၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် “ရာသီဥတုအခြေအနေ”နှင့် ကြုံတွေ့ခဲ့ရသည့် “သဘာဝဘေးများ”ကို ပြန်လည်သုံးသပ်ခြင်း
၁။ အစွန်းရောက်ရာသီဥတု(အယ်လ်နီညို/လာနီညာ)ဖြစ်ပေါ်မှုအခြေအနေ
၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်ခဲ့သောရာသီဥတုအခြေအနေများသည် အစွန်းရောက်ရာသီဥတုဖြစ်ပေါ်မှုများနှင့် ဆက်စပ်နေတာတွေ့ရပါတယ်။ အစွန်းရောက်ရာသီဥတုများ(အယ်လ်နီညို/လာနီညာ)ဖြစ်ပေါ်သည့် အခြေအနေကိုလေ့လာကြည့်တဲ့အခါ
၂၀၂၀ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ စတင်ခဲ့တဲ့ “လာနီညာ” က ၂၀၂၁/၂၀၂၂ - ၂ နှစ်ဆက်တိုက် ဖြစ်ခဲ့ပြီး ၂၀၂၃ နှစ်အစပိုင်းအထိ ရောက်ခဲ့ကာ၊ အယ်လ်နီညိုက ၂၀၂၃ နှစ်လယ်ပိုင်း(မေ-ဇွန်-ဇူလိုင်)လပိုင်းတွေကတည်းက စတင်ခဲ့တာတွေ့ရပါတယ်။
လာနီညာမှ အယ်လ်နီညို အစွန်းရောက်ရာသီဥတုကို ကူးပြောင်းဖြစ်ပေါ်တဲ့ ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ပင်လယ်တွေမှာဖြစ်ခဲ့တဲ့ မုန်တိုင်းအရေအတွက်နဲ့ အဖျက်စွမ်းအားက အယ်လ်နီညိုမှ အားပျော့တဲ့လာနီညာတောင်ဆက်မဖြစ်နိုင်တဲ့ ၂၀၂၄ ခုနှစ်ထက် ပိုများခဲ့တာကို တွေ့ရပါတယ်။ အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ “အစွန်းရောက်ရာသီဥတုဖြစ်ပေါ်မှုများသည် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ မုန်တိုင်းတွေအဖြစ်များစေကြောင်း” ကိုလည်း မှတ်သားရပါတယ်။
နှစ်အစပိုင်းမှာ “လာနီညာ”ဖြစ်ပြီးတဲ့နောက်“အယ်လ်နီညို” ဆက်လက်ဖြစ်ခဲ့တဲ့နှစ်တွေမှာ -
၂၀၁၈ ခုနှစ်က အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်အော်များအတွင်း -
• လေဖိအားနည်းရပ်ဝန်း(Depression – D) ၁၄ ကြိမ်၊
• အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(Deep Depression – DD) ၁၀ ကြိမ်၊
• ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) ၇ ကြိမ်၊
• အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm-SCS) ၅ ကြိမ်ဖြစ်ခဲ့ပြီး၊
• အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm-VSCS) ၄ ကြိမ်နဲ့
• အားအလွန့်အလွန်ကောင်းသော အဖျက်စွမ်းအားကြီးမား ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး(Extremely Severe Cyclonic Storm – ESCS) ၁ ကြိမ်ဖြစ်ခဲ့ပါတယ်။
• ဆုံးရှုံးမှုတန်ဘိုးက ၄.၃၂ ဘီလီယံဒေါ်လာရှိပြီး အသက်ဆုံးရှုံးသူဦးရေ ၂၈၃ ဦး ဖြစ်ကြောင်း တွေ့ရပါတယ်။
၂၀၁၉ ခုနှစ်က အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်အော်များအတွင်း -
• လေဖိအားနည်းရပ်ဝန်း(Depression – D) ၁၂ ကြိမ်၊
• အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(Deep Depression – DD) ၁၁ ကြိမ်၊
• ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) ၈ ကြိမ်၊
• အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm-SCS) ၆ ကြိမ်ဖြစ်ခဲ့ပြီး၊
• အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm-VSCS) ၃ ကြိမ်နဲ့
• အားအလွန့်အလွန်ကောင်းသော အဖျက်စွမ်းအားကြီးမား ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး(Extremely Severe Cyclonic Storm – ESCS) ၁ ကြိမ် နဲ့
• စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) ၁ ကြိမ်ဖြစ်ခဲ့ပါတယ်။ စူပါဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံရဲ့ အလှည့်ကျအမည် “ကျား - Kyarr” ဖြစ်ပြီး၊ အာရေဗျပင်လယ်မှာ စတင်ဖြစ်ခဲ့ကာ အာရေဗျပင်အတွင်းမှာဘဲ အဆုံးသတ်သွားခဲ့တာကြောင့် စူပါဆိုင်ကလုန်းမုန်တိုင်ဆိုတာ ဖြစ်တိုင်း လူအသေအပျောက်မရှိ/နည်းပါးကြောင်း၊ အိန္ဒိယအနောက်ဘက်ကမ်းခြေ “Karnataka” မြို့မှာတော့ မုန်တိုင်းဒီလှိုင်း(Storm Surge)ကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
• ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ၁၁.၆၃ ဘီလီယံဒေါ်လာရှိပြီး အသက်ဆုံးရှုံးသူဦးရေ ၁၈၅ ယောက်ဖြစ်ကြောင်း တွေ့ရပါတယ်။
ဒီမှတ်တမ်းများအရ - “နှစ် ၁ နှစ်ရဲ့ အစပိုင်း လာနီညာဖြစ်ပြီး နှစ်လယ်/နှစ်ကုန်ပိုင်း အယ်လ်နီညိုဆက်ဖြစ်ခဲ့တဲ့နှစ်တွေမှာ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းပင်လယ်ပြင်များ၌ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းအဖြစ်များပြီး ထိခိုက်ဆုံးရှုံးမှုလဲ ကြီးမားကြောင်း” တွေ့ရပါတယ်။
၂။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏အကျိုးဆက်အဖြစ်- သဘာဝဘေးများနှင့် အားကောင်းသောမုန်တိုင်းများဖြစ်ပေါ်ခြင်း
ဆက်လက်ပြီးတော့ “မြန်မာနိုင်ငံမှာ ကမ္ဘာကြီးပူနွေးလာရခြင်းနဲ့ သစ်တောပြုန်းတီးမှုများကိုအခြေခံပြီး ရာသီဥတုဖေါက်ပြန်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်တွေကြောင့် ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးတွေအကြောင်း” မပြောခင် ၂၀၂၄ ခုနှစ် မုန်တိုင်းရာသီအတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာရှိတဲ့ အာရေဗျပင်လယ်၊ ကပ္ပလီပင်လယ်နဲ့ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဆက်စပ်လျှက်ရှိတဲ့ တောင်တရုတ်ပင်လယ်တွေမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းများကို ပြန်လည်လေ့လာသုံးသပ်ခြင်း(review)လုပ်ကြည့်ရပါမယ်။
(က) အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းများ
၂၀၂၄ ခုနှစ်အတွင်း အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တွေမှာ -
• လေဖိအားနည်းရပ်ဝန်း(Depression – D) ၁၂ ကြိမ်၊
• အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(Deep Depression – DD) ၇ ကြိမ် နဲ့
• ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) ၄ ကြိမ်၊
• အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm-SCS) ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။
• ဆုံးရှုံးမှုတန်ဖိုးက ၂.၂၉ ဘီလီယံဒေါ်လာရှိပြီး အသက်ဆုံးရှုံးသူ ၂၇၉ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ
နှစ်အစပိုင်းမှာ လာနီညာဖြစ်ပြီး အယ်လ်နီညိုဆက်ဖြစ်ခဲ့တဲ့နှစ်အတွင်း ၂၀၂၃ ခုနှစ်က အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်အော်တွေမှာ -
• လေဖိအားနည်းရပ်ဝန်း(Depression – D) ၁၀ ကြိမ်၊
• အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(Deep Depression – DD) ၈ ကြိမ်၊
• ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) ၇ ကြိမ်၊
• အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm-SCS) ၆ ကြိမ်ဖြစ်ခဲ့ပြီး၊
• အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm-VSCS) ၄ ကြိမ်နဲ့
• အားအလွန့်အလွန်ကောင်းသော အဖျက်စွမ်းအားကြီးမား ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး(Extremely Severe Cyclonic Storm – ESCS) ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။
• ဆုံးရှုံးမှုတန်ဖိုးက ၄.၀၇ ဘီလီယံဒေါ်လာရှိပြီး အသက်ဆုံးရှုံးသူဦးရေ ၅၁၁ ဦး ဖြစ်ကြောင်း တွေ့ရပါတယ်။
(ခ) ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ - တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများ
၂၀၂၄ ခုနှစ်က ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာအတွင်းမှာ -
• လေဖိအားနည်းရပ်ဝန်း(Depression – D) ဖော်ပြခြင်းမရှိ
• အပူပိုင်းမုန်တိုင်း(Tropical Storm - TS) ၁၀ ကြိမ်၊
• တိုင်ဖွန်းမုန်တိုင်း(Typhoon) ၁၃ ကြိမ်၊
• စူပါတိုင်ဖွန်းမုန်တိုင်း(Super Typhoon) ၆ ကြိမ်ဖြစ်ခဲ့ပြီး၊
• ဆုံးရှုံးမှုတန်ဘိုးက ၂၆.၅၈ ဘီလီယံဒေါ်လာရှိပြီး အသက်ဆုံးရှုံးသူဦးရေ ၁၂၅၅ ဦး ဖြစ်ကြောင်း တွေ့ရပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းမှာ မုန်တိုင်း ၁၀ ကြိမ်ဖြစ်ခဲ့ပြီး၊ တိုင်ဖွန်းမုန်တိုင်း ၂ ကြိမ်ဖြစ်ခဲ့တာမှာ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Yagi(ဖိလစ်ပိုင်အမည် - Enteng)က အပြင်းထန်ဆုံး CAT-5 Super Typhoon မုန်တိုင်းအဆင့်ရောက်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၂၀ ရှိခဲ့ကာ အနိမ့်ဆုံးဗဟိုဖိအား 915 hPa ရှိခဲ့ကြောင်း တွေ့ရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းကြီး Yagi နဲ့ အနောက်တောင်မုတ်သုံလေအားနေခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အသက်ဆုံးရှုံးသူ ၂၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးနဲ့ ပျောက်ဆုံးနေဆဲ ၂၆ ဦး ရှိကြောင်းတွေ့ရပြီး၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေမှာ ရေကြီးခြင်း/မြေပြိုခြင်းများကြောင့် အသက်ဆုံးရှုံးသူ ဦးရေ ၈၁၅ ဦး ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာတော့ တိုင်ဖွန်းမုန်တိုင်း Yagi ကြောင့် ထိခိုက်ဒဏ်ရာရသူ ၄၈ ဦး၊ ပျောက်ဆုံးနေဆဲ ၇၉ ဦးနဲ့ အသက်ဆုံးရှုံးသူ ၄၃၃ ဦး ရှိကြောင်း တွေ့ရပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Krathon(ဖိလစ်ပိုင်အမည် - Julian)ကတော့ CAT-4 Super Typhoon အဆင့်ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၂၀၊ အနိမ့်ဆုံးဖိအား 927 ရှိခဲ့ပြီး မုန်တိုင်းလမ်းကြောင်းက၊ ထိုင်ဝမ်ကျွန်းနဲ့ ဖိလစ်ပိုင်နိုင်ငံကြားမှ တောင်တရုတ်ပင်လယ် အရှေ့မြောက်ပိုင်းကိုရောက်ရှိကာ ထိုင်ဝမ်ကျွန်းရဲ့အနောက်တောင် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူ ၁၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၃၁ ဦးနဲ့ ပျောက်ဆုံးနေဆဲ ၁ ဦး ရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈.၁ သန်း ရှိကြောင်းနဲ့ မုန်တိုင်းအကြွင်းအကျန်များက ဂျပန်နိုင်ငံ ရူကျုကျွန်းအထိ သက်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပါ်ခဲ့သည့် မုန်တိုင်းများနှင့် တောင်တရုတ်ပင်လယ်ဘက်သို့ ရွေ့လျားခဲ့သည့် မုန်တိုင်းများအခြေအနေပြပုံ
CAT-5 စူပါတိုင်ဖွန်း Yagi(ဖိလစ်ပိုင်အမည် Eteng) ရွေ့လျားခဲ့သည့် လမ်းကြောင်းပြပုံ
အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းက အာရေဗျပင်လယ်၊ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းများက ပစိဖိအနောက်မြောက်သမုဒ္ဒရာထဲက ဖိလစ်ပိုင်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ ဖြစ်တဲ့ မုန်တိုင်းတွေရဲ့ အရေအတွက်ထက်နည်းပြီး အရှေ့ဘက်ပင်လယ်တွေမှာဖြစ်တဲ့ မုန်တိုင်းတွေက အားပိုကောင်းတာလဲ တွေ့ရပါမယ်။
အိန္ဒိယဘက်ကရော၊ အရှေ့ဘက်တောင်တရုတ်ပင်လယ်ဘက်ကရော ၂ ဘက်စလုံးက ပင်လယ်ပြင်တွေမှာ ဖြစ်လာသမျှ မုန်တိုင်းတွေရဲ့ သက်ရောက်မှုကတော့ မြန်မာနိုင်ငံဘက်ကိုသက်ရောက်မှု အနည်းနဲ့ အများရှိကြတာပါဘဲ။ “ဒီမုန်တိုင်းတွေ ဖြစ်တတ်တဲ့ ကာလသည် မြန်မာနိုင်ငံမှာ မုတ်သုံ စတင်မဝင်ခင်အချိန်မှ မုတ်သုံဆုတ်ခွာချိန်အထိ ဖြစ်တတ်တယ်၊ ဘင်္ဂလား ပင်လယ်အော်ဘက်မှာ မိုးဦးကာလအတွင်း ဖြစ်တတ်တဲ့ မုန်တိုင်းတွေက အားပိုကောင်းပြီး မြန်မာနိုင်ငံဘက်ကို ဝင်ရောက်နိုင်ချေ ပိုများတယ်၊ တိုက်ရိုက်ဝင်ရောက်ခြင်းမရှိရင်တောင် မုန်တိုင်းအရှိန်သက်ရောက်မှုက ပိုများတယ်ဆိုတာတွေ့ရမဲ့အပြင်၊ မိုးနှောင်းနဲ့ မိုးလွန်ကာလများအတွင်း တောင်တရုတ်ပင်လယ်ဘက်မှာ မုန်တိုင်းတွေ ဖြစ်လာတဲ့အခါ အားကောင်းရင်ကောင်းသလို မုန်တိုင်းအကြွင်းအကျန်များရဲ့ သက်ရောက်မှုဒဏ်ကို မြန်မာနိုင်ငံက ခံရတယ်” ဆိုတာ မှတ်သားထားရပါမယ်။
၃။ ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများ
၂၀၂၄ ခုနှစ်အတွင်း နွေရာသီနေ့အပူချိန်များမြင့်တက်မှု စံချိန်တင်ခဲ့ပြီး မိုးရာသီအတွင်း မုန်တိုင်းများဖြစ်ပေါ်တဲ့အခါ မြန်မာနိုင်ငံကို မုန်တိုင်းတလုံးတလေမှ တိုက်ရိုက်ဝင်ရောက်ခဲ့တာ မရှိသော်လည်း မုန်တိုင်းအကြွင်းအကျန်များ ရွေ့လျားဝင်ရောက်ရာ လမ်းကြောင်းတလျှောက်က ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်းတွေ ဆိုးရွားစွာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ လကုန်ပိုင်းအထိ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ မုန်တိုင်းများဖြစ်ပေါ်မှုများနေဆဲ အချိန်အတွင်း ကမ္ဘာ့ မြောက်ခြမ်းမှာ ၂၀၂၃ ဇွန်လအတွင်းမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ အားအသင့်အတင့်မှ အားကောင်းတဲ့ အယ်လ်နီညိုက ၂၀၂၄ ခုနှစ် မေလ အထိ ဆက်လက်ဖြစ်ပေါ်မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်ကြောင့် မြန်မာနိုင်ငံရဲ့ နွေရာသီအပူချိန် မုတ်သုံဝင်ချိန်၊ မိုးဦးကာလ မိုးလေဝသအခြေအနေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ မိုးကြိုကာလအတွင်း မုန်တိုင်းစတင်ဖြစ်လာနိုင်မဲ့ အခြေအနေတွေကို သတိထားစောင့်ကြည့်ခဲ့ရပါတယ်။
(က) နွေရာသီကာလအတွင်းမှာဖြစ်ပေါ်နိုင်သည့် အပူချိန်အခြေအနေကြိုတင်ခန့်မှန်း
ကမ္ဘာ့ရာသီဥတုကြိုတင်ခန့်မှန်းရေး မော်ဒယ်များက အောက်ပါအတိုင်းခန့်မှန်းထားခဲ့ကြပါတယ် -
၂၀၂၄ ခုနှစ် မတ်လအတွင်း - နှစ်စဉ်ဖြစ်မြဲပျမ်းမျှအပူချိန်အထက် ၁°C မှ ၁.၅°C အထိ မြင့်တက်နိုင်မည့် ဒေသများ - မန္တလေးတိုင်းမြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း
၂၀၂၄ ခုနှစ် မတ်လအတွင်း - နှစ်စဉ်ဖြစ်မြဲပျမ်းမျှအပူချိန်အထက် ၀.၅°C မှ ၁°C အထိ မြင့်တက်နိုင်မည့် ဒေသများ - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊
၂၀၂၄ ခုနှစ် ဧပြီလအတွင်း - နှစ်စဉ်ဖြစ်မြဲပျမ်းမျှအပူချိန်အထက် ၁.၅°C မှ ၂°C အထိ မြင့်တက်နိုင်မည့် ဒေသများ -
တနင်္သာရီတိုင်း
၂၀၂၄ ခုနှစ် ဧပြီလအတွင်း - နှစ်စဉ်ဖြစ်မြဲပျမ်းမျှအပူချိန်အထက် ၁°C မှ ၁.၅°C အထိ မြင့်တက်နိုင်မည့် ဒေသများ -
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တောင်ပိုင်း
၂၀၂၄ ခုနှစ် ဧပြီလအတွင်း - နှစ်စဉ်ဖြစ်မြဲပျမ်းမျှအပူချိန်အထက် ၀.၅°C မှ ၁°C အထိ မြင့်တက်နိုင်မည့် ဒေသများ - စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် … စသည်ဖြင့် ကြိုတင်ခန့်မှန်းချက်များတွေ့ခဲ့ရပါတယ်။
ဒီကြိုတင်ခန့်မှန်းချက်များအတိုင်းလဲ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက မြို့တချို့ရဲ့ အပူချိန်တွေက ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့စာရင်းထဲပါသည်အထိ အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့နွေရာသီအပူချိန်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ဆက်လက်ဖြစ်ပေါ်ခဲ့တာကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း ဖေါ်ပြကြတာလဲ တွေ့ရပါတယ်။
(ခ) ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ရေကြီး/ရေလျှံခြင်းများ - ပထမအကြိမ်ရေကြီးခြင်း
အပူပြင်းပြင်းနဲ့ စတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ မိုးဦးကာလအတွင်း မေလ ၂၄ ရက်မှာ စတင်ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း Remal ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ နိုင်ငံ နယ်စပ်အနီး ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် မုန်တိုင်းအကြွင်း အကျန်များက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများကို ဖြတ်ကျော် ရွေ့လျားခဲ့ကာ ဧရာဝတီနဲ့ချင်းတွင်းမြစ်များ မြစ်ဖျားခံရာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွေအထိရောက်ရှိခဲ့ပါတယ်။ အဲ့ဒီဒေသတွေမှာ မိုးသည်းထန်ခဲ့တာကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်တလျှောက်မှ မြစ်ရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိပြီး၊ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမရေကြီးကာလ စတင်ခဲ့ပါတယ်။ ဒီမြစ်ရေကြီးမှုက ဧရာဝတီ/ချင်းတွင်း မြစ်ရိုးတလျှောက်မှ ပူပြင်းခြောက်သွေ့နေဆဲဒေသများ အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသတွေအထိ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်စေခဲ့ပါတယ်။
(ဂ) ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ရေကြီး/ရေလျှံခြင်းများ - ဒုတိယအကြိမ်ရေကြီးခြင်းမိုးနှောင်းကာလ(စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်)အတွင်း ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာအတွင်းက၊ ဖိလစ်ပိုင်ပင်လယ်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး တောင်တရုတ်ပင်လယ်မှတဆင့် ဗီယက်နမ်ကမ်းခြေကို နောက်ဆုံးဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ အားအကောင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း Yagi ရဲ့ မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်ရွေ့လျားမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ပဲခူးတိုင်း-စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာဖြစ်ပေါ်ခဲ့တဲ့ ရေနဲ့ပတ်သက်သော သဘာဝဘေးတွေက ၂၀၂၄ ခုနှစ်ရဲ့ ဒုတိယရေကြီးကာလဖြစ်စဉ်များဖြစ်ပါတယ်။
၄။ ၂၀၂၄ ခုနှစ် သဘာဝဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ -
၂၀၂၄ ခုနှစ်အစပိုင်းမှ စတင်ဖြစ်ပေါ်ခံစားခဲ့ကြရတဲ့ နေ့အပူချိန်အလွန်အမင်းမြင့်တက်ခြင်းကြောင့်လည်းကောင်း၊ ပထမအကြိမ်နဲ့ဒုတိယအကြိမ် ဆိုးရွားသောရေကြီးရေလျှံခြင်း/မြေပြိုတောင်ပြိုခြင်းများကြောင့်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ကြရတာ အပြင် လယ်ယာမြေနဲ့ကျွဲနွားတိရိစ္ဆာန်များဆုံးရှုံးရခြင်းသည်လည်း မြင့်မားခဲ့ပါတယ်။
အင်္ဂလိပ်ဘာသာဖြင့်တင်ထားတဲ့ Global New Light Of Myanmar website မှာ တိုင်ဖွန်းမုန်တိုင်း Yagi အကြွင်းအကျန်များကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ဆုံးရှုံးမှုများကို အခုလိုရေးသားဖေါ်ပြထားပါတယ် -
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်ဖွန်း ယာဂီ အကြွင်းအကျန်ကြောင့် ဖြစ်သည်။ ကွင်းဆင်းအကဲဖြတ်ချက်များအရ ဆည်မြောင်းစနစ်များ၊ လမ်းတံတားများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မီးရထားပို့ဆောင်ရေး၊ သစ်တော၊ ရေအားလျှပ်စစ်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အစိုးရအခြေခံအဆောက်အအုံများအပါအဝင် ကဏ္ဍအသီးသီးတွင် သိသာထင်ရှားသော ပျက်စီးမှုများရှိခဲ့ပါသည်။ အစိုးရက ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ငွေကျပ် ၂၄၄ ဘီလီယံကျော်ရှိကြောင်း၊ လူနေအိမ်များ၊ စက်ရုံများ၊ လယ်ယာမြေများ၊ လယ်ယာသုံးစက်ကိရိယာများ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ငန်းများ ထိခိုက်ပျက်စီးမှုနှင့်အတူ ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု များပြားခဲ့ကြောင်းနှင့် လူမှုရေးကဏ္ဍ၏ စုစုပေါင်းဆုံးရှုံးမှုမှာ ကျပ် ၂၂၁ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုမှာ ကျပ် ၄၆၆ ဘီလီယံကျော်ရှိခဲ့သည်။ ဤရေကြီးမှုဒဏ်ခံရသော ဒေသများအနက် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်း ဒေသကြီးတို့သည် အဆိုးရွားဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်က ဒုတိယအများဆုံးဖြစ်သည်။