မြန်မာလူမျိုးတို့နှစ်သက်ကြသည့်ငါးများတွင် ငါးသလောက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ ယင်းငါးသလောက်ကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၁၁)နိုင်ငံမှာသာ ဖမ်းဆီးရမိသည်ဟု သိရပါသည်။
ယင်း ၁၁ နိုင်ငံထဲတွင်မှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာ(၃)နိုင်ငံတွင် အဓိကဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျန်နိုင်ငံများကတော့ ပါကစ္စတန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများ ဖြစ်ပါသည်။
ငါးသလောက်သည် ရေငန်မှာနေသော ငါးမျိုးစိတ်ဖြစ်ပြီး သားပေါက်ရန်အတွက် ရေချိုကိုပြန်လာကြသည့် (Anadromous Fish) မျိုးစိတ်များ ဖြစ်ကြပါသည်။ သက်တမ်း တစ်နှစ်နှင့် နှစ်နှစ်မှာ အရွယ်ရောက်ကြပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်လေ့ရှိပါသည်။ သားပေါက်များသည် ၅ လ၊ ၆ လသားအရွယ်တွင် ရေချိုရေငန်စပ်နှင့် ပင်လယ်ပြင်ကို ပြန်လေ့ရှိကြပါသည်။
ငါးသလောက်ထုတ်လုပ်မှု
ငါးသလောက်ကို ကမ္ဘာပေါ်တွင် အများဆုံးရမိသောနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်ဖြစ်သည်။ ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်း(ယခု ၈၆ ရာခိုင်နှုန်းဟုသိရ) အထိ ဖမ်းဆီးထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ငါးသလောက်ငါးကို နိုင်ငံ၏ အမျိုးသားငါးအဖြစ်ပင်သတ်မှတ်ထားကြောင်းလည်း သိရပါသည်။
အိန္ဒိယတွင်တော့ ၂၅ ရာခိုင်နှုန်း(ယခု ၁၀ ရာခိုင်နှုန်း) ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင်တော့ ၃ ရာခိုင်နှုန်းနှင့် ကျန်သည့်နိုင်ငံ ၈ နိုင်ငံတွင် အနည်းငယ်ဖမ်းဆီးရမိကြပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်၏ ငါးသလောက်ထုတ်လုပ်မှုသည် ၆၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းသို့ တိုးတက်လာပြီး အိန္ဒိယက ၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာ့ငါးသလောက်စျေးနှုန်း
ငါးသလောက်သည် စျေးကွက်ဝင်ငါးတစ်မျိုးဖြစ်သလို စျေးကွက်အတွင်း စျေးကောင်းသော ငါးတစ်မျိုးလည်း ဖြစ်ပါသည်။ ရောင်းတန်းဝင် ၇၀ ကျပ်သား၊ ၈၀ ကျပ်သားအကောင်ဆိုလျှင် ၂၅၀၀၀-၃၀၀၀၀ ကျပ်ဝန်းကျင်ထိ စျေးနှုန်းရှိကြသည်။
ငါးသလောက်ဥကတော့ အလွန်ဈေးကြီးလှပြီး တစ်ဆယ်သား ကျပ် တစ်သောင်းဝန်းကျင်နှင့်အထက် ဖြစ်နေသည်။ ထို့ကြောင့်လည်း ယခုအခါ ‘ဥ' ပါသောငါးသလောက်ဆိုလျှင် စျေး၌ ‘ဥ'ထုတ်ပြီး’ဥ' သပ်သပ်ရောင်းချကြသည်။
ထိုအကြောင်းရင်းက ငါးသလောက်ဖမ်းသော ရေလုပ်သားများအနေဖြင့် ဥငါးကို ရှောင်ကြမည် မဟုတ်တော့သည့်ဆီ ဦးတည်နေစေသည်။ ယင်းကဲ့သို့ ဥငါးများများဖမ်းလေလေ ငါးသလောက်ပေါက်ပွားနှုန်း နည်းလာလေလေဖြစ်လာနိုင်ပြီး ရှားပါးလာကာ နောက်ဆုံးမျိုးသုဉ်းသည်အထိ ဖြစ်သွားနိုင်ပါသည်။
ငါးသလောက်မျိုးစိတ်များ
မြန်မာနိုင်ငံတွင်တွေ့ရသော ငါးသလောက်မျိုးစိတ်မှာ Hilsa shad နှင့် Toli shad ဟူ၍ဖြစ်သည်။ Toli shad ကိုမူ မြန်မာတို့က ငါးသလောက်ယောက်ဖဟု ခေါ်ကြသည်။ ငါးသလောက်ငါးသည် ဥ ဥချိန်တွင် ပင်လယ်အတွင်းမှ ရေချိုမြစ်အတွင်းသို့ အုပ်စုလိုက်ဆန်တက်၍ ဥလေ့ရှိကြောင်းသိရသည်။
ငါးသလောက်အမတစ်ကောင်သည် ဥပေါင်း ၃ သိန်းမှ ၁ သန်းခန့်အထိ ဥနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ဥကပ် ငါးသလောက်တစ်ကောင်ကို ဖမ်းယူစားသောက်ပါက ငါးသလောက်အကောင်ပေါင်း ၃ သိန်းမှ ၁ သန်းခန့်ကို ဖမ်းယူစားသောက်နေသည်နှင့် တူနေ၍ နောင်တစ်ချိန် ငါးသလောက်မျိုး အတွက် စိုးရိမ်စရာ ဖြစ်နေခြင်းပင်။
ယခင်က ငါးသလောက်ဖမ်းရာတွင် အရွယ်ရောက်အကောင်များကိုသာ ဖမ်းယူကြရပြီး ဖမ်းယူရသော ပိုက်မှာ ၃ လက်မ - ၄ လက်မကျယ်သော ပိုက်များဖြစ်သည်။ သို့သော် ယခုအခါ အကျယ် ၁ လက်မ ရှိသော ပိုက်ကွက်စိပ်များဖြင့်ပါ ဖမ်းယူနေကြခြင်းကြောင့် အကောင်ကြီးများသာမက အကောင်သေး များပါ ဖမ်းမိကြခြင်းကလည်း ငါးသလောက်သယံဇာတ ပြုန်းတီးမှုကို တွန်းပို့နေသလို ဖြစ်လာနေပါသည်။
ထို့ကြောင့် ၂၀၁၁ ခုနှစ်ခန့်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပူးပေါင်းပြီး ငါးသလောက်ငါး သယံဇာတမပြုန်းတီးရအောင် ငါးသလောက်ငါး ဖမ်းဆီးခြင်းလုပ်ငန်းကို ထိရောက်စွာကိုင်တွယ်နိုင်ရန် ‘ငါးသလောက်ငါးဖမ်းလုပ်ငန်းနှင့် သယံဇာတတိုင်းတာခြင်းလုပ်ငန်းအဖွဲ့’ကို ဖွဲ့စည်းပြီး ကာကွယ်ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဥပဒေပြဋ္ဌာန်းချက်များ
မြန်မာနိုင်ငံမှာ ငါးသလောက်မျိုးမသုဥ်းစေရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းရှင်များအနေဖြင့် လွန်ခဲ့သော ၂၀၁၁ ခုနှစ်လောက်က ဥပဒေများပြဋ္ဌာန်းခဲ့သလို ငါးသလောက်ငါး မဖမ်းရရာသီကိုလည်း သတ်မှတ်ထားသည်ဟု သိရပါသည်။
ငါးသလောက်ငါးများ ဥချသားပေါက်ရန် ရေချိုသို့တက်ရောက်လာသည့် နှစ်စဥ် စက်တင်ဘာ လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ငါးသလောက် ဖမ်းဆီးခြင်းမပြုရန် ပိတ်ပင်တားမြစ် ထားခြင်း ဖြစ်သည်။
ထို့ပြင် ငါးသလောက်ဖမ်းရာသီတွင် တရားဝင်မှတ်ပုံတင်ထားသူများသာ ဖမ်းခွင့်ပြုထားသည်။ ဤကား ငါးသလောက်ဖမ်းဆီးမှုကို ကန့်သတ်လိုက်ခြင်းပင်ဖြစ်သော်လည်း ဥကပ်ငါးသလောက်ဖမ်းဆီးမှုကို တော့ တားမြစ်ထားခြင်း မရှိသေးပါ။
ဘဂ်လားဒေ့ရှ်နိုင်ငံတွင်မူ ဥကပ်ငါးသလောက်ဖမ်းယူခြင်းကို ဥပဒေဖြင့်ကာကွယ်ပေးလျက် ထိန်းသိမ်း ထားကြောင်း သိရပါသည်။
ဥကပ်ငါးနှင့် ငါးသားပေါက်ဖမ်းယူမှုကို ဥပဒေဖြင့် တားမြစ်ပေးခြင်းသည် ငါးသလောက်မျိုးသုဥ်းမည့် အန္တရာယ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံဥပဒေများအနက် အရေးကြီးသော အချက်တချို့ကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ-
၁။ သုံးထပ်ပိုက်များဖြင့် ငါးသလောက်ဖမ်းဆီးခြင်း ခွင့်မပြုခြင်း။
၂။ ပိုက်ကွက် ၄ လက်မအောက်ကျဥ်းသောပိုက်ကွက်များဖြင့် ငါးသလောက်ပိုက်မျှောခြင်း ခွင့်မပြု ခြင်း။
၃။ ငါးသလောက်ငါး၏ အဓိကသားပေါက်ရာသီဖြစ်သော စက်တင်ဘာလမှ အောက်တိုဘာလအထိ ငါးမဖမ်းရရာသီ အဖြစ်သတ်မှတ်ခြင်း။
၄။ သင့်လျော်သောနေရာဒေသများကို ငါးသလောက်ဘေးမဲ့နေရာများ သတ်မှတ်ပေးစေခြင်း စသည်တို့ဖြစ်သည်။
ကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာနိုင်
ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်(gross domestic product-GDP) စုစုပေါင်း၏ ၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ငါးသလောက်ဖမ်းဆီးမှုမှရရှိပြီး ရေလုပ်သားငါးသိန်းခန့် အလုပ်အကိုင်ရရှိကာ လူဦးရေ ၂ ဒသမ ၅ သန်းလောက် ဆက်စပ်ပြီး အလုပ်အကိုင်ရရှိကြကြောင်း သိရှိရပါသည်။
ငါးသလောက်ဥချခြင်း၏ အမြင့်ဆုံးအချိန် အောက်တိုဘာ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိကိုလည်း ‘တစ်နိုင်ငံလုံးငါးသလောက်မဖမ်းရ’ အဖြစ် ပိတ်ပင်ထိန်းသိမ်းထားခြင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှုကို ကမ္ဘာ့ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းသို့ တိုးတက်လာစေ ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ငါးသလောက်တင်ပို့မှုမှာ နှစ်စဥ်တန်ချိန် ၁၃ဝဝဝ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တင်ပို့မှု ကတော့ တန်ချိန် ၄၅၀၀၀၀ ခန့်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ထုတ်လုပ်မှုထက် တန်ချိန် ၁၀၀၀၀၀ ကျော် တိုးတက်ထုတ်လုပ်နိုင်မှုမှာ နှစ်စဥ်ငါးသလောက်သား ပေါက်ရာသီတွင် ငါးဖမ်းဆီးခွင့်ပိတ်ပင်ခြင်းက အဓိကကျနေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ငါးသလောက်သားပေါက်ချိန်ရာသီအလိုက် ငါးဖမ်းခွင့်ပိတ်ပင်ခြင်းနှင့် ငါးမဖမ်းရဧရိယာများ သတ်မှတ်နိုင်ခဲ့ခြင်းသည် သယံဇာတထိန်းသိမ်းရေးအတွက် လွန်စွာကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်
သဘာဝကပေးထားသည့် အခြေအနေကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် လွန်စွာ ကောင်းမွန်သည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု (Fishery Management) ဆောင်ရွက်နိုင်ခြင်းက အခြေခံရေလုပ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ရေထွက်ပို့ကုန်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်ခြင်း၊ မြန်မာပြည်သူများ နှစ်သက်ကြသည့် အဖိုးမဖြတ်နိုင်သည့် ငါးသလောက်သယံဇာတ ရေရှည်တည်တံ့ကာ စဉ်ဆက်မပြတ်စားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငါးသယံဇာတပြုန်းတီးလာခြင်းသည် အစဥ်တစိုက် ငါးဖမ်းယူမှုများလာခြင်း၊ အထူး သဖြင့် ဥကပ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းယူနေခြင်းကြောင့်ဖြစ်သည်။ ငါးသလောက်ကိုလည်း ထိုနည်းအတိုင်းဖမ်းယူနေကြခြင်းကြောင့် ရေရှည်တွင် ငါးသလောက်မျိုးသုဥ်းလာနိုင်မှုကို ဦးတည်စေခြင်းဖြစ်သည်။
ထို့ကြောင့် ငါးသလောက်မျိုးစိတ်များ ရေရှည်တည်တံ့စေရန်အတွက် ငါးဖမ်းသမားများအနေဖြင့် ချမှတ်ထားသောဥပဒေများကို လိုက်နာခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။