အိန္ဒိယဟာ တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်နေပြီလား...

26/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလူဦးရေကျဆင်းလာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းအရဆိုရင် ယခု၂၀၂၃ နှစ်ကုန်ပိုင်းမှာ တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်လို့ ခန့်မှန်းခြင်းခံထားရတဲ့ အိန္ဒိယက အခုတောင် တရုတ်ကို လူဦးရေကျော်တက်နေနှင့်ပြီး ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးသူ ၁၀ ဒသမ ၄၁ သန်းနဲ့ မွေးဖွားသူ ၉ ဒသမ ၅၆ သန်း ရှိခဲ့ရာ လူဦးရေ ရှစ်သိန်းခွဲ ကျဆင်းခဲ့ပြီး စုစုပေါင်း ၁ ဒသမ ၄၁၁၇၅ ဘီလျံကို ‌ရောက်ရှိခဲ့ကြောင်း တရုတ်စာရင်းအင်းဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေကျဆင်းမှု နောက်ဆုံး ဖြစ်ပေါ်ခဲ့တာက တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း မော်စီတုန်းလက်ထက် Great Leap Forward လို့ခေါ်တဲ့ ခုန်ပျံကျော်လွှားစီးပွားရေးစီမံချက်ဖော်ဆောင်စဉ် မအောင်မမြင်ဖြစ်ကာ လူသန်းပေါင်းများစွာ အငတ်ဘေးကြုံ သေဆုံးခဲ့စဉ်က ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အိန္ဒိယနိုင်ငံလူဦးရေဟာ မကြာခင် ၁ ဒသမ ၄၁၂ ဘီလျံ ရောက်ရှိတော့မယ်လို့ ကုလ သမဂ္ဂပညာရှင်တွေက အရင်နှစ်က ခန့်မှန်းခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ဒါပေမဲ့ ဆယ်နှစ်တစ်ကြိမ် လုပ်ဆောင်လေ့ရှိတဲ့ အိန္ဒိယရဲ့ လူဦးရေစာရင်းကောက်ခံမှုနည်းလမ်းတွေနဲ့ ပတ်သက်လို့ စိတ်မချတာတွေတော့ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်က သန်းခေါင်စာရင်းကောက်ခံရေးအစီအစဉ်ဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

တရုတ် ကလေးမွေးဖွားနှုန်းထိန်းချုပ်ရေးမူဝါဒတွေကို အမြဲတစေ ထောက်ပြဝေဖန်ခဲ့သူ Wisconsin-Madison တက္ကသိုလ်က အကြီးတန်းသိပ္ပံပညာရှင် Yi Fuxian ကတော့ တရုတ်လူဦးရေကျဆင်းမှုဟာ မျှော်လင့်ထားတာထက်ပိုပြီးတော့တောင် ဆိုးနေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"တရုတ်နိုင်ငံလူဦးရေကျဆင်းမှုဟာ တရုတ်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂခန့်မှန်းချက်တွေထက် ၉ နှစ် - ၁၀ နှစ်စောပြီး စတင်ဖြစ်ပေါ်ခဲ့ပါလိမ့်မယ်။ ဆိုလိုတာက တရုတ်ရဲ့ တကယ့်လက်တွေ့ လူဦးရေပြဿနာဟာ တွေးဆနိုင်တာရဲ့ ဟိုဘက်တောင် ကျော်လွန်မယ့်ပုံပါပဲ။ နောက်ပြီး ပြီးခဲ့တဲ့ကာလတွေမှာ တရုတ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေအားလုံးဟာ လူဦးရေအချက်အလက်အမှားတွေအပေါ်  အခြေခံလာခဲ့တဲ့သဘောပါ" လို့ Yi Fuxian က Time မဂ္ဂဇင်းဆီ ပေးပို့တဲ့ စာထဲမှာ ရေးထားပါတယ်။

တရုတ် လူဦးရေကျဆင်းလာတာဟာ လူနေမှုစရိတ် ကြီးမြင့်မှုကြောင့် လူဦးရေတိုးပွားနှုန်းလျော့လာခြင်း၊ ကလေးမွေးဖွားမှုလျှော့ချရေးစီမံချက်အပြင် ဆယ်စုနှစ်များစွာကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒ (one child policy) တို့ကြောင့်ဖြစ်တယ်လို့ Fuxian က ထောက်ပြပါတယ်။

တရုတ်ဟာ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ် ရုပ်သိမ်းခဲ့ပြီး မိသားစုဦးရေအပေါ် ကန့်သတ်ချက်တွေအားလုံးကိုလည်း ၂၀၂၁ ခုနှစ်မှာ ဖယ်ရှားပေးကာ လူဦးရေပြန်လည်တိုးပွားလာစေအောင် အားပေးခဲ့ပါတယ်။ တရုတ်အစိုးရဟာ သားဖွားနှုန်းမြင့်တက်ရေး စီမံချက်တွေအဖြစ် အခွန်လျှော့ချပေးတာ၊ မီးဖွားခွင့်တိုးပေးတာ၊ အိမ်ရာအထောက်အပံ့ပေးအပ်တာတွေ စတဲ့ ကလေးယူရေးမက်လုံးတွေ ပေးအပ်ခဲ့ပြီး သမ္မတ ရှီကျင်ဖျင်ကလည်း အကျိုးခံစားခွင့် မူဝါဒသစ်တွေ ထပ်မံချမှတ်ဦးမယ်လို့ အောက်တိုဘာလတုန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီစီမံချက်တွေဟာ လက်တွေ့မှာ သိပ်မလုပ်မဖြစ်လှပါဘူး။ တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ၂၀၂၁ ခုနှစ်တုန်းက လူတစ်ထောင်ကို ၇ ဒသမ ၅၂ ယောက်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၆ ဒသမ ၁၁ ယောက်နှုန်းထိ ကျဆင်းလာပြီး တရုတ်ဟာ ကမ္ဘာမှာ ကလေးမွေးဖွားနှုန်းအနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

လန်ဒန်မြို့ရှိ အရှေ့တိုင်းနဲ့ အာဖရိကဒေသလေ့လာရေးကျောင်းရဲ့ ဒါရိုက်တာ ပါမောက္ခ Steve Tsang ကတော့ "လူဦးရေတိုးပွားဖို့ တရုတ်အစိုးရ ချမှတ်ထားတဲ့ စီမံချက်တွေဟာ နိုင်ငံသားတွေ အရိုးစွဲနေတဲ့အမူအကျင့်ကို ပြောင်းလဲစေလောက်အထိ လုံလောက်ခြင်းမရှိပါဘူး။ တရုတ်ရဲ့ လူဦးရေအခင်းအကျင်းပြောင်းလဲမှုဟာ လူ့အဖွဲ့အစည်းလိုက် ဖြစ်နေပုံရပြီး ဒါကို ပြောင်းလဲဖို့ အစိုးရက မက်လုံးအချို့ပေးတာထက် ပိုမိုလုပ်ဆောင်သင့်တယ်” လို့ Time မဂ္ဂဇင်းကို ပြောဆိုပါတယ်။

တရုတ်လိုပဲ အိန္ဒိယဟာလည်း နိုင်ငံလူဦးရေ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာတွေ ရှိခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တရုတ်နဲ့ အိန္ဒိယ မတူတာက အိန္ဒိယလူဦးရေဟာ ဆက်လက်တိုးပွားလာဖွယ်ရှိနေပြီး ၂၀၃၈ ရောက်တဲ့အခါ နိုင်ငံလူဦးရေ ၁ ဒသမ ၅၂ ဘီလျံ ရောက်လာနိုင်တယ်လို့ အိန္ဒိယလူဦးရေစာရင်းကော်မရှင်ရဲ့ ၂၀၂၀ ဇူလိုင်လ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

(တရုတ်နဲ့ အိန္ဒိယဆိုတာ မြန်မာနိုင်ငံရဲ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အဓိကတင်ပို့ရာ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး ဒီအပေါ်တွေမှာ အဲ့ဒီနိုင်ငံတွေရဲ့ လူဦးရေးအတိုးအလျော့ဟာလည်း သက်ရောက်ကောင်း သက်ရောက်လာနိုင်တဲ့အတွက် ဒီဆောင်းပါးကို GreenWay ကနေ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်)

ဝေယံဟိန်း (B.Ag)

Ref: China’s Population Has Shrunk. India Might Now Be the World’s Most Populous Country - TIME

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်