ရွှံ့စေးဆန်ပြီး ထူထပ်သိပ်သည်းကာ လေးလံနေသော မြေဆီလွှာများဟာ အလွန်ကျစ်လျစ်လွန်းတာကြောင့် အမြစ်ဖွံဖြိုးမှုအတွက် အခက်အခဲဖြစ်စေနိုင်တယ်ဆိုတာ အပင်စိုက်ပျိုးသူတွေ သိရှိပြီးဖြစ်ပါတယ်။ ထို့ကြောင့် ရွှံ့စေးဆန်တဲ့ မြေဆီလွှာနဲ့ နှိုင်းယှဥ်လိုက်ရင် ပေါ့ပါးပျော့ပျောင်းသော သဲဆန်သည့်မြေဆီလွှာဟာ ပိုကောင်းသောရွေးချယ်မှုလို့ ထင်ရပါတယ်။ သို့ပေမဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ သဲပါဝင်မှုများခြင်းဟာလည်း သီးနှံစိုက်ပျိုးရာမှာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ သဲဆန်တဲ့မြေမှာဆိုရင် အရွယ်အစားအမျိုးမျိုးရှိသော သဲအမှုန်အမွှားတွေ ပါဝင်နေပြီး ၎င်းတို့ရဲ့ အရွယ်အစားကြောင့်ပဲ မြေဆီလွှာအတွင်းမှာ ရေနဲ့ မြေသြဇာများကို အလွန်လျင်မြန်စွာ စိမ့်ဝင်သွားစေတာ ဖြစ်ပါတယ်။ သဲဆန်သောစိုက်ခင်းမြေဟာ အချို့သောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- မြေဆီသြဇာနည်းပါးပြီး အာဟာရဓာတ်များ ချို့တဲ့ခြင်း
- သီးနှံပင်များရဲ့ ကြီးထွားမှုကို ထိခိုက်စေခြင်း
- ရေကောင်းစွာ မထိန်းထားနိုင်ဘဲ ခြောက်သွေ့လွယ်ခြင်း
- ဓာတ်မြေသြဇာများ လျင်မြန်စွာစိမ့်ထွက်သွားနိုင်ပြီး အာဟာရနည်းသော မြေဆီလွှာနှင့် အာဟာရဓာတ်များ အလွယ်တကူ ဆုံးရှုံးနိုင်သည့် ပြဿနာများကို ဖြစ်ပေါ်စေခြင်း
ယခုဆောင်းပါးမှာတော့ သဲဆန်တဲ့မြေဆီလွှာမှာ အပင်တွေစိုက်ပျိုးတဲ့အခါ လုပ်ဆောင်သင့်တဲ့ နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ အော်ဂဲနစ်ပစ္စည်းများ ထည့်ပေးပါ
သဲမြေဆိုတာဟာ ကြေမွနေသောကျောက်အပိုင်းအစတွေ (သို့မဟုတ်) သဲအမှုန်အမွှားတွေ အဓိကပါဝင်နေတာဖြစ်ပြီး အော်ဂဲနစ်ဒြပ်စင်ကလည်း အလွန်နည်းပါးတဲ့ ပမာဏသာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ သဲဆန်တဲ့မြေဆီလွှာဟာ လျင်မြန်စွာယိုစိမ့်စီးဆင်းသွားနိုင်ပြီး အာဟာရဓာတ်တွေကို ထိန်းသိမ်းဖို့ရာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ၎င်းပြဿနာကို ကုစားဖို့ရာအတွက် အကောင်းဆုံးနည်းလမ်းကတော့ စိုက်ခင်းမြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင်များကို ပေါင်းထည့်ပေးခြင်းဖြစ်ပါတယ်။ တီကျစ်စာ၊ အုန်းဆံခွံ၊ အုန်းဆံမှုန့်နဲ့ ရေညှိခြောက်ကဲ့သို့သော ပစ္စည်းအားလုံးဟာ သဲမြေရဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်စေမှာ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများဟာ အကျိုးရှိစေတာ မှန်သော်လည်း စျေးနှုန်းအားဖြင့် အနည်းငယ်ကြီးမြင့်နိုင်ပြီး မြေဆီလွှာရဲ့ အာဟာရအဆင့်ကို သိသိသာသာ တိုးမြှင့်မပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ထို့ကြောင့် ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းကတော့ သဲဆန်သောစိုက်ခင်းမြေကို ဟန်ချက်ညီစေဖို့ရာအတွက်ဆိုရင် မြေဆွေး သို့မဟုတ် သက်တမ်းရင့် တိရိစ္ဆာန်စွန့်ပစ်မြေဩဇာများကို ထည့်သွင်းပေးခြင်းဟာ ပိုသင့်တော်မှာ ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရန်အတွက် သဲဆန်သောစိုက်ခင်းမြေပေါ်မှာ မြေဆွေး (သို့မဟုတ်) သက်တမ်းရင့် တိရိစ္ဆာန်စွန့်ပစ်မြေဩဇာများကို ၃ - ၄ လက်မခန့်အထူ ဖြန့်ပြီးနောက် ဂေါ်ပြား (သို့မဟုတ်) ပေါက်ပြားကိုအသုံးပြုကာ စိုက်ခင်းမြေရဲ့ အပေါ်ယံ ၆ - ၈ လက်မအတွင်း ရောမွှေပေးရမှာ ဖြစ်ပါတယ်။ သဲဆန်တဲ့စိုက်ခင်းမြေတွေဆိုရင် သဘာဝမြေဆွေးကို အနည်းဆုံး ၂ လက်မခန့်ကို နှစ်စဉ်ပုံမှန်ထည့်ပေးခြင်းဖြင့် အာဟာရဓာတ်ပမာဏကို တိုးမြင့်လာစေမှာဖြစ်ပြီး အော်ဂဲနစ်ပစ္စည်းများကို ဖြည့်တင်းပေးမှာဖြစ်ပါတယ်။
၂။ ဘိုင်အိုချား (Biochar) အသုံးပြုခြင်း
ဘိုင်အိုချား (Biochar) ဆိုတာဟာ အပင်ထွက် အော်ဂဲနစ်ပစ္စည်းများကို မီးပြင်းနဲ့လောင်ကျွမ်းစေခြင်းဖြင့် ရရှိလာသည့် သဘာဝပစ္စည်းတစ်မျိုးဖြစ်ပြီး မီးသွေးနဲ့ဆင်တူတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ မြေဆွေး သို့မဟုတ် သဲဆန်တဲ့စိုက်ခင်းမြေမှာ ၎င်းကို ရောနှောလိုက်တဲ့အခါ မြေဆီလွှာရဲ့ ရေထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးပြီး အပင်များ အာဟာရဓာတ် ပိုမိုလွယ်ကူစွာစုပ်ယူနိုင်စေရန် ကူညီပေးခြင်းအပါအဝင် မတူညီသောအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘိုင်အိုချား (Biochar) ကို သဲဆန်သောမြေမှာ ထည့်ပေးသောအခါ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းစွာမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘိုင်အိုချားကို အသုံးပြုတဲ့အခါ သူ့တစ်မျိုးတည်း တိုက်ရိုက်အသုံးပြုခြင်းကို အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ လေနဲ့ ရေ အလွယ်တကူ စိမ့်ဝင်တတ်သော သဘာဝကြောင့် မြေဆီလွှာရှိ အာဟာရများကို စုပ်ယူနိုင်ပြီး အပင်များအတွက် အာဟာရဓာတ်ရရှိနိုင်မှု နည်းပါးသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ဘိုင်အိုချားကို အသုံးမပြုမီ ၁၀ ရက်အလိုမှာ မြေဆွေး သို့မဟုတ် သက်တမ်းရှိမြေဩဇာထဲသို့ ကြိုတင်ရောစပ်ထားပြီးမှ အသုံးပြုခြင်းဖြင့် သဲဆန်သောမြေများမှာ ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ရောစပ်အသုံးပြုရမဲ့ နှုန်းထားကတော့ ဘိုအိုချား (biochar) ၁ ဆ ကို မြေဆွေး (သို့မဟုတ်) သဘာဝမြေဩဇာ ၄ ဆ ဖြင့် ရောစပ်ပြီး စိုက်ခင်းမြေပေါ်မှာ ၃ မှ ၄ လက်မခန့်အထူ သေချာထည့်ပေးရမှာ ဖြစ်ပါတယ်။
၃။ မြေဖုံးပေးခြင်း
မြေဆွေးကဲ့သို့ပင် မြေဖုံးပေးခြင်း (mulching) ဟာလည်း သဘာဝအလျောက် ယိုယွင်းနေတဲ့ သဲဆန်သောမြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပြီး ရေထိန်းသိမ်းမှုနဲ့ အာဟာရဓာတ်အဆင့်ကိုလည်း မြှင့်တင်ပေးပါတယ်။ မြေဖုံးပေးခြင်းဟာ ရေငွေ့ပျံခြင်းကို ကာကွယ်ပေးနိုင်ပြီး မြေဆီလွှာရဲ့အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ အစိုဓာတ်ကိုထိန်းထားနိုင်တာကြောင့် ပူပြင်းခြောက်သွေ့တဲ့အချိန်မှာ ရေငတ်ဒဏ်ခံရခြင်းကနေ ကာကွယ်ပေးနိုင်သလို မိုးသည်းထန်စွာရွာသွန်းတဲ့ အခြေအနေမျိုးမှာလည်း မြေဆီလွှာတိုက်စားခံရခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဖုံးပစ္စည်းအဖြစ် သစ်ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုးခြောက် စတာတွေကို အသုံးပြုနိုင်ပြီး စိုက်ခင်းမြေပေါ်မှာ ၂ - ၄ လက်မခန့်အထူ ဖြန့်ခင်းပြီး အသုံးပြုနိုင်ပါတယ်။ မြေဖုံးပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း ဆွေးမြည့်ပြိုကွဲသွားမှာ ဖြစ်တာကြောင့် လိုအပ်ပါကထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။
၄။ သင့်တော်တဲ့ သီးနှံများရွေးချယ်စိုက်ပျိုးခြင်း
သဲဆန်သောမြေကို ပြုပြင်ပြီးတယ်ဆိုရင်တောင် မြေဆီလွှာဟာ သဲဆန်မှု ဆက်လက်ကျန်ရှိနေအုံးမှာ ဖြစ်တာကြောင့် ဘယ်လိုသီးနှံတွေစိုက်ပျိုးမယ်ဆိုရင် ပိုမိုဖြစ်ထွန်းနိုင်မလဲဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။ ဖရဲနှင့် ပြောင်းကဲ့သို့သော အာဟာရဓာတ် စားသုံးမှုများတဲ့ သီးနှံတွေကို သဲဆန်တဲ့မြေမှာ စိုက်ပျိုးမယ်ဆိုရင် အပင်တွေကောင်းစွာ ရှင်သန်ကြီးထွားနိုင်မှာ မဟုတ်ပါဘူး။ မြေဆီလွှာကို သြဂဲနစ်ဒြပ်စင်များနဲ့ ပြုပြင်ထားပေမဲ့လည်း အဆိုပါအပင်များဟာ မြေသြဇာကို ထပ်မံလိုအပ်နေအုံးမှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ အမြစ်စား (ဥစား) သီးနှံများဟာ သဲဆန်တဲ့နေရာတွေမှာ အကောင်းဆုံးဖြစ်ထွန်းနိုင်ကြတာ ဖြစ်ပါတယ်။ သဲဆန်တဲ့မြေဟာ ၎င်းရဲ့ပေါ့ပါးမှုကြောင့် အမြစ်ဖွံ့ဖြိုးမှုကိုထောက်ပံ့ပေးနိုင်ပြီး ရွှံ့စေးဆန်တဲ့ မြေများမှာ စိုက်ပျိုးရတဲ့ အမြစ်စားသီးနှံများကဲ့သို့ ပုံပျက်နေတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ထို့အပြင် ရေသောက်အမြစ်များဟာလည်း ရေကိုရှာဖွေရာမှာ ပိုမိုနက်ရှိုင်းစွာဆင်းနိုင်ပြီး အမြစ်ကြီးထွားစေရန် အားပေးနိုင်ပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူ၊ သခွား၊ ရို့စ်မေရီ၊ စမုန်ဖြူ၊ အာလူး၊ ကြက်သွန် ကဲ့သို့သော ဟင်းသီးဟင်းရွက်ပင်များဟာ သဲဆန်သောမြေတွေနဲ့ ပိုမိုသင့်တော်ပါတယ်။၊
၅။ ရေစနစ်တကျ လောင်းပါ
သဲဆန်သောမြေဟာ ရေကို ကောင်းစွာ မထိန်းနိုင်တာကြောင့် ရွှံ့စေးဆန်သော မြေများထက် ပိုမိုခြောက်သွေ့လွယ်ပါတယ်။ ထို့ကြောင့် သဲဆန်တဲ့မြေမှာ အပင်စိုက်ပျိုးထားတယ်ဆိုရင် မကြာခဏရေလောင်းပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာရဲ့ အပေါ်ယံထိပ်ပိုင်း ၁ မှ ၂ လက်မခန့်အထိ ကောင်းစွာ ခြောက်သွေ့နေပြီဆိုရင် အပင်များကို ရေလောင်းပေးသင့်ပါတယ်။ အကယ်လို့ စိုက်ခင်းဧရိယာအကျယ်ကြီးကို စီမံခန့်ခွဲနေရတယ်ဆိုရင်တော့ ပိုမိုထိရောက်စွာ ရေလောင်းနိုင်မဲ့စနစ်ဖြစ်တဲ့ အစက်ချရေပေးသွင်းနည်းစနစ် (dripline irrigation system) ကို အသုံးပြုတပ်ဆင်ဖို့ စဉ်းစားနိုင်ပါတယ်။ အဆိုပါ စနစ်များမှာတော့ မိမိရဲ့ဥယျာဉ်စိုက်ခင်းကို အလိုအလျောက် ရေလောင်းပေးရန် အချိန်မှတ်သားထားသော ကိရိယာ (timer) တစ်ခုနဲ့ တွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၆။ သင့်တော်သော မြေသြဇာများကို အသုံးပြုခြင်း
သဲဆန်တဲ့မြေဆီလွှာမှာ ရေ ပိုမိုလျင်မြန်စွာ စိမ့်ဝင်စီးဆင်းနိုင်တာနှင့်အမျှ မြေဆီလွှာရှိ အာဟာရဓာတ်များကို လျင်မြန်စွာ ကုန်ခမ်းနိုင်တာကြောင့် ဤမြေအမျိုးအစားဟာ အာဟာရဓာတ်ဆုံးရှုံးမှု ပိုများပါတယ်။ မြေဆီသြဇာများ ကုန်ခမ်းခြင်းကနေ ကာကွယ်ရန်အတွက် သဘာဝမြေဆွေးနှင့် သဘာဝမြေသြဇာများ ထည့်ပေးဖို့ရာလိုအပ်ပါတယ်။ သို့ပေမဲ့ မြေသြဇာတွေကို သဲဆန်တဲ့မြေမှာ အသုံးပြုတဲ့အခါ အနည်းငယ်ကွဲပြားစွာ အသုံးချသင့်ပါတယ်။ သဲဆန်သော မြေဆီလွှာဟာ မြေသြဇာတွေကို လျင်မြန်စွာစွန့်ထုတ်နိုင်ပြီး အနီးအနားရှိ ရေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် ယိုစိမ့်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် သဲဆန်သောမြေမှာ ဓာတုဓာတ်မြေသြဇာများကို အသုံးပြုနေပါက ၎င်းအခြေအနေဟာ အထူးဂရုပြုရမှာဖြစ်ပါတယ်။ ယင်းအစား ပတ်ဝန်းကျင်အတွက် ပိုမိုဘေးကင်းပြီး ရေတွင်ပျော်ဝင်နိုင်သော ဘက်စုံသုံး အာဟာရဓာတ် ဖြေးဖြေးချင်းထုတ်လွှတ်ပေးတဲ့ မြေသြဇာ (slow-release fertilizer) တွေကို အသုံးပြုနိုင်ပါတယ်။
၇။ မြေဖုံးသီးနှံများ စိုက်ပျိုးပါ
မြေဖုံးသီးနှံများ စိုက်ပျိုးခြင်းဟာ မြေဆီလွှာရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး မြေဆီလွှာကို ပြန်လည်ထိန်းသိမ်းပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြေဖုံးသီးနှံဆိုတာ ရိတ်သိမ်းဖို့အတွက် တနည်းအားဖြင့် အမြတ်အစွန်းရဖို့အတွက် ရည်ရွယ်ချက်မရှိဘဲနဲ့ စိုက်ပျိုးလေ့ရှိတဲ့ သီးနှံတစ်မျိုး ဖြစ်ပါတယ်။ တချို့ မြေဖုံးသီးနှံများကတော့ အကျိုးအမြတ်အတွက်ရော မြေဆီလွှာထိန်းသိမ်းဖို့အတွက်ပါ စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် - peas, alfalfa, rye, mustard, oats, buckwheat စတာတွေဖြစ်ကြပါတယ်။ မြေဖုံးသီးနှံတွေရဲ့ အဓိက လုပ်ဆောင်ချက်တွေက မြေဆီလွှာရဲ့ အပေါ်ယံမျက်နှာပြင် တိုက်စားခံရတာကို ကာကွယ်ပေးနိုင်ဖို့၊ မြေဆီဩဇာကို ပိုမိုကောင်းမွန်စေပြီး အာဟာရဓာတ်တွေ ဆုံးရှုံးမှုမရှိစေဘဲ ထိန်းသိမ်းထားနိုင်ဖို့အတွက် စိုက်ခင်းမြေနေရာအလွတ်တွေမှာ ရည်ရွယ်ပြီးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ မြေဖုံးသီးနှံတွေ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုက်စားခံရခြင်းနဲ့ သတ္တုဓာတ်များ ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးနိုင်သလို အကျိုးပြု သက်ရှိများလည်း တိုးပွားစေကာ ပိုးမွှားရောဂါများ ကျရောက်ခြင်းကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကိုလည်း ကောင်းမွန်စေပြီး အစိုဓာတ်ကိုလည်း ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ မြေဖုံးသီးနှံများအဖြစ် စိုက်ပျိုးနိုင်တဲ့အပင်တွေကတော့
၁။ မြက်မျိုးရင်းဝင် အပင်များ (Grasses) - ရိုင်းစပါး၊ ဂျုံပင်၊ အုတ်ဂျုံ၊ ဆပ်၊ မုယော၊ နှံစားပြောင်း၊ ပြောင်း
၂။ ပဲပင်များ (Legumes)
၃။ ရွက်ပြန့်မျိုးအုပ်စုဝင် အပင်များ (Broadleaves) - ဥပမာ - မုန်ညှင်း၊ ပန်းဂျုံ၊ ပေါက်ပေါက်ဆုပ်ပန်း၊ ထပ်တရာပန်း တို့ ဖြစ်ကြပါတယ်။
ဇင်ထူးနိုင်
Ref:
https://gardening.org/tips-for-gardening-in-sandy-soil/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။