လူပေါင်း သန်း ၁၀၀ လောက် ဒုက္ခရောက်သွားနိုင်တဲ့ ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက်မှု

09/02/2023 16:33 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဓာတ်မြေသြဇာဟာ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူက သီးနှံပင်တွေ ကျန်းမာသန်စွမ်းပြီး ပေါပေါများများထွက်ရှိစေဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။  

ဓာတ်မြေဩဇာမရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ မြေဆီလွှာထဲမှာရှိနေတဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်လိုမျိုး အဓိကကျတဲ့ အာဟာရဓာတ်တွေ ကုန်ခမ်းဆုံးရှုံးလာမှာဖြစ်ပြီး သီးနှံတွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေးကိုပါ လျော့နည်းသွားစေမှာပါ။

လက်ရှိမှာတော့ ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ ခေါင်ခိုက်လာပြီး လေ့လာမှုတစ်ခုအရ အခုလို မြင့်တက်လာခြင်းဟာ လူပေါင်း သန်း ၁၀၀ ကို အာဟာရချို့တဲ့နိုင်စေတဲ့အဖြစ်နဲ့ ခြိမ်းခြောက်လာနိုင်တယ်လို့ ဆိုလာပါတယ်။

University of Edinburgh မှ သုတေသီတွေ ဦးဆောင်ပြုလုပ်နေတဲ့ လေ့လာမှုတစ်ခုအရ လာမဲ့ ဆယ်စုနှစ်များအတွင်း စားနပ်ရိက္ခာမလုံလောက်မှုရဲ့ အဓိကကျတဲ့အရာတွေက စွမ်းအင်နဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ သိသာထင်ရှားစွာ မြင့်တက်လာမှာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် အဲ့ဒီဒေသကနေ ဂျုံ၊ မုယောနဲ့ ပြောင်းလိုမျိုး စားနပ်ရိက္ခာတင်ပို့မှု ပမာဏအများအပြား လျော့ကျလာခြင်းဟာတောင် ယခင်က စိုးရိမ်နေတာတွေထက် အစားအစာဈေးနှုန်းမြင့်တက်မှုအပေါ် သက်ရောက်မှု နည်းပါးတယ်ဆိုပြီး သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ယခုအချိန်အထိတိုင်အောင် စွမ်းအင်နဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ ပို့ကုန်ကန့်သတ်ချက်တွေဟာ အနာဂတ်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစျေးနှုန်းတွေအပေါ်  ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမလဲဆိုတာကို နားမလည်နိုင်သေးတဲ့ အခြေအနေဖြစ်နေပါတယ်။

အစားအသောက်စျေးနှုန်းတွေ တက်လာခြင်းကြောင့် လူသားတွေရဲ့ အာဟာရကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ်ပမာဏကို တွက်ချက်ဖို့အတွက်ဆိုတာကလည်း ခွဲခြမ်းစိတ်ဖြာမှု အနည်းငယ်သာ ရှိနေသေးတာ ဖြစ်ပါတယ်။

လေ့လာမှုပြုလုပ်နေတဲ့အဖွဲ့ဟာ ၂၀၄၀ ခုနှစ်အထိတိုင်အောင် အစားအသောက်စျေးနှုန်း၊ ကျန်းမာရေးနဲ့ မြေယာအသုံးချမှုတွေအပေါ်မှာ ပို့ကုန်ကန့်သတ်ချက်တွေနဲ့ ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို ပြန်လည်ဖော်ထုတ်ဖို့အတွက် သီးနှံစိုက်ပျိုးမြေအသုံးချမှု အမျိုးအစားတစ်ခုချင်းစီရဲ့ ဆက်စပ်ဧရိယာကို တွက်ချက်ပေးတဲ့ global land-use computer model ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ ပြန်လည်ဖော်ထုတ်မှုများအရ ပို့ကုန်ကန့်သတ်ချက်များ၊ စွမ်းအင်စရိတ်များ တိုးလာခြင်းနဲ့ ၂၀၂၂ နှစ်လယ် ဓာတ်မြေသြဇာစျေးနှုန်းများရဲ့ ပေါင်းစပ်အကျိုးသက်ရောက်မှုတွေဟာ ယမန်နှစ်အစပိုင်းကထက် ၃ ဆ ပိုများနေတာဖြစ်ပြီး အစားအစာကုန်ကျစရိတ်တွေဟာ ၂၀၂၁ နဲ့နှိုင်းယှဉ်လိုက်ပါက ၂၀၂၃ မှာ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ဆိုထားပါတယ်။

ပို့ကုန်ကန့်သတ်ချက်တွေဟာ စျေးနှုန်းမြင့်တက်မှုရဲ့ အနည်းငယ်သောအပိုင်းသာဖြစ်တယ်လို့ အဆိုပါအဖွဲ့ကနေ ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့မှ ပို့ကုန်များ ရပ်ဆိုင်းသွားခြင်းဟာ ၂၀၂၃ ခုနှစ်မှာ စားနပ်ရိက္ခာ ကုန်ကျစရိတ်ကို ၂.၆ ရာခိုင်နှုန်းသာ တိုးလာစေမှာဖြစ်ပေမဲ့ စွမ်းအင်နဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းတွေကိုတော့ ၇၄ ရာခိုင်နှုန်းထိ မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်ခြင်းဟာ လူအများအပြားရဲ့ နေ့စဉ်စားသောက်မှုအခြေအနေကို ပိုဆိုးရွားလာစေမှာဖြစ်တယ်လို့ အဆိုပါအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်မြေသြဇာဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပါက နောက်ထပ်သေဆုံးသူ ၁ သန်းအထိ ရှိလာနိုင်ပြီး လူပေါင်း သန်း ၁၀၀ ကျော် အာဟာရချို့တဲ့နိုင်ကြောင်း တွေ့ရှိချက်ကနေ အကြံပြုထားပါတယ်။ သေဆုံးမှု အများဆုံးတိုးလာနိုင်တာကတော့ ဆာဟာရ အာဖရိက၊ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။

သီးနှံအထွက်နှုန်းမြင့်မားစေဖို့ရာ အဓိကသော့ချက်ဖြစ်တဲ့ ဓာတ်မြေသြဇာတွေရဲ့ ကုန်ကျစရိတ် သိသိသာသာ မြင့်တက်လာခြင်းကြောင့် တောင်သူတွေအနေနဲ့ ဓာတ်မြေသြဇာအသုံးပြုမှုကို အများအပြားလျှော့ချလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်မြေသြဇာမရှိဘူးဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးမြေတွေ ပိုမိုလိုအပ်ကြောင်း အဆိုပါအဖွဲ့က ပြောပါတယ်။

ဒါကြောင့် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါမှာ အနောက်ဥရောပနိုင်ငံများဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ရဲ့ အရွယ်အစားရှိတဲ့ စိုက်ပျိုးမြေတွေ တိုးပွားလာနိုင်တယ်ဆိုပြီး လေ့လာဖော်ထုတ်မှုတွေက ညွှန်ပြနေပါတယ်။ ယင်းအခြေအနေတွေကြောင့် သစ်တောပြုန်းတီးမှု၊ ကာဗွန်ထုတ်လွှတ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတွေအပေါ် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါလေ့လာမှုကို Nature Food ဂျာနယ်မှာဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းလေ့လာမှုမှာ ဂျာမနီရှိ Karlsruhe Institute of Technology၊ အမေရိကန်ရှိ Rutgers တက္ကသိုလ်နဲ့ Aberdeen တက္ကသိုလ်တို့မှ သုတေသီတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ University of Edinburgh’s School of GeoSciences မှ ဒေါက်တာ Peter Alexander ကတော့ “စျေးပေါသက်သာတဲ့ အစားအစာတွေရဲ့ခေတ်က နိဂုံးချုပ်သွားနိုင်ပါတယ်။

လူတိုင်းနီးပါး သူတို့ရဲ့ အပတ်စဉ်စျေးဝယ်ထွက်တဲ့ အလေ့အထပေါ်မှာ အကျိုးသက်ရောက်မှု ခံစားကြရမှာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငွေကြေးချို့တဲ့သူတွေကတော့ နဂိုကတည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ လုံလောက်စွာရရှိဖို့ ရုန်းကန်နေရတာဖြစ်လို့ သူတို့အတွက်ကတော့ အခက်ခဲဆုံးဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။

ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံနဲ့ အစားအစာတွေ ဘေးကင်းလုံခြုံစွာ သယ်ယူပို့ဆောင်ရေး သဘောတူညီချက် (The Black Sea Grain Initiative) ဟာ ကြိုဆိုဖွယ်ကောင်းတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ စားနပ်ရိက္ခာတင်ပို့မှုကို ပြန်လည်စတင်ဖို့ အများအပြားခွင့်ပြုထားပေမဲ့လည်း အဆိုပါကိစ္စတွေဟာ မဆိုင်းမတွဖြစ်ပေါ်လာတဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေရဲ့ သက်ရောက်မှုကနေ အာရုံလွှဲသွားပုံရပါတယ်။

ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ ယခုနှစ်အစောပိုင်းမှာ အထွတ်အထိပ်ကနေ ကျဆင်းနေပေမဲ့လည်း မြင့်မားနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဆက်လက်မြင့်မားတဲ့ စားသောက်ကုန်စျေးနှုန်းဖောင်းပွမှုဆီသို့ ဆက်လက်ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် မြင့်မားတဲ့စားသောက်ကုန် ဈေးနှုန်း၊ လူထုကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအကြား ဆက်စပ်မှုတွေကို ချိုးဖျက်နိုင်ဖို့ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါကြောင်း...

ဇင်ထူးနိုင်

Ref: https://scitechdaily.com/100-million-people-at-risk-the-hidden-cost-of-soaring-fertilizer-prices/

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်