မကြာသေးမီလများကစလို့ အိန္ဒိယနိုင်ငံအနောက်ပိုင်းက သူမအလုပ်လုပ်နေတဲ့ ဝါစိုက်ခင်းတွေမှာ မိုးသည်း ထန်စွာရွာသွန်းပြီး ရေလွှမ်းခဲ့ပြီးတဲ့နောက် ကလေး ၂ ယောက်မိခင် မသန်စွမ်းအမျိုး သမီး Devanabai Dhaigude တစ်ယောက် ထမင်းမစားရဘဲ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်ရတာ ပုံမှန်လိုကို ဖြစ်နေပါပြီ။
မုတ်သုံမိုးဟာ ပျမ်းမျှထက် ကျော်လွန်ရွာသွန်းဖျက်ဆီးခဲ့တာကြောင့် Maharashtra ပြည်နယ် Beed ခရိုင်မှာရှိတဲ့ လယ်မြေတွေမှာ တစ်ရက်ကို ရူပီး ၁၅၀ (၁.၈၀ ဒေါ်လာ) ရတဲ့ ပေါင်းရှင်းအလုပ်အကိုင်ကို သူမနဲ့ အခြားအမျိုးသမီးအများအပြား ဇူလိုင်လအတွင်း ဆုံးရှုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
လက်တစ်ဖက်တည်းသာ အသုံးပြုနိုင်ရတဲ့ကြား ဘာအလုပ်မှလည်းမရှိတော့တဲ့ အသက် ၃၅ နှစ်အရွယ် ဒီအမျိုးသမီးဟာ သူမရဲ့ကလေးတွေအတွက် နေ့စဉ်စားသောက်စရာဝယ်ဖို့ မတတ်နိုင်တော့တာကြောင့် Chopadyachiwadi ရွာမှာရှိတဲ့ ဒေသခံ ငွေတိုးချေးစားသူတစ်ဦးဆီကနေ ငွေချေးထားရပါတယ်။
“ ကျွန်မ ညစာအငတ်ခံတယ်။ ဒါမှလည်း ကလေးနှစ်ယောက်ကို ကျွေးထားနိုင်မှာလေ။ ဒါပေမဲ့ ကျွန်မစုဆောင်းထား၊ ချေးချေးထားတဲ့ငွေလေးတွေက သူတို့လေးတွေကို ဘယ်လောက်ကြာအောင် ကျွေးထားနိုင်ပါ့မလဲ” လို့ အလူမီနီယံအပြားတွေနဲ့ ဆောက်ထားတဲ့ သူမရဲ့ အိမ်ငယ်လေးအပြင်ဘက်မှာ ရပ်ပြီး မေးပြော ပြောပါတယ်။
“ မိုးရေတွေကလည်း ယိုနေတော့ အိမ်ခေါင်မိုးကိုလည်း ပြန်ပြင်ချင်သေးတယ်။ ဒါပေမဲ့ အလုပ်အကိုင်မရှိတော့ နောက်မှလုပ်ရတော့မှာပါပဲ” လို့လည်း အခုနှစ်အစောပိုင်းက အရက်သမားခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ Devanabai က ငြီးတွားပြောဆိုပါတယ်။
တခြားလယ်တွေမှာ အလုပ်ရှာဖို့မျှော်လင့်ပေမဲ့လည်း နိုဝင်ဘာလကျမှ ရောက်မဲ့ ရိတ်သိမ်းရာသီကို စောင့်ဖို့ကလွဲ တခြားမရှိဘူးလို့ သူမက ဆိုပါတယ်။
“တခြားအလုပ်မျိုးလည်း လုပ်မရတော့ အဲ့မတိုင်ခင်အထိ အိမ်မှာပဲနေရမှာပေါ့။ မျှော်လင့်ချက်မဲ့၊ အကူအညီမဲ့သလို ခံစားရတယ်” လို့လည်း Devanabai က ငြီးတွားပါတယ်။
သူမတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက် ရောက်မှုတွေဟာ ကောက်ပဲသီးနှံတွေအပေါ် ခြိမ်းခြောက်နေပြီး လူနေမှုစရိတ်မြင့်တက်လာခြင်း အကျပ် အတည်းနဲ့ ကပ်ရောဂါလွန်ကာလ တိုးတက်မှုနှေးကွေးခြင်းတို့ကြောင့် စီးပွားရေးအခြေအနေ ရုန်းကန်နေရတာတွေက အိန္ဒိယနိုင်ငံတစ်ဝန်းက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကို ဆုပ်ကိုင်ဖျစ်ညှစ်ပစ်နေတာပါ။
အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးလုပ်သားတွေရဲ့ လေးပုံသုံးပုံဟာ ရှင်သန်ရပ်တည်ရေးအတွက် စိုက်ပျိုးရေးကိုမှီခိုနေရတယ်လို့ ဆိုပေမယ့် သူတို့ကို လယ်သမားအနေနဲ့ အသိမှတ်ပြုထားတာ (သို့မဟုတ်) လယ်ယာမြေပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုခံရတာကတော့ အနည်းငယ်မျှသာရှိတယ်လို့ အစိုးရမှတ်တမ်းတွေက ပြသနေပါတယ်။ ဒါဟာ ဘာကိုဖြစ်စေလဲဆိုတော့ သူတို့ဟာ ချေးငွေရယူဖို့ ဒါမှမဟုတ် အစိုးရထောက်ပံ့ကြေးတွေနဲ့ အကူအညီပေးရေးအစီအစဉ်တွေကို ရယူဖို့ ခက်ခဲသွားစေတာပါပဲ။
ယခင်နှစ်က စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ အိန္ဒိယလယ်သမားတွေရဲ့ အဓိကဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေ အများကြီးပါဝင်ခဲ့ပြီး လယ်ယာလုပ်ငန်းမှာရှိနေတဲ့ ၎င်းတို့ရဲ့ အခန်းကဏ္ဍကို ပိုမို အသိအမှတ်ပြုပေးဖို့၊ မြေယာအခွင့်အရေး၊ ချေးငွေနဲ့ ထောက်ပံ့ကြေးတွေကို ပိုမိုအသိအမှတ်ပြုပေးဖို့ ဆိုတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
မိုးခေါင်၊ ရေကြီးမှုနဲ့ အပူချိန်တိုးလာမှုကဲ့သို့ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေ မြင့်တက်လာတာတွေက နိုင်ငံရဲ့အဆင်းရဲဆုံး လယ်သမားမိသားစုတွေအပေါ် သက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အမျိုးသမီး လယ်ယာလုပ်သားတွေဟာ အများဆုံးထိခိုက်ခံစားနေကြရတယ်လို့ ပညာရှင်များနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
လယ်ယာလုပ်ငန်းခွင်မှာ အလုပ်ဆုံးရှုံးသွားတဲ့ အမျိုးသားတွေဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့အတွက် အလုပ်အကိုင်သစ်တွေရှာဖွေဖို့ မြို့ပြတွေကို ပြောင်းရွှေ့သွားနိုင်ပေမဲ့ အမျိုးသမီးတွေကိုတော့ အိမ်မှုတာဝန်ကိစ္စတွေနဲ့ ကန့်သတ်ထားလေ့ရှိတယ်လို့ Bengaluru ရှိ Azim Premji တက္ကသိုလ်မှ လက်ထောက်စီးပွားရေးပါမောက္ခ Kedar Kulkarni က ပြောပါတယ်။
“ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ရာသီဥတုဖောက်ပြန်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ အစိုးရရဲ့မူဝါဒဆိုင်ရာ ပျက်ကွက်မှုဒဏ်တွေကို အခံရဆုံးသူတွေ ဖြစ်ကြပါတယ်” လို့ စိုက်ပျိုးရေးအပေါ် ပြင်းထန်တဲ့ရာသီဥတုရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ရေးသားခဲ့သူ Kulkarni က ပြောကြားခဲ့ပါတယ်။
“ရာသီဥတုပြောင်းလဲလာမှုနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ဘယ်မူဝါဒမဆို အမျိုးသမီးတွေကို ရှေ့တန်းတင် ဦးစားပေးပြီး အာရုံစိုက်သင့်တယ်” လို့ သူက ဆိုပါတယ်။
အနာဂတ်ရဲ့ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း ချိန်ခွင်လျှာ
လယ်ယာလုပ်ငန်းဟာ အိန္ဒိယနိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးရှိပြီး ငွေကြေးအားဖြင့် ဒေါ်လာ ၃ ထရီလီယံနီးပါးရှိနေကာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကို ထောက်ပံ့ပေးထားတာလည်း ဖြစ်ပါတယ်။
သို့သော်ငြားလည်း အမျိုးသားတွေဟာ မြို့ပြတွေကို ပြောင်းရွှေ့နေထိုင်ကုန်တာကြောင့် ကျေးလက်ဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ပိုလွှမ်းလာပါတယ်။ ဒါကြောင့်လည်း ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ဆုံးရှုံးနစ်နာခြင်းတွေကို အမျိုးသမီးတွေဟာ ကူကယ်ရာမဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို သတ္တမမြောက် အထိခိုက်ခံရဆုံးနိုင်ငံဖြစ်တယ်လို့ Germanwatch သုတေသနအဖွဲ့ကနေ နှစ်စဉ်သတ်မှတ်လေ့ရှိတဲ့ နောက်ဆုံး Global Climate Risk Index အရ သိရပါတယ်။
မုတ်သုံမိုးမမျှတခြင်းနဲ့ အပူချိန်မြင့်တက်လာခြင်းတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ လယ်ယာလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။
ဥပမာပြောရရင် Devanabai အပြောအရတော့ သူမဟာ ၂၀၂၀ မတိုင်ခင်တုန်းကဆို ၁ ပတ်ကို ၄ ရက် (သို့မဟုတ်) ၅ ရက် လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ရပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ ပိုမိုဆိုးရွားလာတဲ့ မိုးခေါင်မှုနဲ့ စိုက်ပျိုးရာသီတစ်လျှောက် မိုးသီးမုန်တိုင်း ကျရောက်ခြင်းများအပါအဝင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် အလုပ်လုပ်ကိုင်ရမှုဟာ ၁ ပတ်ကို ၁ ရက်၊ ၂ ရက်လောက်အထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
လယ်သမားတွေဟာ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် အစိုးရဆီကနေ လျော်ကြေးငွေရရှိပေမယ့် အဲ့ဒီလယ်သမားတွေအတွက် အလုပ်လုပ်ပေးတဲ့ Devanabai တို့လို အမျိုးသမီးလုပ်သားတွေကတော့ အဲ့လိုမျိုး ထောက်ပံ့တာမျိုး ဘာမှမရကြဘူးလို့ ကျေးလက်ဒေသ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ဒေသခံ NGO ဝန်ထမ်းဖြစ်သူ Saraswati Sevabhavi Sanstha က ရှင်းပြပါတယ်။
“လယ်အလုပ်သမတွေ ဝင်ငွေမရကြတော့ သူတို့ရဲ့ ကလေးတွေ ကျောင်းထွက်ရသလို သူတို့သမီးလေးတွေငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြရတော့ အိမ်တွင်းအကြမ်းဖက်မှု ခံကြရကော” လို့လည်း ၎င်းအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူး Namdev Chopade က ပြောပြပါတယ်။
“အခြေခံအားဖြင့်တော့ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကိုလုယူခံနေရပြီး ဖခင် (အမျိုးသား) လွှမ်းမိုးတဲ့ လူမှုစနစ်က တဖြည်းဖြည်းချင်း ပြန်ကြီးစိုးလာနေကော” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အက်ကြောင်းထဲသို့ လိမ့်ကျခြင်း
အလုပ်လက်မဲ့ ဆက်တိုက်မြင့်တက်လာမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို လုံးပန်းနေရတဲ့ အာရှရဲ့ တတိယမြောက်အကြီးဆုံး စီးပွားရေးနိုင်ငံ အိန္ဒိယအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေကို ပိုမိုကူညီပံ့ပိုးပေးဖို့ဆိုပြီး စည်းရုံးလှုံ့ဆော်သူတွေနဲ့ လေ့လာသုံးသပ်သူတွေက တောင်းဆိုနေကြပါတယ်။
အစိုးရအနေနဲ့ အမျိုးသမီးတွေအကြား ရာသီဥတုပြောင်းလဲလာမှုရဲ့ အန္တရာယ်တွေကို ပိုမိုသိရှိနားလည်လာအောင် ဆောင်ရွက်ပေးဖို့လိုပြီး ဘဏ်လုပ်ငန်းနဲ့ အကြွေးစနစ်များကနေတဆင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေလည်း ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ပညာရှင်တစ်ဦးဖြစ်တဲ့ Kulkarni က ပြောပါတယ်။
ဖက်ဒရယ်အစိုးရဟာ မကြာသေးမီနှစ်များအတွင်းမှာပဲ အမျိုးသမီးလယ်ယာလုပ်သားတွေအတွက် ဘဏ္ဍာငွေရရှိမှုတိုးတက်စေဖို့ ကိုယ်ထူကိုယ်ထအဖွဲ့များ အကောင်အထည်ဖော်ခြင်း အပါအဝင် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့နဲ့ ကျေးလက်အမျိုးသမီးတွေအတွက် ရေရှည်တည်တံ့တဲ့ အလုပ်အကိုင်များ ဖန်တီးပေးဖို့အတွက် အမျိုးမျိုးသောအစီအစဉ်များကို ချပြခဲ့ပါတယ်။
သို့ပေမဲ့လည်း Maharashtra ပြည်နယ်အလုပ်သမားဌာနရဲ့ လက်ထောက်ကော်မရှင်နာ Sunita Mhaiskar ကတော့ စိုက်ပျိုးရေးလုပ်သားတွေဟာ စနစ်တကျဖွဲ့စည်းထားခြင်းမရှိတဲ့ အလုပ်သမားအမျိုးအစားထဲမှာ ပါဝင်နေလို့ လက်ရှိအချိန်မှာ “အမျိုးသမီး လယ်ယာလုပ်သားတွေအတွက် သီးခြားလုပ်ဆောင်ပေးဖို့ အစီအစဉ်မရှိဘူး” လို့ ပြောလာပြန်ပါတယ်။
“စနစ်တကျဖွဲ့စည်းထားခြင်းမရှိတဲ့ကဏ္ဍအောက်မှာ ပါဝင်နေတဲ့ လုပ်သားတွေအတွက် သက်ဆိုင်တဲ့ အစီအမံအားလုံးမှာတော့ သူတို့ အကျုံးဝင်မှာပါ” လို့တော့ သူမက ဆိုပါတယ်။
မကြာသေးမီကာလအတွင်းကတော့ လုပ်သားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပုံမှန်ခေါင်းစဉ်အောက်မရှိတဲ့ အလုပ်သမားတွေဟာလည်း အာမခံရပိုင်ခွင့်နဲ့ ပင်စင်လစာတွေ ခံစားခွင့်ရှိစေဖို့ဆိုပြီး လူမှုဖူလုံရေးသတ်မှတ်ချက်ကို ၂၀၂၀ ခုနှစ်မှာ အတည်ပြုခဲ့ပြီး ၎င်းဟာ ဇူလိုင်လမှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း လယ်ယာလုပ်သားတွေကတော့ ဒီအချက်ကို ကောင်းစွာ နားလည်သဘော ပေါက်ခြင်း ရှိမနေဘူးလို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးပါတယ်။
“ကျေးလက်လယ်ယာလုပ်သားတွေအနေနဲ့ ဘဏ်အကောင့်တစ်ခုကို ဘယ်လိုကိုင်တွယ်အသုံးပြုရမလဲ မသိကြသလို ဒီအစီအစဉ်အကြောင်းကို သိရှိခွင့်ရဖို့ နည်းလမ်းလည်းမရှိပါဘူး” လို့ အလုပ်သမားအခွင့်အရေး ပရဟိတအဖွဲ့ Aajeevika Bureau မှ Deepak Paradkar က ပြောပြခဲ့ပြီး အိန္ဒိယအစိုးရအနေနဲ့ ဒီအစီအစဉ်ကိုပိုမိုမြှင့်တင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာမှာတော့ Beed ခရိုင်ရှိ Golegaon မှ အသက် ၃၇ နှစ်အရွယ် မုဆိုးမ Meera Babar နဲ့ Devanabai တို့လို အမျိုးသမီးတွေအတွက် ရာသီဥတုပိုမိုဆိုးရွားလာမှုကြောင့် သူမတို့ကို ကန်ထုတ်ခံလိုက် ရတဲ့ လယ်ယာလုပ်ငန်းကလွဲလို့ တခြားနေရာ ရှိမနေကြရှာပါဘူး။
ငွေစု၊ ငွေချေးသူတွေ၊ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေထံကနေ ချေးယူထားတဲ့ ငွေတွေနဲ့ သူမရဲ့ ၁၃ နှစ်အရွယ်သားလေးကို အစိုးရကျောင်းထားနိုင်ဖို့ တတ်နိုင်သေးပေမယ့် ဖြစ်နိုင်သမျှ အမြန်ဆုံးလက်ထပ်ဖို့ စီစဉ်ထားပြီဖြစ်တဲ့ သူမရဲ့ ၁၅ နှစ်အရွယ်သမီးအတွက်တော့ ဘာမှမတတ်နိုင်ဘူးလို့ Babar က ဆိုပါတယ်။
“ မိုးသည်းထန်လွန်းတာတွေ၊ မိုးခေါင်တာတွေကြောင့် လယ်ယာလုပ်ငန်းတွေမှာ အလုပ်အကိုင်ရဖို့ အခွင့်အလမ်း နည်းလာတာမျိုး ကြုံနေရပြီ” လို့ အရင်တုန်းက ကြံရိတ်သိမ်းတာ၊ ပေါင်းရှင်းတာလုပ်ရင် တစ်ရက်ကိုရူပီး ၂၀၀ ရတယ်ဆိုတဲ့အကြောင်း ရှင်းပြရင်းနဲ့ Babar က ပြောပြပါတယ်။
“ဝင်ငွေတစ်ပြားမှမရှိတော့ ဘယ်လို ရှင်သန်ရမယ်ဆိုတာတောင် မသိတော့ပါဘူး” လို့ သူမက ဆိုလိုက်ပါတယ်။
ဇင်ထူးနိုင်
Ref: https://reut.rs/3D8bQ3G
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။