တချို့ပုရွက်ဆိတ်နဲ့ ခြတွေလိုပဲ တချို့သော ပိုးတောင်မာတွေလည်း သီးနှံ စိုက်ပျိုးတတ်ကြသတဲ့။
လူသားတွေဟာ လက်ဦးအကျဆုံး တောင်သူလယ်သမားတွေ မဟုတ်ကြပါဘူး။ ကမ္ဘာမှာ ရှေးဦးလူသားတွေ ဆင့်ကဲ့ဖြစ်ပေါ်မလာသေးခင် နှစ်သန်းပေါင်းများစွာကတည်းက ပုရွက်ဆိတ်တို့၊ ခြတို့ဟာ မှိုခင်းတွေ ပြုစုစိုက်ပျိုးလာခဲ့ကြပါတယ်။ ပုရွက်ဆိတ်တို့ ခြတို့က အသင်းအပင်းနဲ့ နေတတ်ကြသူတွေပီပီ ပစ္စည်းပစ္စယ ဟိုသယ်ဒီရွှေ့ တာကအစ တစ်ကောင်တစ်ပါးစပ် ဝိုင်းကိုက်ချီပြီး စုပေါင်းဆောက်ရွက်နိုင်စွမ်း ရှိကြပါတယ်။
ပိုးတောင်မာတွေကျတော့ ပုရွက်ဆိတ်၊ ခြတို့နဲ့မတူတဲ့ တစ်ကိုယ်တည်းသမားတွေ။ ဒါတောင် သူတို့ထဲက အနည်းဆုံးတစ်မျိုးလောက်ဟာ စိုက်ရေးပျိုးရေး ကျွမ်းကျင်တယ်ဆိုတာကို Proceedings of the Royal Society သိပ္ပံဂျာနယ်မှာ ဖော်ပြခံရတဲ့ ဂျာမနီ ဖရိုင်းဘတ်တက္ကသိုလ်က ပညာရှင် Janina Diehl နဲ့ Peter Biedermann တို့ရဲ့ လေ့လာမှုက အတည်ပြုပါတယ်။
ခု ပြောမဲ့ ‘သီးပင်ဖောက်’ ပိုးတောင်မာဟာ နာမည်နဲ့လိုက်လိုက် သစ်သီးပင် ပင်စည်တွေကို အပေါက်ဖောက်တတ်ပါတယ်။ အပေါက်ထဲမှာ ဥ,ဥပြီး အကောင်ငယ်ကို မွေးမြူတယ်။ ဒါပေမဲ့ ဒီသီးပင်ဖောက်ပိုးတောင်မာဟာ သူတို့ ဖောက်တဲ့ သစ်ကို မစားပါဘူး။ အဲဒီသစ်သားပေါ်မှာ ပေါက်တဲ့ မှိုကို စားကြတာပါ။
ဒီကောင်တွေဟာ မှိုကို ကိုယ့်ဘာသာ စိုက်စားတယ်လို့ သိပ္ပံပညာရှင်တွေ သံသယရှိခဲ့တာ ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေဟာ သူတို့အကြိုက်တွေ့တဲ့ Raffaelea sulphurea မှိုမျိုးရဲ့ မျိုးမှုန် (spore) တွေကို အပေါက်ထဲ သယ်လာတဲ့ သက်သေအထောက်အထားတွေ တွေ့ထားကြလို့ပါပဲ။ ပြောရရင်တော့ သူတို့ မှိုတွေကို စိုက်ပျိုးလိုက်တာပေါ့။ ခုတစ်ခါ Dr Diehl နဲ့ Dr Biedermann တို့ရဲ့ သုတေသနနပြုချက်က ဒီပိုးတောင်မာတွေဟာ နောက်ထပ် အရေးကြီး စိုက်ပျိုးရေးအလေ့အကျင့်တစ်ခုဖြစ်တဲ့ ပေါင်းသင်တာကိုပါ လုပ်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီသီးပင်ဖောက်ပိုးရဲ့ သဘာဝအသိုက်အမြုံတွေကို စောင့်ကြည့်လေ့လာတဲ့အခါ သူတို့ စိုက်ထားတဲ့ R. sulphurea မှိုတွေဟာ ဘေးမှာအပြိုင်ပေါက်နေတဲ့ အခြားမှိုမျိုးတွေထက် ပိုမိုများပြားစွာ ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲဆိုတာတော့ မသိရသေးပါဘူး။ ပိုးတောင်မာတွေဟာ သူတို့သီးနှံ ပိုမိုဖြစ်ထွန်းအောင် အမှန်တကယ်ပဲ ပေါင်းသင်တတ်သလားဆိုတာ သိရဖို့ Dr Diehl နဲ့ Dr Biedermann တို့က စမ်းသပ်လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ အလုံပိတ်စမ်းသပ်ခန်းတွေထဲမှာ ပိုးတောင်မာ အကောင် ၄၀ ကို မွေးမြူခဲ့တယ်။ ပြီးတော့ ဒီကောင်တွေ ဖောက်ထွင်းလေ့ရှိတဲ့ သဘာဝသစ်သားနဲ့ အာဟာရတန်ဖိုးချင်း ညီမျှတဲ့ သစ်သားတု ရရှိအောင် လွှစာမှုန့်တွေကို ဆား၊ သကြား၊ ကစီဓာတ်၊ ပရိုတိန်းဓာတ်တို့နဲ့ သမအောင်ရောပြီး စမ်းသပ်ဖန်ပြွန်တွေထဲမှာ အပြည့်အသိပ် ထည့်ထားပေးပါတယ်။ နောက်တော့ ဘာဆက်ဖြစ်မလဲ သူတို့ စောင့်ကြည့်ကြပါတယ်။
သီးပင်ဖောက် ပိုးတောင်မာတွေက နာမည်နဲ့လိုက်လိုက် အစားထိုးသစ်သားတုကိုလည်း အပင်အစစ်ကို ဖောက်တဲ့နည်းအတိုင်း ဖောက်တယ်။ ဒီလို ဖောက်ပြီးတဲ့အခါမှာလည်း ပိုးပေါက် ကလိုင်ခေါင်းနံရံတွေပေါ်မှာ R. sulphurea မှိုမျိုးမှုန်တွေကို လိမ်းသုတ်တယ်။ နောက်ဆယ်ရက်လောက်အကြာ မှိုတွေ စပေါက်လာချိန်၊ ဒါပေမဲ့ ပိုးတောင်မာတွေ ဥ စမဥရသေးချိန်မှာ ပညာရှင်တွေက အကောင်တွေ အားလုံးကို ကောက်ယူဖယ်ရှားလိုက်ပါတယ်။ နောက်တော့မှ အဲဒီထဲက တစ်ဝက်ကို သူ့ ကလိုင်ခေါင်းထဲသူ ပြန်ထားပေးပေမဲ့ အခြားကလိုင်ခေါင်းတွေကိုတော့ အလွတ်အတိုင်း ထားလိုက်ပါတယ်။ အဲဒီနောက် ရက် ၂၀ လောက်အကြာမှာ ကလိုင်ခေါင်းနံရံတွေပေါ် ပေါက်နေတဲ့ မှိုတွေကို နမူနာကောက်ယူကြပါတယ်။
သူတို့ တွက်ဆမျှော်လင့်ထားတဲ့အတိုင်းပဲ ပိုးတောင်မာ ပြန်ထားပေးတဲ့ ကလိုင်ခေါင်းတွေထဲမှာ R. suphurea မှိုတွေဟာ ပိုမိုများပြားစွာ ဖြစ်ထွန်းပေါက်ရောက်နေတာကို တွေ့ရပါတယ်။ ပိုတောင်မာရှိတဲ့ အခေါင်းတွေထဲက ကောက်ယူရရှိတဲ့ မှိုနမူနာတွေထဲမှာ R. suphurea မှို တစ်ဝက်လောက်ထိ ပါဝင်နေပြီး အလွတ်ခန်းတွေဆီက ရယူတဲ့ နမူနာမှာတော့ သုံးပုံတစ်ပုံအောက်သာ ပါဝင်နေပါတယ်။ ဒါကြောင် ဒီပိုးတောင်မာတွေဟာ သူတို့သီးနှံကို အမှန်တကယ် ပေါင်းသင်ပေးတတ်တယ်လို့ ဆိုနိုင်မှာပါ။ ဒီပေါင်းသင်မှုဖြစ်စဉ် ဘယ်လိုများ ဖြစ်သလဲ မသိရသေးပါဘူး။ ဖြစ်စဉ် ဖြစ်ကြောင်းကိုသာ သိရသေးတာပါ။
ဝေယံဟိန်း (B.Ag)
Farmer Giles the beetle - The economist
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။