ချစ်ချစ်တောက် အပူချိန်ကြောင့် သီးနှံပျက်ကိန်းကြုံနေတဲ့ တရုတ်ပြည်

01/09/2022 12:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တရုတ်တောင်ပိုင်းက လယ်သမား Gan Bingdong ရဲ့ ဖန်လုံအိမ်စိုက်ခင်းထဲက ရာနဲ့ချီတဲ့ တည်သီးပင်တွေဟာ အသီးတဝင်းဝင်း ဖြစ်နေကြရမယ့်အစား ညှိုးခြောက်လဲပြိုနေကြပါတယ်။ တရုတ်မှာ ဆယ်စုနှစ်ခြောက်ခုအတွင်း အပူပြင်းဆုံးဖြစ်တဲ့ ချစ်ချစ်တောက် နွေရာသီ ကျရောက်နေပြီး တရုတ်လယ်သမားတွေဟာ ထပ်တိုးအဆုံးအရှုံးများစွာ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

စက်မှုမြို့တော် ချုံချင့်ရဲ့ တောင်ဘက်စူးစူးမှာရှိတဲ့ Gan ရဲ့ စိုက်ပျိုးရေးခြံမှာ ၄၁ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်မားတဲ့အပူရှိန်နဲ့ ယန်ဇီမြစ်ရေ အလွန်အမင်း လျော့ကျသွားစေတဲ့အထိ ဆိုးရွားတဲ့ မိုးခေါင်မှုတို့ကြောင့် ခြံထဲက ဟင်းသီးဟင်းရွက် ထက်ဝက်လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Gan စိုက်ခင်းထဲက မသေဘဲရှင်ကျန်ခဲ့တဲ့ ခရမ်းပင်တွေဟာ စတော်ဘယ်ရီပင်လောက်တောင် မရှိကြတော့ပါဘူး။ သူ့ စိုက်ခြံအနီးက ဆည်ဟာ ရေခန်းခြောက်သွားပြီး Gan အနေနဲ့ မြေအောက်ရေကို မဖြစ်မနေ ထုတ်ယူအသုံးပြုလာရပါတယ်။

"ဒီနှစ်ရဲ့ ချစ်ချစ်တောက်အပူချိန်ဟာ အင်မတန် စိတ်ပျက်စရာကောင်းပါတယ်" လို့ Gan က ပြောပါတယ်။

လူဦးရေ သိပ်သည်းတဲ့ အရှေ့ပိုင်းကစလို့ အလယ်ပိုင်း စိုက်ပျိုးရေးပြည်နယ်တွေကနေ တိဘက်အရှေ့ပိုင်းဒေသအထိ တရုတ်နိုင်ငံတစ်ကြောလုံးမှာ မိုးခေါင်မှုအခြေအနေ သိသိသာသာ ပိုတိုးလာတယ်လို့ တရုတ်မိုးလေဝသဌာနက စနေနေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှန်ဟိုင်းမြို့ အရှေ့မြောက်အရပ်ရှိ ကျန်းစူးနဲ့ အန်းဟွေးပြည်နယ်တို့က အစပြုလို့ ချုံချင့်နဲ့ စစ်ချွမ်းပြည်နယ်တွေကနေ တိဘက်အရှေ့ပိုင်းဒေသတွေအထိ နောက်လာမယ့် အနည်းဆုံး သုံးရက်အတွင်း အပူချိန်ဆက်ပြင်းပြီး မိုးရွာသွန်းဦးမှာ မဟုတ်ဘူးလို့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ရနိုင်သမျှ ရေအရင်းအမြစ်အားလုံးကို အသုံးပြုပြီး အိမ်ထောင်စုသောက်သုံးရေနဲ့ မွေးမြူရေးသုံးစွဲရေ ထောက်ပံ့ပေးဖို့ အထက်က ညွှန်ကြားထားကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

အကြီးမားဆုံးအကျိုးသက်ရောက်မှုကို စစ်ချွမ်းပြည်နယ်မှာ တွေ့မြင်ရတာပါ။ ပြည်နယ်ထဲက လျှပ်စစ်ဓာတ်အားထုတ် ရေကာတာတွေ ပုံမှန်ထက် ရေထက်ဝက်လောက် လျော့နည်းသွားပြီး ဓာတ်အားထုတ်လုပ်ရေး အဆင်မပြေတာကြောင့် စက်ရုံတွေ ရပ်နားခဲ့ရသလို ရုံးတွေ၊ ကုန်တိုက်တွေမှာ အဲယားကွန်းတွေ ပိတ်ထားကြဖို့ ညွှန်ကြားခဲ့ရပါတယ်။

လူဦးရေ ၉၄ သန်း နေထိုင်တဲ့ စစ်ချွမ်းပြည်နယ်ဟာ လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းကို ရေကာတာတွေဆီကနေ ရရှိတာ ဖြစ်ပါတယ်။

စမတ်ဖုန်း chip ပြားတွေ၊ ကားပစ္စည်း၊ ဆိုလာပြားနဲ့ တခြားစက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံတွေဟာ လာမယ့်စနေနေ့အထိ အနည်းဆုံး ခြောက်ရက်လောက် ပိတ်ထားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာမယ်လို့ ပြောဆိုကြပြီး တချို့ကတော့ ဝယ်လက်တွေအတွက် ရောင်းအားပြတ်လပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယခုလို ပိတ်သိမ်းရမှုတွေဟာ အာဏာရ ကွန်မြူနစ်ပါတီအတွက် စိန်ခေါ်မှုတွေ ထပ်တိုးစေပါတယ်။ ဆယ်စုနှစ်များစွာအတွင်း သြဇာအကြီးဆုံး တရုတ်ခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်ဟာ အစဉ်အလာကို ချိုးဖောက်ပြီး သမ္မတ ငါးနှစ်သက်တမ်း တတိယအကြိမ်မြောက် ရယူပြင်ဆင်နေချိန်မှာ ယခုလို ကြုံတွေ့နေရတာဖြစ်ပါတယ်။

စက်ရုံကုန်ထုတ်လုပ်နှုန်းနဲ့ လက်လီရောင်းချမှုဟာ ဇူလိုင်လအတွင်း အားပျော့ခဲ့တာကြောင့် တရုတ်ရဲ့ စီးပွားရေးနာလံထူမှု ယုတ်လျော့ခဲ့ရပါတယ်။ တရုတ်စီးပွားရေးဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး တစ်နှစ်တာ ပျမ်းမျှ တိုးတက်နှုန်းမျှော်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းထက် ထက်ဝက်လောက် လျော့နည်းနေတာ ဖြစ်ပါတယ်။

နိုင်ငံတော်လျှပ်စစ်ဓာတ်အားပေးဌာနတွေဟာ တခြားပြည်နယ်က လျှပ်စစ်ဓာတ်အားကို စစ်ချွမ်းပြည်နယ်ထံ လွှဲပြောင်းပေးနေရပါတယ်။ အာဏာပိုင်တွေဟာ မီးသတ်ကားတွေကို အသုံးပြုပြီး ချုံချင့်မြို့အနီးက ကျေးရွာနှစ်ရွာဆီ သောက်သုံးရေ ပေးပို့ခဲ့ရပါတယ်။

ချုံချင့်ရဲ့ အရှေ့ဘက် ဟူပေပြည်နယ်မှာ လူဦးရေ ၂၂၀၀၀၀ လောက် သောက်သုံးရေ လိုအပ်နေပြီး သီးနှံစိုက်ဧက ၁၇ သန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်နယ်အစိုးရက စနေနေ့မှာ ထုတ်ပြန်ပါတယ်။ အစိုးရက မိုးခေါင်မှုအခြေအနေ အရေးပေါ်ကြေညာခဲ့ကာ သဘာဝဘေးအကူအညီတွေလည်း ပေးအပ်ခဲ့ပါတယ်။

စစ်ချွမ်းပြည်နယ်မှာ သီးနှံ ၁၁၆၀၀၀ ဧက လုံးဝ ပျက်စီးခဲ့ပြီး ဧက ၁ ဒသမ ၁ သန်း ထိခိုက်ခဲ့တယ်လို့ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီက စနေနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီမှာ လူဦးရေ ၈၁၉၀၀၀ ခန့်က သောက်သုံးရေပြတ်လပ်မှု ကြုံနေရပါတယ်။

ချုံချင့်အာဏာပိုင်တွေကလည်း ပြည်နယ်တွင်း ကျေးလက်ဒေသရှိ ပြည်သူတစ်သန်း သောက်သုံးရေ ပြတ်လပ်မှု ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းကြောင်း ရှန်ဟိုင်းသတင်းဌာန The Paper က အစီရင်ခံပါတယ်။

ချုံချင့်မြို့တောင်ဘက်က လယ်သမား Gan ဟာ သူ့ရဲ့ တည်သီးပင် သုံးပုံတစ်ပုံ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

သူတို့ဒေသက လယ်သမားတွေဟာ ပုံမှန်အားဖြင့် သြဂုတ်လကုန် ဒါမှမဟုတ် စက်တင်ဘာလအတွင်းမှာ စပါးရိတ်သိမ်းလေ့ရှိတာပါ။ ဒီနှစ်တော့ အပင်တွေ သေမကုန်ခင် နှစ်ပတ်လောက်စောပြီး အပြီးရိတ်သိမ်းနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ Gan က ပြောပါတယ်။

Gan တို့ စိုက်ခြံအနီး အများပြည်သူသုံး ဆည်မှာ ရေလုံးဝမရှိတော့သလောက် ဖြစ်နေပြီး ဆည်အနီးက ရေကန်လည်းပဲ ခြောက်သွေ့ကာ ပက်ကြားအက်တွေ ပေါ်နေပါတယ်။ ဆည်မြောင်းတွေ‌ ခြောက်သွေ့လာတာနဲ့အမျှ ပက်ကြားအက်ထဲကို ရေစိမ့်ဝင်တာနဲ့ အပူကြောင့် ရေအငွေ့ပျံတာတွေ ပိုများလာပါတယ်။ Gan ကတော့ မြေအောက်ရေကို စုပ်တင်ကာ စိုက်ခင်းတွေ ရေသွင်းဖို့ လုပ်နေပါတယ်။

"အပူချိန်က နှစ်တိုင်း အခုလိုပဲ မြင့်နေဦးမယ်ဆိုရင်တော့ အထွက်နှုန်း မထိခိုက်စေအောင် ဖြေရှင်းနည်းတစ်ခုခု ရှာဖွေရပါတော့မယ်။ ပိုက်ကွန်မိုးတွေ တည်ဆောက်တာ၊ ရေနေ့စဉ်ပေးစနစ် ဒါမှမဟုတ် အစက်ချရေသွင်းစနစ် စတာတွေ ဖြစ်ပါတယ်" လို့ Gan က ပြောပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံထဲက အချို့သော ဒေသတွေမှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံနေရပါတယ်။

အနောက်မြောက်ပိုင်းပြည်နယ် ချင်းဟိုင်မှာ ရေကြီးမှုကြောင့် လူအနည်းဆုံး ၂၃ ဦး သေဆုံးပြီး ရှစ်ဦး ပျောက်ဆုံးနေတယ်လို့ ရှင်ဟွာသတင်းဌာနက ဒေသဆိုင်ရာအာဏာပိုင်တွေကို ကိုးကားပြီး ရေးသားထုတ်ပြန်ခဲ့ပါတယ်။

ချင်းဟိုင်ပြည်နယ် ဒါတောင်ကောင်တီအတွင်း ရွှံ့မြေပြိုကျခြင်းနဲ့ မြစ်ရေလျှံခြင်းတို့ကြောင့် ကျေးရွာခြောက်ရွာ ထိခိုက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီအတွက် ဒေသခံ ၁၅၀၀ လောက် အိုးအိမ်ကို စွန့်ခွာခဲ့ကြရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Chinese Farmers Struggle as Scorching Drought Wilts Crops - Associated Press

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်