ပူနွေးတဲ့ကမ္ဘာကြီးမှာ ပါကစ္စတန်လို ရေဘေးကြီးတွေ ထပ်ကြုံရဦးမယ်

30/09/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ပါကစ္စတန်နိုင်ငံကို ဖုံးလွှမ်းခဲ့တဲ့ ရေကြီးမှုကြောင့် ထိခိုက်ပျက်ယွင်းတာတွေနဲ့ ပတ်သက်လို့ အဲ့ဒီ နိုင်ငံကို ဒီတစ်ပတ်ထဲ အလည်ရောက်ရှိခဲ့တုန်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် (António Guterres) က စကားတစ်ခွန်း ပြောသွားပါတယ်။ 

"ပြောစရာ စကားလုံးတောင် ရှာမရပါဘူး" တဲ့။ 

ကိန်းဂဏန်းတွေကို တွေ့တာနဲ့တင် ဒီကပ်ဘေးရဲ့ အတိုင်းအဆ ဘယ်လောက် ပြင်းထန်လဲဆိုတာ ယုတ်စွအဆုံး တွက်ချက်နိုင်ပါလိမ့်မယ်။ 

လူပေါင်း ၁၄၀၀ ကျော် သေဆုံးတယ်။ လူ ၃၃ သန်းလောက် အိမ်ပစ်ရာပစ် ပြေးရတယ်။ အိမ်အလုံးရေ ၁ ဒသမ ၇ သန်း ပျက်စီးတယ်။ နိုင်ငံရဲ့ ဝါစိုက်ခင်း တစ်ဝက်လောက် ရေထဲပါသွားတယ်။ ဒီနှစ် ဂျုံသီးနှံ အများစုကို အဆုံးခံလိုက်ရတယ်။ 

အစိုးရ ခန့်မှန်းတာတော့ ရေကြီးမှုကြောင့် ဒေါ်လာ ဘီလျံ ၃၀ (နိုင်ငံဂျီဒီပီရဲ့ ၉ ရာခိုင်နှုန်း) လောက် ဆုံးရှုံးပါမယ်တဲ့။

ပါကစ္စတန်တာဝန်ရှိသူတွေဟာ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ထည့်ဝင်ကူညီကြဖို့ ဆော်သြထားပါတယ်။ ဒါဟာ ကိုယ်ကျိုးသက်သက် စွန့်ခိုင်းတာမျိုးမဟုတ်ဘဲ ဒီကပ်ဘေးကြီး ဖြစ်စေအောင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များစွာ ထုတ်လွှတ်ခဲ့တဲ့ အဆိုပါနိုင်ငံကြီးတွေရဲ့ တာဝန်မကင်းမှုကြောင့် ပါတယ်လို့ သူတို့က ဆိုပါတယ်။ 

ဒီရေကြီးမှုကြီးဖြစ်လာစေဖို့ ရာသီဥတုပြောင်းလဲမှုရဲ့ အခန်းကဏ္ဍ ဘယ်လောက်ပါဝင်တယ်ဆိုတဲ့အပေါ် တိုင်းတာတွက်ချက်မှုတွေကတော့ မပြီးစီးသေးပါဘူး။ ဒါပေမဲ့ လူတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို အပြစ်တင်ဖို့တော့ သက်သေအထောက်အထားတွေ လုံလုံလောက်လောက် ရှိနေပြီလို့ ပညာရှင်များစွာက ယုံကြည်ကြပါတယ်။

ဒီရေကြီးမှုကြီးနဲ့ လတ်တလော ရာသီဥတုဖြစ်စဉ်တွေကြား ပထမဦးဆုံးတွေ့ရတဲ့ ဆက်နွှယ်မှုကတော့ ဧပြီ၊ မေလတွေအတွင်း ပါကစ္စတန် ဒေသအများအပြားနဲ့ အိမ်နီးချင်းအိန္ဒိယတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူလှိုင်းတွေပါ။ 

ကမ္ဘာကြီး ပူနွေးလာတာကြောင့် အခုလို အပူလှိုင်းတွေ ဖြစ်လာဖို့ဟာ စက်မှုခေတ်ကြိုကာလကထက် အဆ ၃၀ ပိုများတယ်လို့ မိုးလေဝသခန့်မှန်းရေးကွန်ရက်တစ်ခုဖြစ်တဲ့ World Weather Attribution Project က ဆိုပါတယ်။ 

နောက်ပြီး အပူချိန်မြင့်တက်လာတဲ့အခါ လေထုထဲကို ရေငွေ့တွေ ပိုစုပ်ယူပါတယ်။ ဒီတော့ မိုးကြီးတွေ သည်းသည်းမည်းမည်း ရွာဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ဒီသြဂုတ်လအတွင်း ပါကစ္စတန်မှာ ရွာသွန်းတဲ့ စုစုပေါင်း မိုးရေချိန်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ပျမ်းမျှရွာနှုန်းထက် သုံးဆကျော် ပိုများခဲ့ပါတယ်။

ပါကစ္စတန် မြောက်ပိုင်းမှာ ရှိနေတဲ့ ရေခဲမြစ် ၇၂၀၀ ကလည်း အရင်တုန်းကထက် ပိုမိုမြန်ဆန်စွာ အရည်ပျော်ကျနေပါတယ်။ အများစုကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ဖြစ်ရတာပါ။ ဒီရေခဲမြစ်တွေကို ဟိမဝန္တာတောင်တန်းက ရေခဲမြစ်တွေနဲ့ ပေါင်းရုံးပြီး "တတိယဝင်ရိုးစွန်း" လို့တောင် ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်နဲ့ မြောက်ဝင်ရိုးစွန်းဒေသတွေပြီးရင် ကမ္ဘာပေါ်မှာ ရေခဲထု အများဆုံး ရှိနေတဲ့ ဒေသမို့ပါပဲ။ 

ပြီးခဲ့တဲ့ ဇွန်လတုန်းက ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက အဲဒီ "တတိယဝင်ရိုးစွန်း" ဒေသမှာ ၁၉၈၀-၂၀၁၈ ကာလအတွင်း ဆယ်စုနှစ်တစ်ခုကို အပူချိန် သုည ဒသမ ၃၂ ဒီဂရီဆဲလ်စီးယပ်နှုန်း မြင့်တက်ခဲ့ ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး ပျမ်းမျှမြင့်တက်မှုထက် နှစ်ဆထိ ရှိနေတာပါ။ တခြားသော လေထုညစ်ညမ်းမှုပုံစံတွေကလည်းပဲ ရေခဲပျော်နှုန်းကို အရှိန်မြန်ဆန်စေလျက်ရှိပါတယ်။ လေထုထဲက အမှုန်မည်းမည်းလေးတွေ ရေခဲပေါ် လာစုဝေးတဲ့အခါ ရေခဲပြင်အရောင် မည်းပုပ်ပုပ် ဖြစ်သွားစေပြီး အဲဒီအခါ နေရောင်ကို ပိုမိုစုပ်ယူကာ အရည်ပျော်နှုန်း ပိုမြန်လာပါတယ်။

အကျိုးဆက်အနေနဲ့ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း ပါကစ္စတန်မြောက်ပိုင်းက ရေခဲလွှာ တွေဟာ တစ်နှစ်ကို ၄ ဒသမ ၆ ဂီဂါတန် (တစ်ဂီဂါတန်ဟာ အိုလံပစ်ရေကူးကန်ပေါင်း ၁ ဒသမ ၈ သန်း နဲ့ ညီမျှ) လျော့ကျသွားတယ်လို့ သုတေသီတွေက ဂြိုဟ်တုပုံရိပ်တွေ အသုံးပြုပြီး ခန့်မှန်းကြပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ရေခဲအရည်ပျော်မှု ပမာဏအတိအကျကိုတော့ မတွက်ချက်ရသေးပါဘူး။ ဒါပေမဲ့ ပါကစ္စတန်မြောက်ပိုင်း Gilgit-Baltistan ဒေသက ရေခဲကန်တွေမှာ အရည်ပျော်မြန်တဲ့ အမှတ်အသားအဖြစ် ရေ ဒလဟောစီးဆင်းမှုတွေဖြစ်တာ ဒီနှစ်အတွင်း ၁၆ ကြိမ်ထိ ရှိခဲ့ပါတယ်။ အရင်တုန်းက တစ်နှစ်ကို ဒီလိုမျိုး ငါးကြိမ်၊ ခြောက်ကြိမ်လောက်သာ ဖြစ်လေ့ရှိတာပါ။

တတိယဝင်ရိုးစွန်းရဲ့ ရေခဲမြစ်တွေဟာ တောင်အာရှဒေသ မြစ်ဧရာကြီးတွေရဲ့ ရေမူလရင်းမြစ် ဖြစ်ကြ ပါတယ်။ ရေခဲတွေအရည်ပျော်တာနဲ့ မိုးရေချိန်မြင့်တက်မှု ပေါင်းစပ်လိုက်တဲ့အခါ ဒေသရဲ့ မြစ်ချောင်း တွေမှာ ရေတက်လာပါတယ်။ ၁၉၈၀ ကနေ ၂၀၁၈ ကာလအတွင်း ပါကစ္စတန်ရဲ့ အကြီးဆုံး အင်ဒူးမြစ် မြစ်ညာပိုင်း ရေစီးပမာဏဟာ ဆယ်စုနှစ်တစ်ခုကို ၃ ဒသမ ၉ ဂီဂါတန်နှုန်း မြင့်တက်ခဲ့ပါတယ်။

အခြေအနေက ပိုဆိုးလာဖို့ များနေပါတယ်။ ဒီကြားထဲ ရာသီဥတု ကောင်းလို့ ၂၁၀၀ အရောက် ကမ္ဘာ့အပူချိန်ဟာ စက်မှုခေတ်ကြိုကာလကထက် အများဆုံး နှစ်ဒီဂရီသာ ပိုများမယ်ဆိုရင်တောင် အဲဒီအချိန် ဟိမဝန္တာတောင်တန်းပေါ်က ရေခဲ သုံးပုံတစ်ပုံလောက် ပျော်ကျပျောက်ကွယ်သွား လောက်ပါပြီ။ ဒေသထဲက ဆင်းရဲတဲ့နိုင်ငံတွေဟာ အကျိုးဆက်ကို ခံစားကြရမှာပါ။ အဲဒီနိုင်ငံတွေမှာ ယခုအခါ ဓာတ်ငွေ့ထုတ်လွှတ်မှု တိုးလာတယ်ဆိုပေမဲ့ သူတို့ကို ဒုက္ခပေးနေတဲ့ လက်ရှိ ဖန်လုံအိမ်ဓာတ်ငွေ့ထုထဲမှာ သူတို့ထုတ်လွှတ်တာ မဆိုစလောက်သာ ပါဝင်နေပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Devastating floods like Pakistan’s will be more common in a warming world - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်