မုန်တိုင်းတွေကို ဘယ်လိုမျိုး အဆင့်၊ အရောင်တွေ သတ်မှတ်တာလဲ...

25/10/2022 16:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ Sitrang မုန်တိုင်းကတော့ အခုဆိုရင် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ အမြင့်ဆုံးအချိန်မှာ တစ်နာရီအမြင့်ဆုံး လေတိုက်နှုန်း မိုင် ၆၀ အထိ ရှိခဲ့ပြီး အိန္ဒိယမိုးလေဝသဌာနကတော့ နာမည်ရဆိုင်ကလုန်းမုန်တိုင်းအဆင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မှုမရှိခဲ့လို့ အဝါရောင်အဆင့်သာ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းအရှိန်ရိုက်ခတ်မှုကိုတော့ ခံခဲ့ရပြီး ဒေသအတော်များများမှာ လေပြင်းတိုက်တာ၊ မိုးကြီးတာတွေ ခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ဒေသအချို့မှာတော့ အပျက်အစီးတွေပါ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း မုန်တိုင်းအားပျော့သွားပေမဲ့ မြန်မာနိုင်ငံဒေသအချို့မှာတော့ သူ့အရှိန်တွေကြောင့် ဒီနေ့မှာ မိုးရွာသွန်းမှုတွေတော့ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

လာနီညာဆက်ဖြစ်နေဆဲအခြေအနေ၊ ဖိလစ်ပိုင်ပင်လယ်ဘက်ကမုန်တိုင်းတွေ တောင်တရုတ်ပင်လယ်ထဲရောက်ပြီး မြန်မာနိုင်ငံဘက်ကို ရိုက်ခတ်လာနိုင်တဲ့အခြေအနေတွေ၊ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတွေ ဆက်ဖြစ်နိုင်တဲ့ အခြေအနေတွေရှိနေသေးလို့ ဒီမုန်တိုင်းပြီးသွားရင်တောင် မြန်မာနိုင်ငံအတွင်း မိုးကုန်သွားပြီလို့ ပြောလို့မရသေးဘဲ စောင့်ကြည့်ရမယ့်အခြေအနေတွေ ဆက်ရှိနေသေးတယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသစောင့်ကြည့်ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

ဒီတော့ မုန်တိုင်းတွေဖြစ်လာပြီဆိုရင် အဆင့်သတ်မှတ်ချက်၊ အရောင်သတ်မှတ်ချက်တွေ ဘယ်လို လုပ်တာလဲ၊ သတိထားသင့်တဲ့အခြေအနေတွေက ဘယ်လိုဖြစ်မလဲဆိုတာတွေနဲ့ပတ်သက်လို့ ဆရာဦးဝင်းနိုင် ရေးသားထားတဲ့ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။

*မုန်တိုင်းတွေကို ဘယ်လိုအဆင့်သတ်မှတ်တာလဲ..

အခု post မှာတော့ ကျနော်တို့နားထဲမှာ နည်းနည်းရှုပ်ထွေးနေဆဲဖြစ်တဲ့ အရောင်သတ်မှတ်ချက်တွေ အကြောင်း ရှင်းပြပေးချင်ပါတယ်။

သိပ်ရှည်သွားမှာစိုးလို့ စာအရှည်ကြီးတွေနဲ့ မရှင်းပြတော့ဘဲ ခေါင်းစဉ်ငယ်လေးတွေအောက်မှာပဲ ရှင်းပြ ပေးပါမယ်။ ဒါတောင်မှ တော်တော်ရှည်နိုင်ပါတယ်။ တစ်နေရာတည်းက ဗဟုသုတရစေရန်နဲ့ သိမ်းဆည်းရ လွယ်ကူစေရန်အတွက် post တစ်ခုတည်းမှာဘဲ အပြီးတင်ပေးထားပါတယ်။

(၁) မုန်တိုင်းတစ်လုံးရဲ့ ပြင်းအား

လေတိုက်နှုန်း မုန်တိုင်းလေတိုက်နှုန်းပေါ်မှာ မူတည်ပြီး မုန်တိုင်းလေတိုက်နှုန်း ဘယ်လောက်တော့ ရှိနေပြီဆိုတာ မြေပုံနဲ့ စာတွေပေါ်မှာဖော်ပြနိုင်ဖို့ သတ်မှတ်ထားတဲ့ အရောင်တွေ ဖြစ်ပြီးတော့ SAFFIR-SIMPSON WIND SCALE Color Code တွေလို့လည်း မှတ်သားနိုင်ပါတယ်။ ဒီ Color Code မှာ မုန်တိုင်းတစ်လုံးရဲ့ လေတိုက်နှုန်းပြင်းလာတာကို အောက်ပါအတိုင်း နာမည်နဲ့အရောင်တွေ သတ်မှတ်ထားပါတယ်။

#INVEST xx

  • အရောင်သတ်မှတ်ချက် မရှိလို့ အပြာနုရောင်ဖျော့ဖျော့နဲ့ဘဲ ပြလေ့ရှိပါတယ်။
  • လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် အစပျိုးအခြေအနေ(စောင့်ကြည့်ရမည့်အခြေအနေ)
  • In Meteorology, an INVEST (short for investigative area, also called area of interest) is a designated area of disturbed weather that is being monitored for potential tropical cyclone formation.

#လေဖိအားနည်းရပ်ဝန်း Depression

  • အပြာနုရောင်ပဲ သုံးကြပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာတော့ Tropical Depression - TD လို့ သုံးပါတယ်။
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း သုညမိုင်နှုန်းမှ တစ်နာရီ ၃၈ မိုင်နှုန်းအထိ ရှိလာခြင်း" (0 to 33 knots)

#အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း Deep Depression

  • ခရမ်းနုရောင်ကို သုံးပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာတော့ အပူပိုင်းမုန်တိုင်း(Tropical Storm - TS) (မြန်မာနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မိုး/ဇလ ကတော့ မုန်တိုင်းငယ်လို့လည်း အမည်ပေးပါတယ်)
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၃၉ မိုင်နှုန်းမှ တစ်နာရီ ၇၃ မိုင်နှုန်း အထိ ရှိလာခြင်း" (34 knots to 64 knots)

#ဆိုင်ကလုန်းမုန်တိုင်း Cyclone

  • အစိမ်းနုရောင်ကို သုံးပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-1 (CAT-1) အဆင့် သတ်မှတ်သော မုန်တိုင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ အလှည့်ကျပေးထားသော အမည်ပေးသည့် လေတိုက်နှုန်းပြင်းအား ဖြစ်ပါတယ်။
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၇၄ မိုင်နှုန်းမှ တစ်နာရီ ၉၅ မိုင်နှုန်း အထိ ရှိလာခြင်း" (64 knots to 83 knots)

#အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclone

  • အစိမ်းရင့်ရောင်ကို သုံးပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-2 (CAT-2)
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၉၆ မိုင်နှုန်းမှ တစ်နာရီ ၁၁၀ မိုင်နှုန်းအထိ ရှိလာခြင်း" (84 knots to 95 knots)

#အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Very Severe Cyclone

  • အဝါရောင်ဖြစ်ပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-3 (CAT-3)
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၁၁ မိုင်နှုန်းမှ တစ်နာရီ ၁၂၉ မိုင်နှုန်း အထိ ရှိလာခြင်း" (96 knots to 112 knots)

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(စူပါဆိုင်ကလုန်းမုန်တိုင်း)- Super Cyclone

  • လိမ္မော်ရောင်နဲ့ ဖော်ပြပါတယ်။
  • NEW SAFFIR-SIMPSON WIND SCALE မှာ CATEGORY-4 (CAT-4)
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၃၀ မိုင်နှုန်းမှ တစ်နာရီ ၁၅၆ မိုင်နှုန်းအထိ ရှိလာခြင်း" (113 knots to 136 knots)

စူပါဆိုင်ကလုန်းမုန်တိုင်း အဆင့်လွန် - Super Cyclone

  • အနီရောင်ဖြစ်သွားပါပြီ။
  • NEW SAFIR-SIMPSON WIND SCALE မှာ CATEGORY-5 (CAT-5)
  • လေတိုက်နှုန်း စံသတ်မှတ်ချက် - "၃ မိနစ် ဆက်တိုက် တိုက်ခတ်သောလေပြင်း တစ်နာရီ ၁၅၇ မိုင်နှုန်း နှင့် အထက်အထိ ရှိလာခြင်း" (137 knots and above)

(၂) မုန်တိုင်းတစ်လုံး ဖြစ်လာရင် သတိပေးချက်တွေ ထုတ်ပြန်တဲ့အခါမှာသုံးတဲ့ အရောင်သတ်မှတ်ချက်များ (WARNING COLOR CODES)

  • (၁) အဝါရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှု မရှိသေးသည့် အချိန်
  • (၂) လိမ္မော်ရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှု ရှိလာသည့် အချိန်(Standby)
  • (၃) အနီရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားပြီး ၄၈ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းချက်ရှိသည့်အချိန်(Standby)
  • (၄) အညိုရောင်အဆင့် သတိပေးချက် - ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပြီး အလွန်အန္တရာယ်များနေသည့်အချိန်(Standby)
  • (၅) အစိမ်းရောင်အဆင့် သတိပေးချက် - လေဖိအားနည်းရပ်ဝန်း/ဆိုင်ကလုန်း ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လုံခြုံစိတ်ချရပြီဖြစ်သည့်အချိန်(ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ - SEARCH AND RESCUE - စတင်ဆောင်ရွက်ရမည့်အချိန်)

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်