စိုက်ပျိုးသုတ စက်တင်ဘာလ

01/09/2022 10:07 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ယခု စက်တင်ဘာလသည် မိုးနှောင်းရာသီသီးနှံများ စိုက်ပျိုးသည့်ရာသီ ဖြစ်သည်။ ယာမြေတွေမှာ ရွာသွန်းသည့်မိုးရေကို အားကိုး စိုက်ပျိုးသည်။ ကိုင်းကျွန်းမြေများတွင် မြစ်ရေကျလျှင်ကျချင်း စိုက်ပျိုးသည်။ စိုက်ပျိုးသည့်အဓိကသီးနှံများမှာ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါ စသည့် သီးနှံများ ဖြစ်ပါသည်။

၁။ ယာသီးနှံများ

နေကြာသီးနှံ

ကျွန်တော်တို့နိုင်ငံတွင် စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါဆုံးသော အခြေခံ စားကုန်ဖြစ်သည်။ သို့ဖြစ်၍ ဆီဖူလုံရေးသည် အရေးပါလျက်ရှိသည်။ ဆီဖူလုံရန် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးဖို့ လိုသည်။

ဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးမှာ နေကြာသီးနှံ ဖြစ်သည်။ နေကြာသည် ထုတ်လုပ်မှုစရိတ်သက်သာသည်။ မျိုးစေ့မှ မျိုးစေ့ပြန်လည် ရရှိသောအချိုး ( Seed to Seed Ratio) အထူးကောင်းမွန်သည်။

မြေဆီလွှာထက်သန်သည့် သဲနုန်းမြေအမျိုးအစားမှ မြေစေးမြေအမျိုးအစားထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် pH တန်ဖိုး ၆ ဒသမ ၀ မှ ၇ ဒသမ ၅ သည် အသင့်တော်ဆုံးဖြစ်သည်။ ခြောက်သွေ့သည့်ဒေသတွင် မြေစေးမြေအမျိုးအစားကဲ့သို့ ရေထိန်းထားနိုင်သည့်မြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်။

နေကြာသီးနှံကို ယာမြေတွင် မိုးသီးနှံရိတ်သိမ်းအပြီးဖြစ်စေ၊ ကိုင်းကျွန်းမြေတွင် ဖြစ်စေ စိုက်ပျိုးနိုင်သည်။ သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်နိုင်ပါသည်။ 

နေကြာသီးနှံတွင် အထွက်ကောင်းမျိုး(Open Pollinated Variety-OPV)နှင့် စပ်မျိုး(Hybrid)ဟူ၍ မျိုးအုပ်စုနှစ်ခုရှိသည်။ ဒေသရေမြေနှင့် ကိုက်ညီသည့် သင့်တော်ရာ မျိုးအုပ်စုကို စိုက်ပျိုးရန် ဖြစ်ပါသည်။

မြေပဲသီးနှံ

သြဂုတ်လအတွင်းကပင် စကမြေပဲအဖြစ် စတင်စိုက်ပျိုးမှုများရှိသည်။ ပြုစုဂရုစိုက်မှုနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုလုပ်ငန်းများကို လုပ်ကိုင်ရန် ဖြစ်ပါသည်။

ဆောင်းမြေပဲကို စက်တင်ဘာလလယ်မှ စတင်၍ ကိုင်းကျွန်းမြေများနှင့် အချို့ယာမြေများတွင် စတင်စိုက်ပျိုးရန် ဖြစ်သည်။ အထွက်ကောင်းမြေပဲ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

စိုက်ပျိုးထားသော မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံတွင် ပေါင်းမြက်ပင်များ ပေါက်ရောက်လာမှုအပေါ်မူတည်ပြီး ငါးသွားသံထွန်ဝင်ခြင်း၊ ပေါက်ပြားဖြင့်နှိမ်နင်းခြင်း၊ လက်ပေါင်းနှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်သည်။ ပင်ခြေပေါင်းများကိုပါ ဂရုတစိုက်နုတ်ပစ်ရန်လိုသည်။ ပေါက်ပြားသုံးသည့်အခါတိုင်း ဝါပင်အား မထိခိုက်စေရပါ။ 

ပိုးမွှားဖျက်ဆီးမှုကြောင့် အထွက်နည်းခြင်း၊ အထွက်ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဝါစိုက်ခင်းအတွင်း ပိုးကျမကျ ဂရုတစိုက်လေ့လာကာ ပိုးမွှားကာကွယ်ရေးလုပ်ငန်းကို  ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

၂။ မိုးစပါးသီးနှံ

အထွက်ကောင်းစပါးစိုက်ခင်း

ယခုစက်တင်ဘာလအတွင်း ရွာသွန်းသည့်မိုးရေကို ကောင်းစွာထိန်းသိမ်းထားဖို့ လိုသည်။ ရေထိန်းသိမ်းမှုကောင်းလျှင် ထည့်သွင်းလိုက်သော မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတို့၏အာနိသင်ကို အကျိုးရှိစေပြီး အထွက်နှင့် အရည်အသွေးကောင်းစေမှာ ဖြစ်သည်။ 

အထူးသဖြင့် စပါးပင်ပွားထွက်ချိန်တွင် ခြောက်သွေ့မနေစေရေး ဂရုစိုက်ရန်လိုသည်။ စိုက်ခင်းအတွင်း ရေနှစ်လက်မခန့်ဆိုလျှင် အနေတော် ဖြစ်ပါသည်။

စိုက်ခင်းအတွင်း ရေရှိလျှင် ပေါင်းမြက်ပေါက်ရောက်မှုကို ဟန့်တားနိုင်မှာ ဖြစ်သည်။ ပေါင်းမြက်ပင်များသည် နေရောင်ခြည်၊ အာဟာရဓာတ်နှင့် ရေကို လုယူစားသုံးပြီး စပါးအထွက်ကို လျော့နည်းစေသည်။ ထို့ပြင် စပါးအရည်အသွေးကိုပါ ညံ့ဖျင်းစေပါသည်။ 

စပါးစိုက်ခင်းတွေမှာ ပေါက်ရောက်လေ့ရှိတာက ဒေသအလိုက်အခေါ်အဝေါ်တွေ အမျိုးမျိုးကွဲပြားသော်လည်း ပေါင်းအမျိုးအစားအုပ်စုအနေဖြင့်ကြည့်လျှင် သုံးမျိုးသာ ဖြစ်သည်။ ၄င်းတို့မှာ− ၁။ မြက်(Grass)အုပ်စု ၂။ မုံညင်း(Sedge)အုပ်စုနှင့် ၃။ ရွက်ပြား(Broad Leaf)အုပ်စု ဟူ၍ ဖြစ်ပါသည်။ မည်သည့်ပေါင်းမြက်အမျိုးအစားဖြစ်ပါစေ ယခုနှစ်စပါးအထွက် မကျဆင်းစေ ရေးနှင့် လာမည့်နှစ်တွင် မျိုးဆက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ထိရောက်စွာနှိမ်နင်းရန် လိုပါ သည်။

မျိုးသန့်စပါးစိုက်ခင်း

အကျိုးဆောင်တောင်သူလယ်သမားများစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် မျိုးသန့်စပါး စိုက်ခင်းများတွင် အရေးအကြီးဆုံးကတော့ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းပင် ဖြစ်သည်။ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို မျိုးကွဲပင်များ ပေါ်ထွက်လာတိုင်း အချိန်မရွေး ဖယ်ရှားပစ်ရမှာ ဖြစ်သည်။

အရေးကြီးဆုံးသီးနှံပင်အဆင့် သုံးဆင့်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ပင်ပွားအများဆုံး ထွက်ချိန်တွင် မဖြစ်မနေ စိုက်ခင်းအတွင်းစစ်ဆေးပြီး မျိုးကွဲနုတ်ပယ်ရန် ဖြစ်သည်။  သက်တမ်း ၁၃၅ ရက်ခန့်ရှိသည့် စပါးမျိုးဆိုလျင် ပင်ပွားထွက်ချိန်မှာ စပါးမျိုးစေ့မြေကျသည်မှ ၂၀ ရက်ခန့်မှ ရက် ၇၀ ခန့်အတွင်း ဖြစ်ပါမည်။ သို့ဖြစ်၍ စပါးမျိုးစေ့မြေကျပျိုးထောင်ပြီးသည်မှ ရက် ၆၀ ခန့်မတိုင်မီ ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းအဖြစ် ပြီးစီးအောင် ဆောင်ရွက်စေလိုပါသည်။

ထိုအချိန်ကာလအတွင်းတွင် စိုက်သည့်မျိုးထက် အပင်အရပ်အနိမ့်အမြင့် ခြားနားသော အပင်၊ အပင်ပုံသဏ္ဍာန်၊ အရွက်ပုံသဏ္ဍာန်နှင့် အရွယ်အစား ကွဲပြားသောအပင်များကို နုတ်ပယ်ရန် ဖြစ်ပါသည်။ 

ယခုစက်တင်ဘာလတွင် မုတ်သုံလေစတင်ဆုတ်ခွာမည်ဟုသိရသည်။ မုတ်သုံလေ ဆုတ်ခွာခြင်းသည် မိုးရွာသွန်းမှုပြီးဆုံးခြင်းမဟုတ်သည်ကို သတိထားမိသည်။ ကျွန်တော့် အတွေ့အကြုံအရ မျှော်မှန်းရလျှင် စက်တင်ဘာလအတွင်း မိုးရွာသွန်းနိုင်မှုသည် ယခင်လ (သြဂုတ်လ) တွင် ရွာသွန်းသည်လောက်နီးပါး မိုးရွာသွန်းနိုင်သည်။ အချို့ဒေသတွင် ယခင်လ (သြဂုတ်လ)၏ တစ်ဆခွဲလောက်တောင် ရွာသွန်းနိုင်သေးကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ထို့ပြင် နေရာကွက်၍ မိုးကြီးခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသေးသည်။

သို့ဖြစ်၍ မိုးရွာသွန်းမှုနှင့်အညီ သီးနှံစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါရန် သု‌တပေးလိုက်ရပါသည်။ 

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်