အယ်နီညိုနဲ့ ကမ္ဘာ့ဆန်ဈေးကွက်အလားအလာ

16/06/2023 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာမှာ ဆန်ရောင်းအားလက်ကျန်တွေ စံချိန်တင်နီးပါးအထိ များပြားနေသေးပေမယ့် ယခုဖြစ်ပေါ်လာတဲ့ အယ်နီညိုရာသီဥတုက ဒီဆန်လက်ကျန်တွေ ဈေးကွက်ကို ဘယ်လောက်အထိ လောက်ငစေနိုင်မလဲဆိုတဲ့အပေါ် အစမ်းသပ်ပြုသွားဖွယ်ရှိနေပါတယ်။

အယ်နီညိုဟာ ကမ္ဘာ့ဆန် ထုတ်လုပ်၊ စားသုံးမှု ၉၀ ရာခိုင်နှုန်းအထိ ရှိတဲ့ အာရှတိုက်ကို ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုတွေ ဖြစ်‌ပေါ်စေတတ်တာဖြစ်ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံး ထိုင်းနိုင်ငံဆိုရင်လည်း ယခုနှစ် မိုးရေချိန် နည်းပါးနိုင်တာကြောင့် တောင်သူတွေ စပါးလျှော့ချစိုက်ပျိုးကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

သမိုင်းကြောင်းအစဉ်အလာကို ပြန်ကြည့်ရင် အယ်နီညိုဖြစ်တဲ့ နှစ်တွေတိုင်း ဆန်စပါးအထွက် နိမ့်ကျလေ့ရှိပြီး တချို့နှစ်တွေဆိုရင် ပုံမှန်ထက် တော်တော်ကြီး လျော့နည်းလေ့ရှိပါတယ်။  ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်ပြည်ထောင်စုက အယ်နီညိုရာသီဥတုပုံစံ စတင်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး အားအတန်အသင့်ထက် ပိုပြင်းဖို့ ဖြစ်နိုင်ခြေမြင့်မားနေတယ်လို့ ထုတ်ပြန်ပါတယ်။ အယ်နီညိုရာသီဥတု အားပိုပြင်းထန်လေလေ စပါးထုတ်လုပ်မှု ပိုပြီး ထိခိုက်လာနိုင်လေလေ ဖြစ်ပါတယ်။

"ယခုနှစ်မှာ ဆန်ဈေးကွက်က ရောင်းသူအကြိုက် ဖြစ်လာပါလိမ့်မယ်။ ဆန်ပြတ်တောက်သွားလောက်တဲ့အထိ မဟုတ်ပေမယ့် ဆန်ရောင်းလိုအားကတော့ ကျိန်းသေ ကျဆင်းပါလိမ့်မယ်" လို့ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က အင်တာဗျူးတစ်ခုမှာ ပြောဆိုပါတယ်။

ကမ္ဘာ့ဆန်ကုန်လက်ကျန်စာရင်းဟာ ယခုရာသီအတွင်း နှစ်အလိုက် ငါးရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁၇၃ ဒသမ ၅ သန်းကို ရောက်ရှိလာမယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ထုတ်ပြန်ထားပါတယ်။

ဆန်တင်သွင်းနိုင်ငံတွေဟာ စိုးရိမ်မှု စဖြစ်လာကြပြီး ပြီးခဲ့တဲ့လတွေအတွင်း ဆန်တိုးမြှင့်ဝယ်ယူခဲ့ကြပါတယ်။ ကမ္ဘာ့ဆန်တင်ပို့မှု တတိယအများဆုံး ဗီယက်နမ်ဟာ ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း ဖိလစ်ပိုင်ထံကို ဆန်ပမာဏ ယခင်နှစ်အလားတူကာလကထက် ၄၀ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့ခဲ့ရပါတယ်။ ဒါ့အပြင် တရုတ်ထံ တင်ပို့မှုဟာ ၇၀ ရာခိုင်နှုန်းကျော်နဲ့ အင်ဒိုနီးရှားထံတင်ပို့မှုဟာ ၂၅၀၀ ရာခိုင်နှုန်းကျော် ပိုများလာခဲ့တယ်လို့ ဗီယက်နမ်အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆန်ဈေးကွက်မှာလည်း အလားတူမြင့်တက်မှုကို တွေ့ရပြီး တင်ပို့ပမာဏ ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုအလားအလာကတော့ အနောက်တောင်မုတ်သုံရာသီဥတုအပေါ် များစွာမူတည်နေပါတယ်။ ယခုနှစ်မှာ အိန္ဒိယမိုးရေချိန် ပုံမှန်ရှိမယ်လို့ ခန့်မှန်းထားချက်အရ ဆန်စပါးထုတ်လုပ်မှုကို အထောက်အပံ့ပြုစေဖွယ်ရှိပါတယ်။

ဒါပေမဲ့ အယ်နီညိုရာသီဥတုဟာ အစဉ်အလာအားဖြင့်တော့ အိန္ဒိယမှာ မုတ်သုံမိုးရေချိန် နိမ့်ကျစေလေ့ရှိပြီး လယ်ယာသီးနှံထုတ်လုပ်ရေးကို အကြီးအကျယ် ထိခိုက်စေကာ စားသောက်ကုန်ဈေးနှုန်းတွေကို မြင့်တက်စေလေ့ရှိပါတယ်။

အမေရိကန်အစိုးရစိုက်ပျိုးရေးဌာန (USDA) ကတော့ အယ်နီညိုရာသီ ဖြစ်ပေါ်လာတဲ့တိုင် ယခုနှစ် ကမ္ဘာ့စုစုပေါင်း ဆန်စပါးထုတ်လုပ်မှုဟာ တည်ငြိမ်ပြီး တန်ချိန် ၅၁၂ ဒသမ ၅ သန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်လိုအားမြင့်တက်လာမှုကြောင့်သာ ကမ္ဘာ့ဆန်လက်ကျန်စာရင်း ကျဆင်းလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Rice glut will be put to test with El Niño’s return - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်