ဂါနာကော်ဖီလုပ်ငန်းကို ကျယ်ပြန့်လာစေတဲ့ အမျိုးသမီးသီးသန့်ထုတ် Bean Masters ကော်ဖီ

28/02/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဂါနာနိုင်ငံ ဗိုလ်တာဒေသ တောင်ကုန်းတွေပေါ်က ကော်ဖီခင်းတချို့ကနေ ထွက်ရှိပြီး မြို့တော် အက်ခရာအထိ ပေါက်ရောက်လာတဲ့ အမျိုးသမီးသီးသန့်ထုတ် ကော်ဖီတစ်မျိုးဟာ သိပ်မကျယ်ပြန့်သေးတဲ့ ဂါနာနိုင်ငံရဲ့ ကော်ဖီဈေးကွက်ထဲကို ခြေကုပ်စတင်ရယူနေပြီဖြစ်ပါတယ်။

ဂါနာဟာ ကမ္ဘာမှာ ကိုကိုးစေ့ထုတ်လုပ်မှု ဒုတိယအများဆုံးအဖြစ် အိမ်နီးချင်း အိုင်ဗရီကို့စ်ရဲ့နောက်မှာ ရပ်တည်နေပေမဲ့ ကော်ဖီထုတ်လုပ်မှုအပိုင်းမှာတော့ အာဖရိကနိုင်ငံတွေအနက် အနိမ့်ကျဆုံးထဲမှာ ပါဝင်ပါတယ်။ တစ်ပိုင်တစ်နိုင်တောင်သူတွေဟာ သူတို့ထုတ်တဲ့ကော်ဖီကို ဈေးကွက်ပေါက်အောင် ထိုးဖောက်နိုင်စွမ်းမရှိကြပါဘူး။

ဒီအခြေအနေမှာ ကွန်ပျူတာသိပ္ပံဆရာမဟောင်းတစ်ဦးဖြစ်သူ အက်ခရာမြို့အခြေစိုက် Bean Masters ကော်ဖီလုပ်ငန်းပိုင်ရှင် Benedicta Tamakloe က အမျိုးသားတွေလွှမ်းမိုးတဲ့စိုက်ပျိုးရေးခြံလုပ်ငန်းမှာ ရုန်းကန်နေရသူအမျိုးသမီးတွေကို ကူညီဖို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။

"အစကတော့ ရွာက အသိအမျိုးသမီးတွေအတွက် ကော်ဖီဝယ်လက် ရှာပေးဖို့လောက်ပဲ ဆန္ဒရှိခဲ့တာပါ" ဆိုပြီး ဂါနာနိုင်ငံက ရှားရှားပါးပါး အမျိုးသမီးပိုင် ကော်ဖီလုပ်ငန်းတစ်ခု ဖြစ်တဲ့ Bean Masters တည်ထောင်ဖြစ်ခဲ့စဉ် ၂၀၁၈ က အခြေအနေကို Tamakloe ပြန်ပြောပြပါတယ်။

"နောက်တော့ သူငယ်ချင်းတစ်ယောက်က ထဲထဲဝင်ဝင်လုပ်ကြည့်မှ ပိုသိလာရမယ်လို့ အားပေးခဲ့တယ်" လို့ သူက ပြောပါတယ်။

ဒီလိုနဲ့ Bean Masters ကော်ဖီလုပ်ငန်းဟာ အမျိုးသမီးပိုင် စိုက်ခင်းတွေက ထွက်ရှိတဲ့ကော်ဖီကို သီးသန့် ဝယ်ယူခဲ့ပါတယ်။ သူဆီ ကော်ဖီပေးသွင်းတဲ့ အမျိုးသမီးတောင်သူ စုစုပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး ဒါဟာ ဂါနာမှာတော့ ယခုလို စုဖွဲ့မှုတွေအနက် အကြီးမားဆုံးဖြစ်ပါတယ်။ Bean Masters လုပ်ငန်းက အဖွဲ့ဝင်တွေ ကော်ဖီသိမ်းချိန်မှာလည်း  ကူညီပေးပါတယ်။

“ကျွန်မတို့က အကောင်းဆုံးအသန့်ဆုံး ကော်ဖီစေ့ကိုပဲ လိုချင်တယ်” လို့ Tamakloe က ဂါနာအရှေ့ပိုင်း တိုဂိုနယ်စပ်အနီးက တောင်ပေါ်ကော်ဖီစိုက်ခင်းပိုင်ရှင်အမျိုးသမီး Isha Pagniw ကို ပြောဆိုနေပါတယ်။ အဲဒီခြံမှာ အမျိုးသမီးတစ်စုက မနက်နေရောင်အောက် နီနီရဲရဲ တောက်ပနေတဲ့ ကော်ဖီသီးတွေကို ခူးဆွတ်နေကြပါတယ်။

အမျိုးသမီးတွေ ကော်ဖီခူးနေချိန် Tamakloe က သူတို့ကြားကနေ ဖြတ်လျှောက်လာပြီး လက်ထဲကကိရိယာတစ်ခုနဲ့ ကော်ဖီစေ့တွေရဲ့  အစိုဓာတ်ပါဝင်နှုန်းကို စမ်းသပ်စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဒီအမျိုးသမီးတစ်စုဟာ ကော်ဖီ ၁၀ တန်ဝန်းကျင် ထုတ်လုပ်ခဲ့ပြီး Tamakloe က ထွက်ရှိကော်ဖီအများစုကို အက်ခရာမြို့ရှိ ချောကလက်စက်ရုံတစ်ရုံမှာ အစေ့လှော်ခဲ့ပါတယ်။ ရရှိလာတဲ့ အမြတ်ထဲက တချို့တစ်ဝက်ကို အမျိုးသမီးတွေ စိုက်ခြံလုပ်ငန်း လုပ်ကိုင်ရာ ကျေးရွာတွေက ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

လောလောဆယ်တော့ Bean Masters က ထုတ်တဲ့ကော်ဖီတွေကို အဆင့်မြင့်စားသောက်ဆိုင်နဲ့ ဟော်တယ်ကြီးတွေမှာ လက်ကားရောင်းချတာ များပါတယ်။ ဒါပေမဲ့ Tamakloe က ဒီနှစ်ထဲမှာ Bean Masters ကော်ဖီကို အထုပ်ငယ်လေးတွေအဖြစ် သောက်သုံးသူအားလုံးထံ လက်လီရောင်းချနိုင်အောင် လုပ်ငန်းတိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။

အက်ခရာမြို့ရှိ အာရှလူမည်းကပြားစားသောက်ဆိုင် Kozo မှာ Tamakloe နဲ့ ဆိုင်ဝန်ထမ်းတွေဟာ Bean Masters ကော်ဖီစေ့နဲ့ ဖျော်စပ်ထားတဲ့ အက်စပရက်ဆို(Espresso) ကော်ဖီကို အရသာခံသောက်သုံးနေကြပါတယ်။

အဲဒီစားသောက်ဆိုင်ပိုင်ရှင်ဟာ ၂၀၂၁ ခုနှစ်တုန်းက Tamakloe နဲ့အတူ Pagniw ရဲ့ ကော်ဖီခြံကို လာရောက်လည်ပတ်ခဲ့ပြီး အဲဒီကစပြီး အခုချိန်ထိ ဆိုင်အတွက် Bean Masters ကော်ဖီတစ်မျိုးတည်းကို သီးသန့်မှာယူသုံးစွဲခဲ့ပါတယ်။

“Bean Masters ဟာ အမျိုးသမီးစွမ်းအားမြှင့်တင်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ စစ်မှန်မှုကို အားပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီလိုအမြော်အမြင်မျိုးကို အားပေးရမယ်” လို့ ဆိုင်ရှင်အမျိုးသမီး Ivy Esinam Lanyoh က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Female-owned farms and companies are growing Ghana's taste for coffee - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်