"ရှုးပေါက်ချင်ရင် ဟင်းခင်းထဲကို သွားပေါက်ချေ"
သုတေသနပညာရှင် Fabien Esculier ဟာ အဖွားဖြစ်သူ မှာကြားခဲ့ဖူးတဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးလမ်းညွှန်ကို ဘယ်တော့မှ မမေ့ပါဘူး။ တကယ်တော့ အဘွားစကားကပဲ သူအခုလုပ်နေတဲ့ လုပ်ငန်းကို စေ့ဆော်ပေးခဲ့တာပါ။
စက်မှုလယ်ယာခေတ်ကြီးထဲမှာ ကျင်ငယ်ရေကို အပင်အတွက် မြေသြဇာအဖြစ် ကျွေးမွေးမယ်ဆိုတာဟာ အလွန် အရိုင်းဆန်လှတဲ့ နည်းလမ်းလို့ ထင်ချင်စရာပါပဲ။ ဒါပေမဲ့လည်း သုတေသနပညာရှင်တွေက ဓာတုဆေးဝါးတွေ အားကိုးလွန်းတာကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းနိုင်သမျှ နည်းစေအောင် နည်းလမ်း ရှာဖွေနေကြပါတယ်။ တချို့ကလည်း လူ့ကျင်ငယ်ရေကို အသုံးချနိုင်ချေအပေါ် ပိုပိုပြီး စိတ်ဝင်စားလာနေကြပါတယ်။
အပင်တွေဟာ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ဆိုတဲ့ အာဟာရတွေ လိုအပ်ပါတယ်။ လူသားတွေက အပင်အာဟာရတွေကို အစားအစာကတစ်ဆင့် စားသုံးကြပြီး အများစုကို ဆီးကတစ်ဆင့် စွန့်ထုတ်ပစ်ကြတယ်လို့ လူအစားအသောက်စနစ်နဲ့ စွန့်ပစ်အညစ်အကြေးစီမံခန့်ခွဲမှုကို လေ့လာနေတဲ့ ပြင်သစ်နိုင်ငံရှိ OCAPI သုတေသနအစီအစဉ်ရဲ့ ပညာရှင် Esculier က ပြောပါတယ်။
ဒါကို အသုံးချစရာ အခွင့်အလမ်းတစ်ခုအဖြစ် သိပ္ပံပညာရှင်တွေက မှတ်ယူထားကြတာပါ။
ရာစုနှစ်တစ်ခုဝန်းကျင် သုံးစွဲလာခဲ့တဲ့ လူလုပ် နိုက်ထရိုဂျင်ဓာတ်မြေသြဇာတွေဟာ သီးနှံထွက်နှုန်းကို မြင့်တက်စေခဲ့ပြီး တိုးပွားလာတဲ့ လူဦးရေနဲ့အညီ ကျွေးမွေးနိုင်အောင် လယ်ယာကုန်ထုတ်စွမ်းအားကို တွန်းတင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီဓာတ်မြေသြဇာတွေကို ပမာဏ အများအပြား အသုံးပြုတဲ့အခါ ဓာတ်ကြွင်းတွေဟာ မြစ်နဲ့ အခြားရေလမ်းကြောင်းတွေထဲကို စီးဆင်းဝင်ရောက်လာကြတယ်။ အဲဒီကနေ ရေညှိပင်တွေကို ပြွတ်သိပ်နေအောင် ကြီးထွားဖြစ်ထွန်းစေပြီး ငါးနဲ့ အခြားရေနေသတ္တဝါတွေ သေကြေပျက်စီးရတဲ့အထိ ဖြစ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ လယ်ယာသုံးအမိုးနီးယားဓာတ်မြေသြဇာတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ဆိုးနဲ့ လယ်ယာသုံးယာဉ်ယန္တရားတွေဆီက ထွက်လာတဲ့ ဓာတ်ဆီငွေ့တွေ ပေါင်းပြီး အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ် စေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဓာတ်မြေသြဇာတွေဟာ နိုက်ထရပ်အောက်ဆိုက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်စေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို အားပေးနေပါတယ်။
ဒါပေမဲ့ ရေထုအတွင်း ဓာတ်မြေသြဇာညစ်ညမ်းမှုဟာ စိုက်ခင်းတွေဆီကနေ တိုက်ရိုက်လာတာချည်းသက်သက်တော့ မဟုတ်ပါဘူး။
"ယနေ့ခေတ် မိလ္လာရေဆိုးနုတ်စနစ်တွေဟာလည်း ရေထုထဲမှာ အပင်အာဟာရတွေ ညစ်ညမ်းပါဝင်စေတဲ့ ပင်မအကြောင်းရင်းတစ်ခုအဖြစ် ရှိနေပါတယ်" လို့ အမေရိကန်ပြည်ထောင်စုရှိ Rich Earth Institute ရဲ့ ပညာရှင် Julia Cavicchi က ပြောပါတယ်။ စွန့်ပစ်ရေအတွင်း ပါဝင်တဲ့ နိုက်ထရိုဂျင်ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ဖော့စ်ဖရပ် ထက်ဝက်ကျော်တို့ဟာ လူ့ကျင်ငယ်ရေကနေ လာတာလို့ ၎င်းက ပြောပါတယ်။
ဒီကျင်ငယ်တွေနဲ့ ဓာတ်မြေသြဇာနေရာမှာ အစားထိုးဖို့ ဆိုရင်တော့ မွမ်းမံစီရင်ပြီး ကျင်ငယ်ရေ အလေးချိန် အဆပေါင်းမြောက်မြားစွာ လိုအပ်လိမ့်မယ်လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ “နိုက်ထရိုဂျင်ထုတ် လုပ်ငန်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်တာကတစ်ကြောင်း၊ ဖော့စဖရပ်ဟာ အကန့်အသတ်နဲ့သာ ရှိပြီး ပြည်လည်ပြည့်ဖြိုးနိုင်တဲ့ ရင်းမြစ် မဟုတ်တာကတစ်ကြောင်းတို့ကြောင့် ကျင်ငယ်ရေကို ကဲ့ယူတဲ့စနစ်ဟာ ရေရှည်မှာ မိလ္လာရေဆိုးထုတ်စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် တာရှည်ခံနည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်တယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။
ကုလသမဂ္ဂသုတေသသန ပညာရှင်တွေရဲ့ ၂၀၂၀ ခုနှစ် လေ့လာချက်တစ်ခုမှာတော့ ကမ္ဘာ့ရေဆိုးရေညစ်တွေကနေ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ဖော့်စဖရပ်နဲ့ ပိုတက်ဆီယမ် ၁၃ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနိုင်ဖို့ အလားအလာရှိနေတယ်လို့ တွေ့ရှိထားပါတယ်။
ဒါပေမဲ့လည်း လူ့ကျင်ငယ်ရေကို ကဲ့ထုတ်ယူဖို့ဟာ ပြောသလောက် လွယ်ကူမယ့်ပုံ မပေါ်ပါဘူး။
'လုံးလုံးလျားလျား အပြောင်းအလဲ'
အတိတ်ကာလကတော့ မြို့ပြက ထွက်ရှိလာတဲ့ မစင်တွေကို စိုက်ပျိုးရေးစိုက်ခင်းတွေမှာ တိရစ္ဆာန်အညစ်အကြေးနဲ့အတူ သဘာဝမြေသြဇာအဖြစ် တွဲဖက်အသုံးပြုဖို့ ပေးပို့ခဲ့ကြပါတယ်။ ဒါပေမဲ့ ဓာတုဓာတ်မြေသြဇာတွေ သုံးစွဲလာနိုင်ကတည်းက သူတို့တွေ နေရာစပျောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့ခေတ်မှာ ကျင်ငယ်ရေ ရယူချင်တယ်ဆိုရင်တောင် အိမ်သာတွေရဲ့ တည်ဆောက်ပုံနဲ့ ကျင့်သုံးနေတဲ့ မိလ္လာစနစ်တို့ကို ပြန်လည်ဆန်းသစ်ဖို့ လိုအပ်နေပါတယ်။
ဒီလို ကျင်ငယ်ရေ ထုတ်ယူရေး ရှေ့ပြေးစီမံချက်တစ်ခုကို ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတုန်းက ဆွီဒင်နိုင်ငံမှာ ရှိတဲ့ သဟဇာတကျေးရွာတွေမှာ ပြုလုပ်ခဲ့ဖူးပါတယ်။
ယခုတော့ အဲဒီလို ပရောဂျက်တွေကို ဆွစ်ဇာလန်၊ ဂျာမနီ၊ အမေရိကန်ပြည်ထောင်စု၊ တောင်အာဖရိက၊ အီသီယိုပီးယား၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ ပြင်သစ်နိုင်ငံတို့မှာပါ တွေ့နေရပါပြီ။
"ဂေဟဗေဒဆန်းသစ်တီထွင်မှုတွေကို မိတ်ဆက်ဖို့က ကာလအကြာကြီး အချိန်ယူရပါတယ်။ ကျင်ငယ်ရေ ကဲ့ယူဖို့ဆိုတဲ့ ဆန်သစ်တီထွင်မှုမျိုးကတော့ အချိန်ပိုလိုတာပေါ့။ ဒီအတွက် လုံးလုံးလျားလျား ပြောင်းလဲဖို့လိုတာဆိုတော့" လို့ ဆွစ်ဇာလန်နိုင်ငံ Eawag သုတေသနဌာနမှ ပညာရှင် Tove Larsen က ပြောပါတယ်။
အစောပိုင်းမှာ ပေါ်ခဲ့တဲ့ ကျင်ငယ်တစ်ပေါက်၊ ကျင်ကြီးတစ်ပေါက် အိမ်သာတွေကို အမြင့်မတင့်တယ်ဘူး၊ လက်တွေ့အသုံးမတည့်နိုင်ဘူး ဆိုခဲ့ကြသလို အနံ့ဆိုး ထွက်လာမှာကို စိုးရိမ်သူတွေလည်း ရှိခဲ့ကြတယ်လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ဆွစ်ကုမ္ပဏီ Laufen and Eawag က ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးအိမ်သာပုံစံတွေကတော့ အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်လောက်တယ်လို့ ၎င်းက မျှော်လင့်နေပါတယ်။ အဲဒီ အိမ်သာခွက်မှာ ကျင်ငယ်ရေကို သီးခြားထည့်ခွက်တစ်ခုဆီ စီးဆင်းသွားစေဖို့ လမ်းကြောင်းဖောက်ပေးထားတာ ဖြစ်ပါတယ်။
ကျင်ငယ်ရေတွေကို စုဆောင်းပြီးပြီဆိုရင် မြေသြဇာဖြစ်အောင် မွမ်းမံစီရင်ဖို့ လိုအပ်လာပါတော့မယ်။
ကျင်ငယ်ရေဟာ ပုံမှန်အားဖြင့် ကူးစက်ရောဂါတွေကို သယ်ဆောင်လေ့မရှိတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချိန်အကြာကြီး ထားရှိသိုလှောင်ခွင့် ပြုထားပါတယ်။ ကျင်ငယ်ရေကို သတ်မှတ်အပူချိန်ပေးပြီး ပိုးသတ်မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်လည်း ကျင်ငယ်ရေကို အနှစ်ကျအောင် ကျို ဒါမှမဟုတ် ရေဓာတ်တွေ ခမ်းသွားအောင် လုပ်ပြီး ထုထည် လျှော့ချကာ သယ်ယူပို့ဆောင်စရိတ် သက်သာစေနိုင်တဲ့ နည်းလမ်းများစွာလည်း ရှိပါသေးတယ်။
'ရေမဲ့အိမ်သာ'
နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ အများပြည်သူ ရှက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။
"ဒီအကြောင်းအရာဟာ တစ်ကိုယ်ရည်အတွင်းရေးနဲ့ သက်ဆိုင်သွားပြီ" လို့ အများပိုင်အိမ်ရာစီမံကိန်းအဖွဲ့ Paris et Metropole Amenagement ရဲ့ တာဝန်ရှိ Ghislain Mercier က ပြောပါတယ်။
အဲဒီအဖွဲ့ဟာ ပြင်သစ်မြို့တော်ထဲမှာ ဈေးဆိုင်နဲ့ အိမ်ရာပေါင်း ၆၀၀ လောက် ပါတဲ့ သဟဇာတရက်ကွက်တစ်ခု ဖော်ဆောင်လျက်ရှိပြီး အဲဒီရက်ကွက်ကနေ ကျင်ငယ်ရေတွေကို စုဆောင်းကာ မြို့တွင်းစိုက်ခင်းတွေအတွက် အပင်အာဟာရ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ရုံးတွေလို အဆောက်အအုံကြီးတွေ၊ ပင်မရေနုတ်မြောင်းနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ ကြီးမားတဲ့အလားအလာကောင်းကို တွေ့မြင်နေရတယ်လို့ ၎င်းက ပြောပါတယ်။
နောက်ဆုံး စားသောက်ဆိုင်တွေကိုတောင် အသုံးချနိုင်ပါတယ်။ ပဲရစ်မြို့ထဲမှာ ရေမဲ့အိမ်သာတွေ တပ်ဆင်ထားပြီး ကျင်ငယ်ရေ စုဆောင်းနေတဲ့ စားသောက်ဆိုင်ပေါင်း ၂၂၁ ခု ရှိပါတယ်။
"ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ တော်တော်များများ ရရှိထားပါတယ်" လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Fabien Gandossi က ပြောပါတယ်။
"လူတွေက ရုတ်တရက်တော့ အံ့သြကြတာပေါ့။ ဒါပေမဲ့ ရိုးရိုးအိမ်သာနဲ့ ယှဉ်ရင် ကွဲပြားမှု အနည်းငယ်သာ ရှိတယ်လို့ သူတို့ မြင်ကြပါတယ်"
ဒါပေမဲ့ လူသားတွေဟာ နောက်တစ်ဆင့် တက်တဲ့အနေနဲ့ ကျင်ငယ်ရေကို ဓာတ်မြေသြဇာအဖြစ် သုံးပြီး စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအစာတွေကို စားသုံးဖို့ရော အဆင်သင့် ဖြစ်ကြပြီလား။
ဒီအကြောင်းအရာအပေါ် လေ့လာထားတဲ့ သုတေသနပြုချက်တစ်ခုကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တုံ့ပြန်မှု မတူညီတာကို တွေ့ရှိခဲ့ပါတယ်။ တရုတ်၊ ပြင်သစ်နဲ့ ယူဂန္ဓာနိုင်ငံတို့မှာ လက်ခံစားသုံးမှုနှုန်း အလွန်မြင့်မားပြီး ပေါ်တူဂီ၊ ဂျော်ဒန်တို့လို နိုင်ငံတွေမှာ လက်ခံမှု နည်းပါးတာ တွေ့ရပါတယ်။
'ရွှေကိုမလို ရေကိုသာ လိုသည်'
လတ်တလောမှာ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲတာရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာတစ်ဝန်း ဓာတ်မြေသြဇာ ပြတ်တောက်နေပြီး မြေဆီဈေးတွေ တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။ ဒီစစ်ပွဲဟာ နိုင်ငံများစွာကို စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်ဖို့အတွက်လည်း စေ့ဆော်ပေးနေပါတယ်။
ဒါကလည်း ကျင်ငယ်ရေကို အားပြုပြီး ထုတ်လုပ်တဲ့အစားအသောက်အပေါ် လူတွေ လက်ခံ၊ မခံဆိုတာကို ပိုပြီး ထင်သာမြင်သာ ရှိလာစေမယ့် အခွင့်အလမ်းတစ်ခုလို့ Mercier က ပြောပါတယ်။
OCAPI ကွန်ရက်မှာ အလုပ်လုပ်နေတဲ့ မနုဿဗေဒပညာရှင် Marine Legrand ကတော့ "ကျော်ဖြတ်ရဦးမယ့် အတားအဆီးတွေ" ရှိနေဆဲပဲလို့ ပြောပါတယ်။
ဒါပေမဲ့ သောက်သုံးရေပြတ်လပ်လာမှုနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေအပေါ် လူတွေ အသိအမြင်တိုးလာတာနဲ့အမျှ ရေမဲ့အိမ်သာတွေ သုံးဖို့ သူတို့စိတ်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ၎င်းက ယုံကြည်နေပါတယ်။
"ရေဟာ ဘယ်လောက်အထိ အဖိုးတန်တယ်ဆိုတာကို ကျွန်မတို့ စတင်နားလည်လာကြပါပြီ။ ဒါကြောင့် နောင်ဆိုရင် ရေထဲကို မစင်စွန့်ဖို့ကိစ္စဟာ လက်သင့်မခံနိုင်စရာ ဖြစ်လာမှာပါ" လို့ ၎င်းက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Can pee help feed the world? - AFP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်