ဥရောပအရှေ့ပိုင်းနိုင်ငံတွေ ယူကရိန်းသီးနှံကို ဘာကြောင့် ပိတ်လာကြသလဲ...

28/04/2023 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဥရောပအရှေ့ပိုင်းနိုင်ငံတွေဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စတင်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်း က ယူကရိန်းကို အခိုင်အမာအားပေးလာခဲ့ကြတာပါ။ ဒါပေမဲ့ အိမ်နီးချင်းယူကရိန်းရဲ့ ကောက်ပဲ သီးနှံတွေ ပြည်ပတင်ပို့ရောင်းချနိုင်ရေး ကူညီပေးရင်း သူတို့ရဲ့ ဈေးကွက်တွေမှာပါ ကမောက်ကမဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အဆိုပါနိုင်ငံတွေက တောင်သူတွေဟာ ယူကရိန်းသီးနှံတွေ နိုင်ငံထဲ မကြုံမဖူး ဝင်ရောက်လာတဲ့အပေါ် သီတင်းပတ်အတန်ကြာ ဆန္ဒပြလာကြပါတယ်။ ဒီသီးနှံတွေဟာ ဥရောပသမဂ္ဂရဲ့ သဘောတူညီချက်အရ အခွန်ကင်းလွတ်ခွင့်နဲ့ ဝင်ရောက်လာခြင်းလည်း ဖြစ်ပါတယ်။

ဧပြီလ ၁၅ ရက်နေ့မှာတော့ ပိုလန်အစိုးရဟာ ယူကရိန်းဘက်က လယ်ယာကုန်စည်တွေ တင်သွင်းမှု၊ ဖြတ်သန်းမှုကို ဇွန်လ ၃၀ ရက် ရောက်တဲ့အထိ ရပ်နားထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ဂေရီကလည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်မှာ စလိုဗေးကီးယားလည်း ယူကရိန်းရဲ့ ကောက်ပဲသီးနှံမဟုတ်တဲ့ အချို့လယ်ယာကုန်စည်တွေကို ပိတ်ပင်ခဲ့ပြီး အခြားနိုင်ငံတွေလည်း အလားတူလုပ်ဆောင်ဖို့ စဉ်းစားလာကြပါတယ်။

ဆိုတော့ ဒီလိုမျိုး ဥရောပအရှေ့ပိုင်းနိုင်ငံတွေဟာ ဘာကြောင့် ယူကရိန်းကုန်စည်တွေကို ပိတ်ပင်လာကြတာလဲ။ ဒီလိုနည်းနဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ အီးယူကို ဖီဆန်လာကြတာ ဘာကြောင့်ပါလဲ။

ဖွတ်ဖွတ်ညက်ညက်ကျေနေတဲ့ ယူကရိန်းစီးပွားရေးကို ကူညီကယ်မဖို့နဲ့ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေ ပိတ်ဆို့ခံရတာကနေ ကမ္ဘာစားနပ်ရိက္ခာအကျပ်ဆိုက်လာနိုင်တာကို ရှောင်လွှဲဖို့ အီးယူဟာ ယူကရိန်းလယ်ယာကုန်စည်အများအပြားအပါအဝင် အခြားပို့ကုန်များစွာကို အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီး ကုန်စည်တွေ ဘူဂေးရီးယား၊ ပိုလန်နဲ့ ရိုမေးနီးယားတို့ကတစ်ဆင့် ဖြတ်သန်းနိုင်အောင် လမ်းကြောင်းတစ်ခုကိုလည်း ညှိနှိုင်းပေးခဲ့ပါတယ်။

စိတ်ကူးကတော့ ယူကရိန်းသီးနှံတွေကို အဲဒီလမ်းကြောင်းက ဖြတ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်ကို တင်ပို့ဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှုအရ ရုရှားဟာ ယူကရိန်းသီးနှံအချို့ကို ပင်လယ်နက်ဆိပ်ကမ်းတွေကနေ တင်ပို့ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ပမာဏပိုများတဲ့ သီးနှံတွေကိုတော့ ကားလမ်း၊ ရထားလမ်းနဲ့ မြစ်ကြောင်းတွေကနေ တင်ပို့နေရတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းသီးနှံတွေ ပိုလန်နိုင်ငံက ဖြတ်သန်းသွားတဲ့ပမာဏဟာ ၂၀၂၁ ခုနှစ်ကထက် ၂၇ ဆ ပိုများခဲ့ကြောင်း အစိုးရခန့်မှန်းချက်တွေအရ သိရပါတယ်။

ဒါပေမဲ့ မီးရထားနဲ့ ကုန်ကားတွေ မလောက်ငတာကြောင့် ယူကရိန်းသီးနှံတွေ ပြည်ပတင်ပို့ရေး နှောင့်နှေးပြီး လက်ခံနိုင်ငံတွေမှာ လာပြီးသောင်တင်နေပါတယ်။ ဈေးကွက်အတွင်း သီးနှံတွေများပြီး ဈေးတွေထိုးကျကုန်တော့ ဒေသခံတောင်သူလယ်သမားတွေရဲ့ဝင်ငွေ ထိခိုက်နစ်နာလာပါတယ်။ အဲဒီကနေ လမ်းပေါ်တက် ဆန္ဒပြမှုတွေ သီတင်းပတ်အတန်ကြာ ဖြစ်ပေါ်လာခဲ့တာပါ။

မတ်လကုန်ပိုင်းမှာ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ စလိုဗေးကီးယားအစိုးရတွေက အီးယူကော်မရှင်ထံ စားရေးသားပေးပို့ပြီး ယူကရိန်းသီးနှံတွေ ဝင်‌ရောက်မှုကို ဟန့်တားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး။ ဧပြီလ ၁၉ ရက်နေ့မှာ အီးယူနိုင်ငံအသီးသီး ကိုယ်စားပြုသံအမတ်တွေက ယူကရိန်းသီးနှံတွေ အခွန်ကင်းလွတ်စွာတင်သွင်းခွင့်ကို ၂၀၂၄ ဇွန်လအထိ သက်တမ်းတိုးပေးဖို့ များနေလို့ပါ။

ပိုလန်စိုက်ပျိုးရေးဝန်ကြီး Robert Telus ကတော့ သီးနှံ၊ နွားနို့၊ ပျားရည်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်နဲ့ အသားတို့အပါအဝင် ကုန်စည်ပေါင်းများစွာကို ယခုလို ပိတ်ပင်လိုက်ခြင်းဟာ အခြေအနေမှန်ကို အီးယူ သိမြင်လာအောင် လုပ်ကိုလုပ်ရမယ့်အရာလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဆောင်ရွက်ချက်နောက်ကွယ်မှာ နိုင်ငံရေးပယောဂ များစွာပါဝင်ပါတယ်။ ပိုလန်ရဲ့ လက်ရှိအာဏာရ PiS ပါတီဟာ ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမဲကို မှီခိုရလေ့ရှိပြီး ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ Mr Telus ရဲ့ ရှေ့က စိုက်ပျိုးရေးဝန်ကြီးလည်း တောင်သူတွေကို ချွေးသိပ်တဲ့အနေနဲ့ ရာထူးကနေ လောလောလတ်လတ်မှ နုတ်ထွက်သွားပါတယ်။ အစိုးရဟာ တောင်သူတွေ ဈေးကောင်းရအောင် သီးနှံဝယ်ပေးသွားမယ်လို့လည်း ပါတီဘက်က ထုတ်ပြန်ထားပါတယ်။

ဒီလိုပိတ်ပင်မှုတွေ လုပ်ဆောင်လိုက်ခြင်းကြောင့် ဟန်ဂေရီ၊ ပိုလန်၊ စလိုဗေးကီးယားတို့နဲ့ အီးယူအကြား ပွတ်တိုက်မှု ဖြစ်လာပါတယ်။ အီးယူကော်မရှင် ပြောခွင့်ရတစ်ယောက်က ခုလို ငါတကောကော လုပ်ဆောင်ချက်တွေဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း၊ အဖွဲ့ဝင်တွေရဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ ပတ်သက်ပြီး အီးယူကသာ စီမံရမှာဖြစ်ကြောင်း ဧပြီ ၁၆ ရက်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ အပြစ်ပေးမှု တစ်စုံတစ်ရာ လုပ်မယ်လို့တော့ ခြိမ်းခြောက်ထားတာ မရှိပါဘူး။ အီးယူကို အာခံကြတဲ့ အရှေ့ပိုင်းနိုင်ငံတွေဘက်ကလည်း အလျှော့ပေးမယ့်သဘော မရှိပါဘူး။ ဟန်ဂေရီစိုက်ပျိုးရေးဝန်ကြီး Sandor Farkas က အီးယူသာ တောင်သူလယ်သမားတွေကို အကာအကွယ်မပေးခဲ့ဘူးဆိုရင် ပိတ်ပင်မှုကို ဇွန်လနောက်ပိုင်းထိ ဆက်လက်တိုးချဲ့သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဘူဂေရီးယားကလည်း ပိတ်ပင်မှုပြုလာတဲ့ နောက်တစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာတော့ ဘူဂေးရီးယားစိုက်ပျိုးရေးဝန်ကြီး Yavor Gechev က သူတို့နိုင်ငံတွေဟာ သီးနှံပို့ဆောင်ရေးလမ်းကြောင်း မဖြစ်ဘဲ သီးနှံဂိုဒေါင်တွေ ဖြစ်လာနေတယ်လို့ ဝေဖန်ထားပါတယ်။ ဘူဂေးရီးယားကလည်း အလားတူသွင်းကုန်ပိတ်ပင်မှု ပြုလာနိုင်ကြောင်း ပြောထားပါတယ်။

အီးယူတွင်း လက်ရှိ ကမောက်ကမအခြေအနေဟာ အီးယူက ယူကရိန်းရဲ့ အမာခံမဟာမိတ်အဖြစ် ရှိနေမယ်ဆိုတဲ့အချက်ကို သေးသိမ်စေပါတယ်။ ယူကရိန်းစိုက်ပျိုးရေးဝန်ကြီး Mykola Solsky ကတော့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ပိတ်ပင်မှုတွေကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အဆိုပါနိုင်ငံက တောင်သူတွေဟာ နွေသီးနှံ ပေါ်ချိန်ကလည်း စပြီဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပိုပြီး စိုးရိမ်လာဖို့သာ ရှိပါတယ်။ ■

ဝေယံဟိန်း (B.Ag)

Ref: Why are eastern European countries banning Ukrainian produce? - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်