မွေးမြူရေးသမားတွေကို အတိဒုက္ခရောက်စေတဲ့ ယူဂန္ဓာ နွားခိုးဂိုဏ်းများ

23/12/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

နွားတွေ ခိုးခံလိုက်ရတော့ သူတို့ဆီမှာ မိုးခေါင်တဲ့အခါ လှည့်သုံးဖို့ လက်လည်စာ မကျန်တော့ဘူး။

မိုးကလည်း ခေါင်၊ ပြောင်းကလည်း ပျက်တဲ့နှစ်မျိုးဆိုရင် 'မာရီယာလိုဒီယာ' တို့ မိသားစုဟာ နွားတစ်ကောင်လောက် ရောင်းပြီး ဝမ်းရေးဖြေရှင်းရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက လက်နက် ကိုင်ဂိုဏ်းသားတွေက သူတို့ နွားသုံးကောင်လုံးကို အနုကြမ်းစီးသွားလို့ သူတို့မှာ အားကိုးရာမဲ့ ဖြစ်ကျန်ခဲ့ရပါတယ်။

လူ ၁ ဒသမ ၂ သန်း မှီတင်းနေထိုင်ရာ ယူဂန္ဓာနိုင်ငံ အရှေ့မြောက်ပိုင်းက ခြောက်သယောင်းလွင်ပြင်ဒေသကြီး 'ကာရာမိုဂျာ' မှာ ၂၀၁၉ ကစလို့ နွားခိုးဂိုဏ်းတွေ ပြန်လည် ထကြွသောင်းကျန်းလာပါတယ်။

မွေးမြူရေးတိရစ္ဆာန်တွေ လုယက်ခိုးယူခံရ၊ စိုက်ခင်းတွေထဲ မနေရဲအောင် မောင်းထုတ်ခံရနဲ့ဆိုတော့ ကာရာမိုဂျာဒေသသားတွေအကုန် ဒီနှစ် မိုးခေါင်ခဲ့ချိန်မှာ စားရမဲ့သောက်ရမဲ့ ဖြစ်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာတာဝန်ရှိသူတွေ ပြောဆိုချက်အရ ဒီဒေသမှာ ငတ်မွတ်မှုကြောင့် လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အာဖရိကတိုက်ရဲ့ အခြားမွေးမြူရေးဒေသတွေနည်းတူ ကာရာမိုဂျာဒေသမှာလည်း မညီမျှတဲ့ဘဝအခြေအနေတွေကို ဖြတ်ကျော်ရင်ဆိုင်နေရပါတယ်။ ဟိုတုန်းကတော့ နွားခိုးတာကို ဩဇာကြီးထွားဖို့လောက်၊ မင်္ဂလာတင်သပစ္စည်းရဖို့လောက်ပဲ လုပ်ခဲ့ကြတာလို့ လူကြီးသူမတွေက ပြောပြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နွားခိုးတာကို စီးပွားဖြစ် လုပ်လာကြပါတယ်။ မြို့ပြရဲ့ အမဲသားလိုအပ်ချက်ကလည်း ကြီးထွားလာတာဆိုတော့ ခိုးထားတဲ့နွားတွေကို ကွာလှမ်းတဲ့ မြို့ပြဈေးကွက်တွေဆီအထိ ပို့ပါတယ်။ မွေးမြူရေးဒေသတွေမှာတော့ ကျွဲနွားပိုင်ဆိုင်မှုက မမျှမတ ပိုဖြစ်လာပါတယ်။ ကျွဲနွား များများပိုင်ဆိုင်သူဆီမှာ များသထက်များလာပြီး ဆင်းရဲသားတွေကတော့ မနည်းရပ်တည်လာရကာ ငတ်မွတ်ခေါင်းပါးလာကြပါတယ်။

"ကာရာမိုဂျာမှာ ခင်ဗျားဘဏ်စာအုပ်ဟာ နွားရင်ဖြစ်မယ်။ ဆိတ်ရင်ဖြစ်မယ်။ သိုးရင်ဖြစ်မယ်။ ဒီသုံးခု မရှိရင် ခင်ဗျား ရပ်တည်လို့မရဘူး" လို့ နွားခိုးခံရဆုံးခရိုင်တစ်ခုဖြစ်တဲ့ ကိုတီဒိုခရိုင်မှူး ပေါလ်ကိုမိုလ်က ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ကနေ သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်တွေအတွင်း ကာရာမိုဂျာမှာ နွားခိုးဂိုဏ်းတွေ ထကြွသောင်းကျန်းခဲ့ပါတယ်။ နွားကောင်ရေ ထောင်ပေါင်းများစွာ ခိုးခံရတယ်။ တချို့ကတော့ နွားခြံတွေထဲ ပြွတ်သိပ်ထည့်ထားလို့ အနာရောဂါဖြစ်ပြီး သေကုန်တာတွေလည်းရှိတယ်။ နောက်ဆုံးတော့ စစ်တပ်က နွားခိုးဂိုဏ်းတွေကို တရစပ်နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၀ လောက်ကစပြီး မွေးမြူရေးသမားတွေ နွားတွေ ပြန်မွေးရဲလာကြတယ်။ အခုတော့ နွားသူခိုးတွေ ပြန်ထလာပြန်ပြီ။ ကာဘုံခရိုင်ထဲမှာ နွားခြံကြီး ၃၄ ခြံရှိတဲ့အနက် ၃၂ ခြံက အပြောင်ခိုးခံလိုက်ရပြီ။ ဒေသခံတွေက ဒီလိုဖြစ်ရတဲ့အပေါ် အကြောင်းအချက်များစွာကို အပြစ်တင်ပါတယ်။

ကင်ညာနယ်စပ်နေ လက်နက်တွေ စိမ့်ဝင်လာတာကတစ်ကြောင်း၊ ကိုဗစ်လော့ဒေါင်းနဲ့ ခွာနာလျှာနာ ကူးစက်မှုကြောင့် နွားတွေ တရားဝင်တင်ပို့မရတာကတစ်ကြောင်း၊ ရဲနဲ့ စစ်တပ်က နွားပျောက်တွေကို ပြန်ရှာမပေးတော့ လူငယ်တွေဟာ ဥပဒေကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးပါပဲ။ ဒီနွားခိုးမှုတွေမှာ လူတွေ ရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

မှောင်ခိုလက်နက်တွေ ရှာဖွေဖို့လို့ဆိုကာ စစ်တပ်က တွေ့ကရာလူငယ် ထောင်ပေါင်းများစွာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ဖမ်းဆီးစစ်ဆေးခဲ့တာတွေလည်း ရှိပါတယ်။ စစ်တပ်က လက်နက်ဖျက်သိမ်းစစ်ဆင်ရေးတွေအတွင်း ဂိုဏ်းသား ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း တပ်ပြောခွင့်ရတစ်ယောက်က မတ်လထဲမှာ ပြောပါတယ်။ ကုလသမဂ္ဂနဲ့ ယူဂန္ဓာအစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်ကိုယ်တိုင်က စစ်သားတွေဟာ တရားဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ စစ်တပ်လက်က လွတ်မြောက်လာသူတွေကလည်း သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်စစ်ဆေးခံရကြောင်း ထွက်ဆိုဝန်ခံကြပါတယ်။

အာဏာပိုင်တချို့ဟာ နွားခိုးဂိုဏ်းတွေဆီက လာဘ်လာဘရယူနေသလားဆိုပြီးလည်း ဒေသခံတွေ သိချင်နေကြပါတယ်။ နွားတွေ အပြည့်တင်ဆောင်လာတဲ့ ကားတွေဟာ စစ်ဆေးရေးဂိတ်ကို ဘယ်လိုကျော်ဖြတ်ကြသလဲ။ တစ်ခါတလေ နွားခြံတွေကို ဝင်စီးအပြီးမှာ စစ်တပ်ထုတ် ယမ်းတောင့်တွေ ဘာကြောင့် ကျကျန်နေခဲ့ပါသလဲ။ တပ်ဘက်ကတော့ ဒီကိစ္စတွေမှာ သူတို့ မပါဝင်ဘူးလို့ ပြောပါတယ်။

ခုတော့ နွားခိုးဂိုဏ်းတွေ ပါးစပြုလာပါပြီ။ စပ်တပ်ရဲ့နှိမ်နင်းမှုကြောင့် ပါသလို ခိုးစရာနွားလည်း သိပ်မကျန်တော့လို့ပါ။ ၂၀၁၈-၁၉ ရာသီတုန်းက ကာရာမိုဂျာနယ်မှာ နွားမွေးမြူရေးကနေ ပိုင်ရှင်တွေအတွက် ဒေါ်လာ ၄၄၄ သန်းဖိုးလောက် အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း Karamoja Resilience Support Unit ဆိုတဲ့ ထောက်ပံ့ရေးအဖွဲ့က ခန့်မှန်းပါတယ်။ ဒီအကျိုးဖြစ်ထွန်းမှုတွေထဲမှာ အသား၊ နွားနို့၊ လယ်ယာထွန်ယက်မှု၊ (အရေးပေါ်လိုအပ်ချိန်မှာ ရောင်းချတာမျိုး) လက်လည်စာရစေမှုတွေကို ပေါင်းတွက်ထားတာပါ။

ဒါပေမဲ့ အခုနောက်ဆုံးတစ်ချီ နွားသူခိုးတွေ သောင်းကျန်းတာ မတိုင်ခင်ကတောင် အိမ်ထောင်စုအများစုမှာ လူတစ်ယောက်ကို မွေးမြူရေးသတ္တဝါယူနစ် ၃ ဒသမ ၃ ခုနှုန်းအောက်သာ ပိုင်ဆိုင်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်အိမ်ထောင်မှာ နွားငါးကောင် ဒါမှမဟုတ် သိုး ၃၃ ကောင် နှုန်းလောက်ပါ။ ပိုင်ဆိုင်မှု ဒီထက်နည်းသွားရင်တော့ အဲဒီအိမ်ထောင်စုဟာ မွေးမြူရေးအပြင် သီးနှံနည်းနည်းပါးပါး တွဲစိုက်ရင်တောင် စားဝတ်နေရေး အဆင်မပြေပါဘူး။

အလုပ်ရှားလာချိန်မှာ ကာရာမိုဂျာသားတွေ အများစုဟာ လယ်ကူလီလုပ်သူလုပ်၊ ဘီယာချက်သူချက်၊ ဆိုင်ကယ်ကယ်ရီဆွဲသူဆွဲ ကျပန်း လုပ်ကိုင်ကြရပါတယ်။ တချို့ကလည်း မီးသွေးဖုတ်တာ၊ ရွှေတူးတာ လုပ်ကြပါတယ်။ 'ဩဒါလော့ဝမ်' ခေါ်တဲ့အမျိုးသမီးကတော့ နေထွက်က နေဝင်ထိ ကလေးတွေကို အိမ်မှာ ပစ်ထားခဲ့ပြီး ထင်းခွေထွက်ရပါတယ်။ ရလာတဲ့ထင်းကို မိုရိုတိုမြို့တဲ့က ဘီယာချက်တဲ့ဆီတွေမှာ ဘီယာချက်လို့ထွက်လာတဲ့ ပြောင်းဖတ်နဲ့ သွားလဲရပါတယ်။ "ဒီလို သည်းညည်းခံရတာပဲ" လို့ သူမ ပြောပါတယ်။

ကာရာမိုဂျာဒေသဟာ နွားမွေးမြူရေးနဲ့ စိုက်ပျိုးရေးကို ဘက်မျှအောင်လုပ်ကိုင်ပြီး ပြောင်းလဲလွယ်တဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်ရေး မျိုးဆက် အဆက်ဆက် ရုန်းကန်လာခဲ့ပါတယ်။ "နွားမဖြစ်ရင် သီးနှံ၊ သီးနှံမဖြစ်ရင် နွား" ဆိုတာ သူတို့ဒေသရဲ့ လက်သုံးအဆိုတစ်ခုပါ။ အခု နွားတွေ ကုန်သွားတော့ သူတို့ဟာ စားသောက်ကုန်ဈေးကြီးမြင့်တာ၊ ဖျက်ပိုးကျတာနဲ့ မိုးမမှန်တာတွေကို ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်း ပိုနည်းလာပါပြီ။

နွားခိုးတာတွေကို ဘုရားမကြိုက်လို့ မိုးမမှန်တော့တာလို့ မိုရိုတိုခရိုင်ထဲက သက်ကြီးပိုင်းတစ်ယောက်ဖြစ်တဲ့ လွိုင်တာကူမီက ပြောပါတယ်။ သွေးထွက်သံယိုတွေ ရပ်တော့မှပဲ မိုးပြန်ရွာမယ်လို သူကောက်ချက်ချပါတယ်။ ■

ဝေယံဟိန်း (B.Ag)

Ref: Commercial cattle-raiding is impoverishing Uganda’s herders - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်