ဘွဲ့ရပေမဲ့ လခစားမလုပ်ဘဲ တောင်သူမယ်ဘဝကို ရွေးချယ်အောင်မြင်နေတဲ့ အိန္ဒိယအမျိုးသမီး

23/06/2023 11:19 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာကြီးရဲ့စားနပ်ရိက္ခာဖူလုံရေးအတွက်ဆိုရင် အိန္ဒိယစိုက်ပျိုးမွေးမြူရေးနယ်ပယ်ဟာ အဓိကအကျ ဆုံးနေရာကနေ ပါဝင်နေတာပါ။

အိန္ဒိယလူမျိုးတွေဟာလည်း စားဝတ်နေရေးအတွက် ဒီနယ်ပယ်ကို ကြီးကြီးမားမား မှီခိုကြရပြီး အမျိုး သမီးတွေဆိုရင် ၈၄ ရာခိုင်နှုန်းလောက်ထိ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကို မှီခိုနေရပါတယ်တဲ့။ ၃၃ ရာခိုင်နှုန်းဟာ စိုက်ပျိုးထုတ်လုပ်သူတွေဖြစ်ပြီး ၄၇ ရာခိုင်နှုန်းကတော့ အလုပ်သမားတွေအဖြစ် မှီခိုလုပ်ကိုင်နေကြတာပါ။

ဒီလို တောင်သူမယ်တွေထဲမှာ ပညာတတ်တွေလည်းပါဝင်နေပါတယ်။ ဒီထဲကမှ အမိုးခုံးစိုက်ပျိုးရေး စနစ်နဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အောင်မြင်နေသူကတော့ ဘာဗနာနီခမ်းပဲဖြစ်ပါတယ်။

ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပေမဲ့ ဘာဗနာဟာ လခစားဝန်ထမ်းအလုပ်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ သူမရဲ့ အသက်မွေးမှုအတွက် စိုက်ပျိုးမွေးမြူရေးတောင်သူမယ်ဘဝကိုသာ ရွေးချယ်ခဲ့ပါတယ်။ 

ဘာဗနာဟာ ၂၀၁၆ ခုနှစ်တုန်းက ဒဗာဒီလို့ခေါ်တဲ့ သူမနေထိုင်ရာ ကျေးရွာလေးမှာ ၂၀၀၀ စတုရန်းမီတာ (ဧကဝက်ခန့်) ပလတ်စတစ်အမိုးခုံးစိုက်ခင်းတစ်ခုနဲ့ စိုက်ပျိုးရေးသမားဘဝကို အစပြုခဲ့တာပါ။ 

ဒီထဲမှာ ငရုတ်ချိုတွေ၊ စပျစ်တွေ၊ ဟင်းသီးဟင်းရွက်တွေ အစုံထည့်စိုက်ပါတယ်။ ပညာတတ်တစ်ဦးပီပီ သူမဟာ ဒေသတွင်း သမားရိုးကျ လမ်းဟောင်းစိုက်နည်းစနစ်တွေနောက် မလိုက်ဘဲ ပိုမိုကောင်းမွန်တဲ့ ပလတ်စတစ်အမိုးခုံးစိုက်ပျိုးနည်းစနစ်ကို ရွေးချယ်လုပ်ကိုင်ခဲ့တာပါ။ 

အိန္ဒိယစိုက်ပျိုးရေးသုတေသနဌာန၊ အစိုးရစိုက်ပျိုးမွေးမြူရေးဌာနတွေကပေးတဲ့ ဘက်စုံစိုက်ပျိုးမွေး မြူရေးစနစ်သင်တန်းတွေကိုလည်း ဘာဗနာ တက်ရောက်ခဲ့ပါတယ်။ သူမကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သလို မိသားစုဘက်က ကူညီပံ့ပိုးမှုတွေလည်း ပေးပါတယ်။ ဒီလိုနဲ့ပဲ ဒေသ တွင်းရဲ့ စံပြုစရာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ပုံစံတစ်ခုကို သူမ အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဆန်းသစ်တီထွင်လိုစိတ်ရှိသူ ဘာဗနာဟာ ပလတ်စတစ်အမိုးခုံးစိုက်ခင်း၊ ဇာပိုက်အုပ်စိုက်ခင်း၊ ပလတ် စတစ်ဘောင်အုပ်စိုက်နည်းစနစ်၊ မြေညှိစိုက်နည်းစနစ်၊ ထုပ်ပိုးနည်းစနစ်တွေမှာ ဒေသတွင်း တခြားသူ တွေနဲ့မတူ တမူထူးခြားလုပ်ကိုင်နိုင်ခဲ့တာကလည်း သူမကို အောင်မြင်မှုဆီ တွန်းပို့ပေးခဲ့တာပါ။

ရှားပါးဟင်းသီးဟင်းရွက်မျိုးတွေကိုလည်း စိုက်ခင်းထဲမှာထည့်စိုက်ပါတယ်။ ဒါကြောင့် ဘာဗနာရဲ့ စိုက်ခင်းဟာ ဇီဝမျိုးစုံမျိုးကွဲတွေ လေ့လာစရာနေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ လာရောက်လည် ပတ်သူ၊ လေ့လာသူပညာတော်သင်တွေထဲမှာ စိုက်ချင်သူတွေရှိရင်လည်း အဲ့ဒီရှားပါးအပင်တွေရဲ့ မျိုးစေ့တွေ၊ အပင်တွေကို မျှဝေပေးပါတယ်။ 

ဘာဗနာရဲ့ စိုက်ခင်းမှာ နောက်ထပ်လေ့လာစရာတွေကတော့ မိုးရေရယူနည်းစနစ်တွေနဲ့ ရေသိုလှောင်တဲ့ ကန်တွေပါပဲ။ ဒီကန်တွေဟာ ခြောက်သွေ့ရာသီ စိုက်ပျိုးရေးမှာ ရေသွင်းစိုက်နိုင်ဖို့ ရေသိုလှောင် ထားရုံတင်မဟုတ်ဘဲ ငါးတွေလည်းမွေးထားလို့ အပိုဝင်ငွေလည်း ရနေစေတာဖြစ်ပါတယ်။ 

ဘာဗနာရဲ့ အောင်မြင်နေတဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ပလတ်စတစ်ဘောင်အုပ် အစက်ချစနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ခြင်း
  • စပျစ်စိုက်ပျိုးရေး
  • ငါးမွေးမြူရေး
  • ငရုတ်ချို၊ ခရမ်းချဉ်နှင့် ပဲမျိုးစုံကို ပလတ်စတစ်အမိုးခုံးစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ခြင်း
  • ကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်း

ဒီလိုလုပ်ငန်းတွေလုပ်ရာမှာ ဘာဗနာအနေနဲ့ အမျိုးမျိုးသော ဆန်းသစ်တီထွင်မှုတွေ၊ နည်းပညာသစ် တွေ အသုံးချလုပ်ကိုင်နေတာကြောင့် သူမရဲ့အောင်မြင်မှုခြေရာကို နင်းလိုတဲ့ တခြားတောင်သူတွေနဲ့ လူငယ်တွေ အများအပြားဟာ စိုက်ခင်းဆီကို ပုံမှန်လာရောက်လေ့လာမှုတွေ ရှိနေတာပါ။ ဒဗာဒီ ဒေသမှာတော့ သူမဟာ သူတို့အတွက် စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။ 

ဘာဗနာရဲ့အောင်မြင်မှုတွေဟာ ဒီလောက်တင်ပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယစိုက်ပျိုးမွေးမြူရေးဝန်ကြီးကပေးတဲ့ ဆန်းသစ်တီထွင်တောင်သူမယ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးတောင်သူဆုအပါအဝင် တခြားအဖွဲ့အစည်းတွေက ပေးအပ်တဲ့ ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိနိုင်ထားတာဖြစ်ပါတယ်။

ဆိုတော့ ဘာဗနာရဲ့အောင်မြင်မှုဟာ ဘာကိုပြနေသလဲဆိုတော့ တောင်သူအလုပ်ဆိုတာ ပညာမတတ်သူတွေ လုပ်ကိုင်ရတဲ့အလုပ်ဆိုတာမျိုးချည်း သဘောထားမနေသင့်ဘူးဆိုတာပါ။ ပညာတတ်သူ တွေသာ စိုက်ပျိုးမွေးမြူရေးကို စီးပွားရေးတစ်ရပ်အနေနဲ့ သဘောထားလုပ်ကိုင်မယ်ဆိုရင် ပိုမိုတီထွင် ဆန်းသစ်နိုင်မှုတွေနဲ့အတူ အောင်မြင်မှုဆီလှမ်းတက်နိုင်ပါတယ်ဆိုတာ ဘာဗနာက ကိုယ်တိုင်ကြိုးစားမှုတွေနဲ့အတူ ပြသနေပါကြောင်း...။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်