးအမျိုးအစားပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန်ကိုထိန်းညှိပေးတဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြီး နောက်ဆက်တွဲနှလုံးထိခိုက်စေခြင်းမှ ကြိုတင်ကာကွယ်ထားခြင်းဟာ ပို၍ကောင်းပါတယ်။ 

    ကျန်းမာတဲ့အစားအသောက်ပုံစံဟာ သွေးပေါင်ချိန်ကိုလျော့ကျစေပြီး ပုံမှန်ပမာဏမှာ ထိန်းထားပေးနိုင်တယ်ဆိုတဲ့ စမ်းသပ်ချက်များစွာ ရှိပြီးဖြစ်ပါတယ်။ အစားအစာတွေမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်နဲ့ မက်ဂနီဆီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ကိုလျော့ကျစေပါတယ်။ 

    ဒီဆောင်းပါးမှာတော့ သွေးတိုးရောဂါအတွက် စားသုံးပေးသင့်တဲ့ အကောင်းဆုံးအစားအစာအချိူ့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

ချဉ်ပြီး အရည်ရွှမ်းသောအသီးအနှံများ

    သံပုရာသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ကမ်ဘလာသီး၊ သလဲသီး စတဲ့ ချဉ်ပြီးအရည်ရွှမ်းတဲ့အသီးတွေမှာ သွေးပေါင်ချိန်လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ထိုအသီးတွေဟာ ဗီတာမင်နှင့်သတ္တုဓာတ်များပြည့်ဝသောကြောင့် သွေးပေါင်ချိန်ကိုက်စေပြီး နှလုံးထိခိုက်စေမယ့် အလားအလာတွေကို လျော့ချပေးပါတယ်။ လေ့လာမှုတွေအရ သံပုရာရည်၊ လိမ္မော်ရည်သောက်သုံးနေကျလူတွေမှာ သွေးပေါင်ချိန်လျော့ကျတာကို တွေ့ရှိရပါတယ်။

အဆီပါဝင်သော ငါးများနှင့် ငါးကြီးဆီ

    ငါးမှာ လူ့ခန္ဓာကိုယ်အတွက်အကျိုးပြုသော မပြည့်ဝဆီများပါဝင်ပါတယ်။ ထိုအဆီများဟာ ရောင်ယမ်းခြင်းများကိုလျော့ကျစေပြီး သွေးကြောများကိုကျဉ်းစေသောကြောင့် သွေးတိုးနှင့်နှလုံးရောဂါများအတွက် အလွန်အသုံးဝင်လှပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရ ငါးစားသုံးခြင်းအားဖြင့် သွေးပေါင်ချိန်လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။ ငါးကြီးဆီသောက်သုံးခြင်းဖြင့်လည်း တူညီသောအာနိသင်များ ရရှိနိုင်ပါတယ်။ 

ဖရုံစေ့

    ဖရုံစေ့လေးတွေဟာ သေးငယ်ပေမယ့် ကျန်းမာရေးအတွက် ကြီးမားတဲ့အကျိုးအာနိသင်များ ပေးစွမ်းနိုင်ပါတယ်။ ဖရုံစေ့မှာ သွေးကြောများကိုပြေလျော့စေသော ဓာတ်များပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ 

ပဲအမျိုးမျိုး

    ပဲတွေမှာ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် သွေးပေါင်ချိန်ထိန်းညှိပေးပါတယ်။ ပဲအမျိုးမျိူးဟာ သွေးပေါင်ချိန်ကိုလျော့ကျစေကြောင်း လေ့လာမှုများစွာက ပြသခဲ့ပြီးဖြစ်ပါတယ်။

မုန်လာဥနီ

    အရသာချိုပြီး တဂျွတ်ဂျွတ်နဲ့စားလို့ကောင်းတဲ့ မုန်လာဥနီဟာလည်း နေ့စဉ်စားစရာများထဲတွင်ပါဝင်လေ့ရှိပါတယ်။ မုန်လာဥနီဟာ ရောင်ယမ်းမှုတွေကိုလျော့ချပေးပြီး သွေးကြောများပြေလျော့စေသော ဓာတ်များပါဝင်သောကြောင့် သွေးပေါင်ချိန်လျော့ကျစေဖို့ အကူအညီပေးပါတယ်။ မုန်လာဥနီကို အစိမ်းစားခြင်းဟာ ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပေးကြောင်း လေ့လာမှုတွေကဆိုပါတယ်။

တရုတ်နံနံ

    တရုတ်နံနံဟာလည်း သွေးပေါင်ချိန်အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အသီးအရွက်တစ်မျိုးပဲဖြစ်ပါတယ်။ သွေးကြောများကိုပြေလျော့စေပြီး သွေးပေါင်ချိန်လျော့ကျစေကြောင်း လေ့လာမှုတွေကဆိုပါတယ်။

ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှာ ကျန်းမာစေတဲ့ ဓာတ်သတ္တုအာဟာရဓာတ်များစွာ ပါရှိပါတယ်။ သွေးပေါင်ချိန်လျော့ချပေးပြီး နှလုံးထိခိုက်စေတဲ့ဖြစ်နိုင်ခြေများကို လျော့ချပေးပါတယ်။

ဖရဲသီး

    ဖရဲသီးဟာ သွေးကြောများပြေလျော့စေတဲ့ နိုက်တြိတ်ဓာတ်ကို ခန္ဓာကိုယ်မှထုတ်လုပ်ရာမှာကူညီပေးပါတယ်။ သွေးတွင်းအဆီဓာတ်ကိုလျော့ကျစေတယ်လို့လည်း လေ့လာမှုတွေက ဆိုပါသေးတယ်။ 

ဒိန်ချဉ်

    ဒိန်ချဉ်ဟာ သွေးပေါင်ချိန်ထိန်းညှိပေးတဲ့ သတ္တုဓာတ်များပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒိန်ချဉ်နေ့စဉ်စားသုံးခြင်းဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

ဟင်းခတ်အမွှေးအကြိုင် သစ်ဥသစ်ဖုများ

    ကြက်သွန်ဖြူ၊ နံနံစေ့၊ စမုန်စပါး၊ ကုံကုမံ၊ စပါးလင်၊ ဇီရာစေ့၊ သစ်ကြမ်းပိုး၊ ဖာလာစေ့၊ ပူစီနံ၊ ချင်း စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ သွေးကြောတွေပြေလျော့စေပြီး သွေးပေါင်ချိန်လျော့ကျစေတဲ့ စွမ်းအားမြင့်ဓာတ်ပေါင်းများပါဝင်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုများပြုလုပ်ပြီးဖြစ်ပါတယ်။ 

အစိမ်းရောင် အရွက်ဖားဖားဟင်းရွက်များ

    အစိမ်းရောင်ရှိတဲ့ အရွက်ဖားဖားဟင်းရွက်တွေဟာ သွေးပေါင်ချိန်ထိန်းညှိပေးတဲ့ နိုက်တြိတ်ဓာတ်များပေါကြွယ်ဝပါတယ်။ ဂေါ်ဖီ၊ ကိုက်လန်၊ ဆလပ်ရွက်၊ မုန်ညှင်းအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ဟင်းနုနွယ် အစရှိတဲ့ ဟင်းရွက်တွေကို စားသုံးပေးခြင်းဟာ တစ်နေ့တာလုံး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်လို့ လေ့လာမှုအချို့ကဆိုပါတယ်။ ဟင်းနုနွယ်ဟာဆိုရင် သွေးပေါင်ချိန်ထိန်းညှိပေးတဲ့ ဓာတ်သတ္တုများကြွယ်ဝပြီး နှလုံးထိခိုက်မှုလျာ့ကျစေတာကြောင့် သွေးတိုးရှိသူများအတွက် အထူးကောင်းမွန်တဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ 

ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများသော အသီးအနှံများ

    ပိုတက်ဆီယမ်ဟာ သွေးပေါင်ချိန်လျော့ချရာမှာ အဓိကကျတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကတော့ ငှက်ပျောသီး၊ နာနတ်သီး၊ ထောပတ်သီး၊ သခွားမွှေးသီး၊ မှို၊ ကန်စွန်းဥ၊ အာလူး၊ တည်သီးခြောက် စပျစ်သီးခြောက်ကဲ့သို့ အသီးအနှံအခြောက်များ စသည်တို့ဖြစ်ပါတယ်။

    ရှောင်ရှားသင့်တဲ့အစားအစာတွေကတော့ ဆားပါဝင်မှုများတဲ့ ငန်သောအစားအသောက်များ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကျွဲရိုင်း ကိုကာကိုလာတို့ကဲ့သို့ သကြားပါဝင်မှုများသော အချိုရည်များနှင့် အရက်တို့ဖြစ်ပါတယ်။

    အချုပ်အားဖြင့်ဆိုသော် နေထိုင်မှုပုံစံကိုပြောင်းလဲပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးခြင်းအားဖြင့် သွေးတိုးကြောင့် နောက်ဆက်တွဲနှလုံးထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။ လေ့လာမှုတွေအရ အထက်ဖော်ပြပါအစားအသောက်များကို တတ်နိုင်သလောက်ပါဝင်အောင်စားသောက်ခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်လို့ဆိုပါတယ်။ သင့်မှာသွေးတိုးရှိနေရင်ပဲ ဖြစ်ဖြစ် သွေးတိုးရောဂါကိုကာကွယ်ချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့အစားအသောက်တွေများများစားသုံးပေးဖို့ အကြံပြုလိုက်ရပါတယ်။ 

reference ; https://www.healthline.com/nutrition/foods-high-blood-pressure


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်