“ဘီလားငါး( ခေါ်)ဂိုရာမီလေး”

13/07/2021 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       သစ်ရွက်ပုံစံကဲ့သို့ရှိသော ဂိုရာမီလေးငါးမျိုးကို အခြားအမည်များအနေဖြင့် "ဘီလားငါး၊ဂျပန်ငါး”ဟုခေါ်ဆိုကြပြီး အချို့မှာလည်း ၎င်းငါးမျိုးအား တီလားပီးယားငါးမျိုးနှင့် ဆင်တူသဖြင့် မှားယွင်းစွာ ဇလားဘီးယားငါးဟု ခေါ်ကြပြန်သည်။

        ဘီလား (ခေါ်) ဂိုရာမီလေးငါးမျိုးကို အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိရသည်။မြန်မာနိုင်ငံအတွင်း မြက်ဒိုက်ပေါများသော ရေဝပ်ဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်နှင့် ညောင်တုန်းမြို့နယ်များရှိ အင်းရေပြင်များတွင် တွေ့ရှိရပါသည်။

        ဘီလား (ခေါ်) ဂိုရာမီလေးငါးမှာ မျိုးရင်း (Family)-Anabantidae, မှဆင်းသက်လာပြီး သိပ္ပံအမည် (Scientific Name)-Trichopodus pectoralis (or) Trichogaster pectoralis ဖြစ်ပြီး အများအခေါ် (Common Name) မှာ- Snakeskin gourami ဟုသိရပါသည်။ 

ဂိုရာမီလေးငါး၏သဘာဝ

        ဂိုရာမီလေး (ခေါ်) ဘီလားငါးမျိုးသည် ခန္ဓာကိုယ်ဒေါင်လိုက်ပြားပြီး စိမ်းညိုရောင် (သို့မဟုတ်) အမဲရောင်ရှိပါသည်။    ခန္ဓာကိုယ်ပေါ်ရှိ အမဲရောင်အဆင်းများမှာ ဦးခေါင်းပိုင်းမှ အမြှီးပိုင်းအထိရှိကြသည်။

        ၎င်းငါးမျိုးသည် အစာအနေဖြင့် ရေတွင်နေထိုင်သော အင်းဆက်ပိုးများ၊ ခြင်သားလောင်းများ၊ ရေညှိပင်များ၊ ရေပေါက်ပင်များ၊ ရေမြက်များ၊ အပင်မျှောလှေး၊ သတ္တမျှောလှေးနှင့် အဆွေးအမြေ့များကို စားကြပါသည်။

အရွယ်ရောက်ခြင်းနှင့် မျိုးပွားခြင်း

        ဘီလား (ခေါ်) ဂိုရာမီလေးငါးမျိုးသည် အသက်အရွယ်အားဖြင့် (၆-၇) လတွင် မျိုးရင့်အရွယ်ရောက်ပြီး မိုးဦးရာသီကာလတွင် သားပေါက်ကြပါသည်။ ဧပြီလမှ စက်တင်ဘာလအထိ သားပေါက်လေ့ရှိပြီး အပေါက်အများဆုံးအချိန်မှာ ဩဂုတ်လမှ စက်တင်ဘာလအတွင်းဖြစ်ပါသည်။ ဂိုရာမီလေးငါးအမတစ်ကောင်မှ ဥလုံးရေ (၁၈၀၀၀ မှ ၃၆၀၀၀)ထိဥဆောင်နိုင်ပြီး တစ်နှစ်လျှင် အကြိမ်များစွာ ဥချနိုင်ပါသည်။

          ၎င်းငါးမျိုးတို့သည် ရေသေတွင် ဥချသားပေါက်နိုင်ပြီး အထီးမျိုးငါးမှ ရေပေါက်ပင်၊ မြက်ဒိုက်တို့ဖြင့် အသိုက်ပြုလုပ်ပါသည်။ ငါးအထီး(၁)ကောင်လျှင် အမ(၁)ကောင်နှင့် စုံတွဲအလိုက် မိတ်လိုက်ဥချကြပါသည်။ ၎င်းငါးတို့၏ သန္ဓေအောင်ဥများသည် ရေပေါ်ပေါ်ပြီး အဝါရောင်ရှိ၍ ကြီးမားသောဥနှစ်ပါရှိပါသည်။ ၎င်းငါးဥ၏အရွယ်မှာ (၁.၅) မီလီမီတာမှ (၂.၀) မီလီမီတာအချင်းရှိကြသည်။

          ရှေ့ယခင်က ၎င်းငါးမျိုးများကို ရေနက်ကွင်း၊ စပါးကွင်းများတွင် သဘာဝအစာဖြင့် သဘာဝအတိုင်းမွေးမြူကြပါသည်။ နောက်ပိုင်းတွင် မွေးမြူနည်းပညာများဖွံဖြိုးလာပြီး အစာအတွက် ဇီဝဩဇာဓါတ်အနေဖြင့် ငါးပေါင်းမှုန့်များအသုံးပြု၍လည်းကောင်း၊ အစာအတွက်ငါးနုတ်ငါးဖွဲများကျွေး၍ သိပ္ပံနည်းကျ မွေးမြူလာကြပါသည်။ ရှေးကာလအချိန်က သဘာဝနည်းအတိုင်း မွေးမြူကြခြင်း၊ တစ်ကန်တည်း၌ သားပေါက်များပြုစုခြင်းနှင့် မွေးမြူကြခြင်းကို ပြုလုပ်ကြသဖြင့် ထုတ်လုပ်မှုမှာ ပုံမှန်မရရှိခြင်းဖြစ်ခဲ့သည်။

          ယနေ့ချိန်ခါတွင် မွေးမြူနည်းစနစ်များဖွံ့ဖြိုးလာသဖြင့် မွေးမြူထုတ်လုပ်ခြင်းမှာ ပုံမှန်ရှိလာပြီး ထုတ်လုပ်နိုင်စွမ်းမြင့်လာပါသည်။ ဂိုရာမီလေးငါးမျိုးသည် ဥပမာအားဖြင့် ရွံ့နွံထူသော ရေပေါက်ပင်များရှိသည့် ရေပြင်၊ ဒိုက်ထူပြီး organic   အရာများ၊ သတ္တဝါငယ်များရှိသည့် နေရာများကို ပိုမိုကြိုက်နှစ်သက်သည့် အလေ့ရှိပြီး စပါးကွင်းနှင့် ကန်များဖြင့် ကောင်းစွာမွေးမြူနိုင်ပါသည်။

ဂိုရာမီလေးငါး အထီးနှင့်အမ

                  မျိုးငါးအထီးနှင့် အမတို့မှာ ခန္ဓာကိုယ်၊ ရေယက်နှင့် အရောင်တို့မှာ ကွဲပြားကြပါသည်။ မျိုးငါးအထီးသည် ခန္ဓာကိုယ်ပို၍ သွယ်လျပြီး ခန္ဓာကိုယ်ကျောရိုးတလျှောက်တွင် အစင်းကြောင်းပါရှိပါသည်။ မျိုးငါးအထီးသည် မျိုးငါးအမထက် အရောင်ပို၍တောက်ပပြီး လှပပါသည်။

           မျိုးငါးအမ၏ကျောဘက်ရေယက်ပုံသဏ္ဍာန်သည် ဝိုင်းပြီး အမြီးရင်းအထိ မရောက်သည်ကို တွေ့ရှိနိုင်ပြီး ခန္ဓာကိုယ်အရောင်မှာဖျော့၍ ၎င်း၏ဝမ်းဗိုက်မှာ ဥချသားပေါက်ခါနီးအချိန်တွင် ဘေးနှစ်ဖက်သို့ ဖောင်းကားနေသည်ကို တွေ့ရှိရပါသည်။

စားသုံးပုံ

          ဘီလား(ခေါ်)ဂိုရာမီလေးငါးမျိုးသည် သဘာဝငါးမျိုးဖြစ်၍ အရသာလေးလေးပင်ပင်ရှိပြီး အသားဓါတ် (protein) များခြင်းကြောင့် မြန်မာလူမျိုးများမှာ ငါးစိုအနေဖြင့်လည်းကောင်း၊ ငါးခြောက်အနေဖြင့်လည်းကောင်းစားသုံးလေ့ရှိကြပါသည်။ 

           ဂိုရာမီလေးငါးမှာ ရေ၏ညစ်ညမ်းမှုဒဏ်ကိုခံနိုင်သည့် ငါးမျိုးများဖြစ်ပြီး ငါးအစိုထက် ငါးခြောက်မှာအရသာ အတော်ကောင်းမွန်သဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင်သော ငါးမျိုးဖြစ်ပါသည်။

           ဝါးခယ်မမြို့နယ်ရှိ အင်းလုပ်ငန်းတွင် ဘီလား(ခေါ်)ဂိုရာမီလေး(ခေါ်)ဂျပန်ငါးခြောက်ပြုလုပ်ပုံမှာ-

၁။ ဖမ်းဆီးရမိသော ဂိုရာမီလေးငါးများကို ရေဆေးရပါမည်။ ပြီးနောက် အကြေးခွံခွာ၊ ခေါင်းဖြတ်ပြီးနောက်, နောက်တစ်ကြိမ်ရေထပ်ဆေးရပါမည်။

၂။ ပြီးနောက် ဂိုရာမီလေးငါး(၁၀) ပိဿာတွင် ဆား(၁-၂)ပိဿာနှုန်းဖြင့် နယ်ပေးရပါမည်။

၃။ဆားနယ်ပြီးသော ဂိုရာမီလေးငါးများကို စဥ့်အိုးတွင် (၂) ရက်ခန့် သိပ်ထည့်ထားရပါမည်။

၄။(၂) ရက်ကြာပါက ထိုငါးများကို ရေပြန်ဆေးပြီး (၂-၄) ရက်ခန့် နေပူတွင် အခြောက်လှန်းပြီးပါက ဘီလား(ခေါ်)ဂိုရာမီလေးငါးခြောက်ကို ရရှိပါပြီ။

၅။ဘီလားငါးအစို(၁)ပိဿာလှန်းလျှင် ဘီလားငါးခြောက် (၃၀-၄၀) ကျပ်သားခန့် ရရှိပါကြောင်းသိရှိရပါသည်။

            ဘီလားငါးခြောက်လုပ်ငန်း၏ ဘေးထွက်ပစ္စည်းငါးခေါင်းနှင့် အူမှာငါးရံ့ခေါင်း၊ ငါးရံ့အူတို့လို စားလို့မရတာကြောင့် စွန့်ပစ်ရပါသည်။ ဒါမှမဟုတ် မစွန့်ပစ်ဘဲ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ပါက အပင်အာဟာရအတွက်များစွာအကျိုးပြုနိုင်ပါသည်။

  Ref;ငါးလုပ်ငန်းဦးစီးဌာန                      

ပင်လယ်ပြာ(ငါးဦးစီး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်