နို့စားနွားများ နွေရာသီအပူဒဏ်မှသက်သာစေရန် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနည်း

01/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သက်ရှိတို့၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာသည့်အချိန်တွင် ချွေးထွက် စေခြင်းအားဖြင့် ခန္ဓာကိုယ်ကို အေးစေပြီး အပူဒဏ်ခံစားရခြင်းမှ သက်သာစေရန် လုပ်ဆောင် ကြရပါသည်။ သို့သော် အပူချိန် မြင့်လွန်းနေချိန်တွင် ခန္ဓာကိုယ်ကို အသင့်လျော်ဆုံး အပူချိန်တွင် ရှိနေစေရန် မထိန်းညှိနိုင်သည့် အချိန်တွင် အပူဒဏ်ကိုခံစားကြရပါသည်။ ထို့အပြင် ခန္ဓာကိုယ်မှ အပူထုတ်လုပ်မှုသည် အပူစွန့်ထုတ်မှုထက် များနေသည့်အခါတွင်လည်း အပူဒဏ်ကို ခံစားရတတ်ပါသည်။ နို့စားနွားများအတွက် အသင့်လျော်ဆုံးအပူချိန်မှာ ၄-၂၄ ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်ပါသည်။

နို့စားနွားများအတွက် အပူဒဏ်ခံစားရခြင်းမှာ အဓိကအားဖြင့် ပတ်ဝန်းကျင် ဆိုင်ရာအချက်များ (၁) လေထုအပူချိန်၊ (၂) စိုထိုင်းဆ၊ (၃) လေတိုက်နှုန်းနှင့် (၄) ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု စသည်တို့ဖြစ်ပါသည်။

နို့စားနွားများတွင် အပူဒဏ်ခံစားရလျှင် အစာစားနှုန်း၊ နို့ထွက်နှုန်း၊ နို့အရည်အသွေးများနှင့် မျိုးပွားမှု ဆိုင်ရာ စွမ်းဆောင်မှုများ ကျဆင်းသွားတတ်ပါသည်။ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ နွားများ၏ အစာစားနှုန်းသည်လည်း ၉-၁၃ ရာခိုင်နှုန်း ကျဆင်းသွားတတ်ပါသည်။ ရာသီဥတုပူပြင်းချိန်တွင် ပါးစပ်ဟပြီး အသက်ပြင်းပြင်းရှုနေရချိန် များသောကြောင့် အစာကို ချေဖျက်ဝါးစားချိန် လျော့ကျပြီး။ အစာချေဖျက်နှုန်းလည်း ကျဆင်းလာပါသည်။ ထို့အပြင် အပူဒဏ်ကို ကာကွယ်ရန်အတွက် အရိပ်အောက် တွင် နေချိန်များသောကြောင့် နွားများ၏စားကျက်တွင် အစာစားချိန်လျော့နည်းသွားနိုင်ပါသည်။ ပတ်ဝန်းကျင် အပူချိန်နှင့် စိုထိုင်းစမြင့်တက်ခြင်းတို့သည် အပင်များ၏ကြီးထွားနှုန်းကို ကောင်းစေနိုင် သလို အမျှင်ဓာတ်ပါဝင်မှုကိုလည်း မြင့်မားစေပါသည်။ အမျှင်ဓာတ်မြင့်မားနေခြင်းကြောင့် နွားများ၏ အစာစားနှုန်းကိုလည်း ကျဆင်းစေနိုင်ပါသည်။

ထို့ကြောင့် နွားများအပူဒဏ်ခံစားရမှုမှ လျော့ကျစေရန် ပတ်ဝန်းကျင်နှင့် အာဟာရကိုစီမံခန့်ခွဲနိုင်သည်။

ပတ်ဝန်းကျင်ကို စီမံခန့်ခွဲရာတွင်

(၁) အရိပ်

အပူဒဏ်ကို လျှော့ချနိုင်ရန်အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးမှာ နွားများအတွက် အရိပ်ကို လုံလုံလောက်လောက်ဖန်တီးပေးခြင်းဖြစ်သည်။ အရိပ်ကို လုံလုံလောက်လောက်ဖန်တီးပေးခြင်းအားဖြင့် ပတ်ဝန်းကျင်အပူချိန်ကြောင့်ဖြစ်ပေါ်လာသော အပူဒဏ်ကို ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ပါသည်။ ထို့ကြောင့်ရာသီဥတုပူပြင်းနေချိန်တွင် အရိပ်အောက်တွင် နေရသော နွားများနှင့် အရိပ်အောက်တွင် မနေရသော နွားများသည် နို့ထွက်နှုန်း ၁၀-၂၀ ရာခိုင်နှုန်းကွာခြားပါသည်။

(၂) လုံလောက်သော နေရာဖန်တီးခြင်း

နွားများကို အရိပ်အောက်တွင် ထားသော်လည်း နွားတစ်ကောင်အတွက် လိုအပ်သော နေရာပမာဏကို မဖန်တီးပေးနိုင်ပါက နွားများနေရာကျပ်တည်းလာပြီး အပူဒဏ်ကို ခံစားရပါသည်။ ထို့ကြောင့် အပူဒဏ်ကို ကာကွယ်ရန်အတွက် နွားတစ်ကောင်အတွက် နေရာကိုအနည်းဆုံး ၃၈-၄၈ စတုရန်းပေခန့် ထားပေးရန် လိုအပ်ပါသည်။

(၃) အမိုး

အလင်းပြန်မှုနှုန်းမြင့်သော အမိုးများသည် နေရောင်ခြည်ကို အလင်းပြန်စေနိုင်သောကြောင့် ထိုအမိုးများအောက်ရှိ နွားများကို အပူဒဏ်မှ သက်သာစေပါသည်။ အမိုးအောက်တွင် အပူဒဏ်ကို ကာကွယ်ရန်အတွက် ပစ္စည်းများထားရှိခြင်း၊ အမိုးကိုမြင့်မြင့်မိုးထားခြင်းတို့ကြောင့် အပူဒဏ်ကို ကာကွယ်နိုင်ပါသည်။ အမိုးပြုလုပ်ရာတွင် တံစက်မြိတ်အမြင့်ကို ၁၁.၅-၁၄.၅ ပေခန့်ထားခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။

(၄) လေဝင်လေထွက်

နွားခြံထဲတွင် လေဝင်လေထွက် (လေတိုက်နှုန်း) မြှင့်တင်ပေးခြင်းအားဖြင့် အပူဒဏ်ကို လျော့ကျစေနိုင်ပါသည်။ နွားခြံထဲတွင် ပန်ကာများတပ်ဆင်ခြင်း (သို့)  နွားခြံ၏ ဘေးဖက်နံရံများအား ဖွင့်ပေးခြင်းဖြင့် လေဝင်လေထွက် (လေတိုက်နှုန်း) ကိုမြှင့်တင်ပေးနိုင်ပါသည်။

(၅) ရေပန်းများတပ်ဆင်ခြင်း

ရာသီဥတုပူပြင်းချိန်တွင် နွားများအပေါ် ရေမှုန်များဖျန်းပေးခြင်း (သို့) အဆောက်အဦအမိုးပေါ်သို့ မိုးအတုဖန်တီးခြင်း ပြုလုပ်ပေးခြင်းအားဖြင့် အပူဒဏ်ကို ကောင်းစွာကာကွယ်နိုင်ပါသည်။ ခြံအတွင်းတွင် ရေမှုန်များဖျန်းမည်ဆိုလျှင် ခြံ၏ကြမ်းခင်းသည် ကွန်ကရစ်ဖြစ်လျှင် ပိုကောင်းသည်။ အကယ်၍ မြေသားဖြစ်နေလျှင် ရေမှုန်များကြောင့် ကြမ်းခင်းတွင် ဗွက်ထားနေနိုင်ပြီး နွားများလှဲအိပ်ခဲ့လျှင် နို့အုံနှင့် ဗွက်ထိပြီး နို့အုံရောင်ရောဂါဖြစ်နိုင်ချေ ပိုများသောကြောင့် လှဲမအိပ်စေရန် ဂရုစိုက်ဖို့လိုအပ်သည်။ ထို့အပြင် ရေမှုန်ခေါင်းများကို အစာခွက်နှင့် နီးသောနေရာတွင် မတပ်ဆင်ရန်လည်း လိုအပ်သည်။ အစာခွက်နှင့် နီးသောနေရာတွင် တပ်ဆင်မိလျှင် အစာများစိုစွတ်လာပြီး ပူပြင်းသော ရာသီဥတုတွင် မှိုပေါက်နှုန်းပွားများလာနိုင်ပါသည်။ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ နွားများအား မိနစ် ၃၀ ခန့်ရေမှုန်ဖျန်းပေးခြင်းဖြင့် နွားနို့တစ်လီတာခန့် ပိုထွက်လာနိုင်ပြီး မိနစ် ၆၀ ခန့်ထားခြင်းဖြင့်အားဖြင့် ၁.၅ လီတာခန့် ပိုရရှိလာနိုင်ပါသည်။

ဒေါက်တာ မင်းအောင်ရေးသားသော "နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ"မှ  ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်