မုန်တိုင်းပြင်းအားတိုက်ရိုက်ထိနိုင်မယ့်ဒေသတွေနဲ့ အပြင်းထန်ဆုံးဖြစ်မည့်အချိန်များ

11/05/2023 11:53 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်လာပြီဖြစ်တဲ့ (နာမည်ရပါက 'မိုခါ' ဟု အမည်ပေးရမည့်) မုန်တိုင်းဖြတ်သန်းမယ့်လမ်းကြောင်း အသေအချာ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ‘မုန်တိုင်းပြင်းအားတိုက်ရိုက်ထိခိုက်နိုင်တဲ့မြို့တွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေဖြစ်ပါမယ်’ လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဆိုတော့ ဒီဒေသတွေကို ဘယ်ရက်တွေမှာ မုန်တိုင်းပြင်းအား ဘယ်လောက်နဲ့ ဝင်လာမှာလဲ၊ အမြင့်ဆုံးဖြစ် မယ့်အချိန်မှာ လေတိုက်နှုန်းဘယ်လောက်ထိ ခံရမှာလဲ၊ လူဘယ်လောက်ထိ အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေမှာရှိနေလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိလမ်းကြောင်းဟာ လုံးဝအတည်ဖြစ်သွားပြီလား?

“ ဖြစ်သွားပါပြီ။ GDACS (Global Disaster Alert and Coordination SYSTEM - ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်) ကတောင် လူဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတဲ့ အနီရောင်အဆင့် သတိပေးချက် ထွက်လာပြီကိုး” 

ဒါဆို ဒီလေးမြို့ပဲ တိုက်ရိုက်ထိမှာလားဆရာ?

“ ဟုတ်တယ်။ ဒီလေးမြို့က တိုက်ရိုက်ဆိုတော့ ကျွန်တော်တို့ ပုံမှာလည်းတွေ့လိမ့်မယ်။ မုန်တိုင်းရဲ့ အတွင်း စက်ဝန်းဗဟိုအရွယ်အစားပေါ့။ အဲ့ဒါနဲ့ တိုက်ရိုက်ထိမယ့်ထဲမှာ ခုနပြောတဲ့ မြို့လေးခု ပါတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မမြင်ရတဲ့ထဲဆိုရင် တောင်ကုတ်လိုမျိုးလည်း ပါမယ်ပေါ့။ အဓိကကတော့ ကမ်းခြေမြို့တွေပေါ့” 

ဆိုတော့ တိုက်ရိုက်ထိမယ့်မြို့တွေက ပြင်းအားဘယ်လောက်ထိ ခံရနိုင်လဲ? 

“ အခုလောလောဆယ် GDACS က ထုတ်ထားတဲ့အနေအထားအရ တိုက်ရိုက်မုန်တိုင်းပြင်းအားက ၁၆၇ ကီလိုမီတာလို့ ပြောထားတယ်။ မိုင်အားဖြင့်ဆို တစ်နာရီ ၁၀၃.၇ မိုင်ရှိတယ်။ အဲ့တော့ နောက်တစ်ခုက JTWC မှာကျတော့ 90knots လို့ ဖြစ်တဲ့အတွက် သူကလည်း ၁၀၃.၅ မိုင်ပါပဲ။ တူတူပါပဲ” 

မိုဒယ်အားလုံး ထပ်တူကျသွားတာလား?

“ ခုက မိုဒယ်မဟုတ်တော့ဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကြိုတင်ခန့်မှန်းချက်မှာကျ ကျွန်တော်တို့က မိုဒယ်တွေကို အားကိုးရတယ်။ အဲ့မှာကျ ကျွန်တော့်ရဲ့ ဝယ်ပိုင်ခွင့်အနေအထားလောက်ထိပဲ သူတို့က ပေးတယ်။ အခု ဒီ GDACS ဆိုတဲ့ ဥရောပသမဂ္ဂ(EU) နဲ့ ကုလသမဂ္ဂ(UN) က ဦးစီးလုပ်နေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ်တွေ၊ JTWC ဆိုတဲ့ ဟာဝိုင်ယီမှာထိုင်ထားတဲ့ အမေရိကန်ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်တာတွေကျတော့ ကျွန်တော်တို့ ဝယ်နိုင်တာတွေထက် အများကြီး ကြီးတယ်။ ဆိုတော့ သူတို့က ထုတ်ပြန်တဲ့ဟာတွေကျ အများကြီး အတည်ဖြစ်သွားကော။ သူတို့က မုန်တိုင်းဖြစ်တာ သေချာပြီဆိုမှ ပွဲထဲဝင်ကကြတာ။ သူတို့ထွက်လာရင်တော့ နောက်ဆုံး အတိအကျဖြစ်တယ်” 

ဆိုတော့ ဆရာပြောထားတာက တိုက်ရိုက်ဝင်မှာက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေ ဆိုတော့လေ။ သူတို့ဆီ ဘယ်ရက် ဘယ်အချိန်တွေမှာ အမြင့်ဆုံး ဝင်သွားမှာလဲဆရာ?

“ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီးတော့ မုန်တိုင်းအဖျားက ခုနပြောတဲ့ မြို့လေးမြို့ကို စထိမှာ။ ကမ်းရိုးတန်းဒေသ ပေါ့။ အတိအကျပြောမယ်ဆိုရင် စစ်တွေရဲ့မြောက်ဘက် မိုင် ၁၅၀၊ စစ်တွေရဲ့တောင်ဘက် မိုင် ၁၅၀။ အဲ့ဒီအကွာ အဝေးအတွင်းမှာရှိတဲ့ ကမ်းခြေဒေသတွေကတော့ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့အခြေအနေရှိတယ်။ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းအရွယ်အစား တအားကြီးတဲ့ အတွက်ကြောင့်ဖြစ်တယ်” 

“ ဆိုတော့ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး မုန်တိုင်းရဲ့အပြင်ကွင်းတွေထိပြီး လေပြင်းအားတွေ စလာမယ်။ အဲ့ဒီ ကနေ ၁၄ ရက်နေ့ညကို မုန်တိုင်းဗဟိုဝင်မယ်။ မုန်တိုင်းဗဟိုမဝင်ခင် လေက တောင်ဘက်ကနေတိုက်မယ်။ မုန်တိုင်းဗဟို ဝင်နေချိန်နဲ့ ဝင်ပြီးချိန်မှာ လေက အနောက်တောင်ဘက်ကနေတိုက်တယ်။ မုန်တိုင်းပြင်းအားအမြင့်ဆုံးဖြစ်မယ့် အချိန်ကတော့ ၁၄ရက်နေ့ ညနေပိုင်းလောက်မှာဖြစ်မယ်။ ဆိုတော့ လင်းနေတဲ့ အချိန်လောက်မှာပဲ တိုက်မှာပါ” 

“ တိုက်ပြီးသွားတော့ မုန်တိုင်းကုန်းတွင်းကို ဝင်သွားပြီးတဲ့အခါ ၁၅ ရက်နေ့ မနက် ၆ နာရီဆိုရင် ချင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲကို ရောက်မယ်။ ရောက်တဲ့အချိန်ကျရင်တော့ လေက တစ်နာရီကို မိုင် ၄၀ ကျော်ဖြစ်မယ်။ မိုးတိမ်ကြီးတွေ ပါလာမယ်” 

“ တစ်ခုရှိတာက ဒေသတွေကပူနေတယ်။ အပူချိန်တွေမြင့်နေတဲ့နေရာ ဖြစ်နေတယ်။ အဲ့ဒီမှာလည်း ကျွန်တော် ပထမကပြောတဲ့ ကမ်းခြေမှာဝင်နေပြီဆိုတဲ့ အချိန်မှာပဲ စိုက်ဆင်းလေပြင်းလိုမျိုးဆင်းလာတာမျိုးကြုံရနိုင်တယ်။ ပြီးတော့ နောက်တစ်ခုက  တောင်ပြို၊ မြေပြိုတာတွေဖြစ်နိုင်တယ်။ တောင်ကျချောင်းရေကျတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။  အရင်တုန်းကတောင်ကျချောင်းရေ ရုတ်တရက်ဆင်းလာတဲ့အခါ တံတားကြီးတစ်ခုလုံး ပြုတ်ပါသွားတာမျိုးတွေ ပခုက္ကူနယ်ဘက်မှာဖြစ်တာအများကြီးရှိတယ်။ အဲ့လိုမျိုးဖြစ်သွားနိုင်တာတွေ အများကြီးဖြစ်သွားနိုင်တယ်။ ပြီးတော့ ၁၆ ရက်နေ့မှာ မြန်မာ၊ တရုတ်နယ်စပ်ကနေဖြတ်ပြီးတော့ ဟိုဘက် တရုတ်ကူမင်းထဲကို လေဖိအားနည်းရပ်ဝန်းအနေနဲ့ထွက်သွားမယ်။ အဲ့ဒီကျရင်တော့ တစ်နာရီကို လေတိုက်နှုန်းက မိုင် ၂၀ အောက်ပဲရှိတော့တယ်။ အဲ့တော့ ဒီမုန်တိုင်းကြီးက အခု ရခိုင်ကမ်းရိုးတန်းက စဝင်ပြီးတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း ပြီး ဟိုဘက်တရုတ်ပြည်ထိဆက်သွားမှာ” 

နောက်ထပ်မုန်တိုင်းရိုက်ခတ်မှုဒဏ်ခံရနိုင်တဲ့ဒေသတွေအခြေအနေ ပြောပြပေးပါဦးဆရာ?

“ မုန်တိုင်းရဲ့ အရွယ်အစားနဲ့ JTWC ကတင်ထားတဲ့ ပုံမှာ Shading ဧရိယာတွေ့လိမ့်မယ်။ အတွင်းထဲမှာ အနီရောင်ကွင်းနဲ့ပုံ အဲ့တာက မုန်တိုင်းရဲ့အတွင်းအပြင် လေတိုက်ခံရမဲ့နေရတွေပေါ့။ မုန်တိုင်းရဲ့အပြင်ကတော့  တစ်နာရီကို မိုင်၄၀ လောက်ရှိနိုင်မဲ့ ဧရိယာပေါ့။ Shaded ဧရိယာကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း၊ ပဲခူး၊ မှော်ဘီ ပြီးတော့ ကရင်၊ ရှမ်းပြည်နယ် အဲ့ဒေသတွေပါ ပါတယ်။ မုန်တိုင်းရဲ့ အဖျားခတ်ခံရနိုင်တဲ့ဒေသတွေက တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အဲ့ဒေသတွေအကုန်ပါမယ်။ တနင်္ဿာရီတိုင်း၊ မွန်၊ ကရင်တောင်ပိုင်းပဲ လွတ်တယ်ဗျ” 

Photos Crd_U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်