ဇီဝမျိုးစုံမှီခိုရာ အင်းလေးကန်ကို ထိန်းသိမ်းပါ

23/11/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝရေချိုအိုင်အဖြစ်ကျော်ကြားသော အင်းလေးသည် သာယာလှပသော ပထဝီဝင်အနေအထားနှင့်အတူ ရေအရင်းအမြစ်များစွာကို စုစည်းထားသည့် ရေချိုအိုင်ကြီးဖြစ်သည်။ 

အင်းလေးကန်သည် တောင်မြောက်အလျား ၉ မိုင်နှင့် အရှေ့အနောက်အကျယ်ဆုံးနေရာတွင် ၃မိုင်ခွဲ ကျယ်ဝန်းသည်။ အင်းလေးကန်၏ ရေပြင်ဧရိယာမှာ ၂၅ ဒသမ ၈ စတုရန်းမိုင်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ 

နွေရာသီနှင့် မိုးရာသီ ရေပြင်အကျယ်အဝန်းများကတော့ မတူညီပါ။ ရေပြင်အနက်များအနေဖြင့် ခြောက်သွေ့ရာသီတွင် ပျှမ်းမျှ ၇ ပေ နှင့် မုတ်သုံရာသီတွင် ၁၂ ပေ ရှိသည်။ မိုးရာသီ၌လည်း အင်းလေးကန်၏ အမြင့်ဆုံးရေအနက်သည် ပေ ၂၀ အထိသာရှိပြီး  ရေတိမ်အင်းဖြစ်သဖြင့် အင်းတိမ်ဟု ခေါ်ဆိုခဲ့ကြသော်လည်း အင်းလေးဟုသာ ထင်ရှားခဲ့ခြင်းဖြစ်သည်။

အင်းလေးကန်၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ မြစ်ချောင်းများသည် အင်းလေးကန်အတွင်းသို့ စီးဝင်လျက် ရှိသည်။ အင်းလေးကန်ကတော့ ဘီလူးချောင်းအတွင်း စီးဝင်သွားကာ လွိုင်ကော်မြို့နယ်တွင် နမ့်ပေါင်မြစ်နှင့် ပေါင်းဆုံပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သွားပါသည်။

လူသားနှင့် ဇီဝအဝန်းနယ်မြေ

အင်းလေးကန်နယ်မြေတွင် ငှက်မျိုးစိတ် ၂၇၀၊ ငါးမျိုးစိတ် ၄၃ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၃၄ မျိုး၊ လိပ် ၃ မျိုး၊ လိပ်ပြာ ၃၄ မျိုး နေထိုင်ကျက်စားလျက်ရှိကြသည်။

ထို့ပြင် ကမ္ဘာပေါ်၌ အခြားနေရာများတွင် မရှိသည့် ခရုမျိုးစိတ် ၂၀ မျိုးနှင့် ငါးမျိုးစိတ်  ၉ ခုလည်း ရှိနေသည်။ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ အညိုရောင်ဦးခေါင်းမည်းစင်ရော်ကောင်ရေ ၂၀၀၀၀ ကျော်ကိုလည်း အင်းလေးကန်အတွင်း မြင်တွေ့နိုင်သည်။ ဆောင်းရာသီတွင် ဆောင်းခိုငှက်များသည် အင်းလေးကန်ဝန်းကျင်သို့ ရောက်ရှိလာလေ့ရှိကြသည်။

ယခုလိုမျိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောလိုဖြစ်နေသည့် အင်းလေးကန်ကို ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်းက နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ (သို့) ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် သတ်မှတ်ခဲ့သည်။

ထို့ပြင် ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးမြင့်မားလှသည့် အင်းလေးကန်ကို၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း အသိမှတ်ပြုခြင်းများလည်း ခံခဲ့ရသည်။

အရေးကြီးမျိုးစိတ်များရဲ့ မှီခိုရာ

အင်းလေးကန်၏ ထူးခြားလှသည့် ဘူမိသွင်ပြင်များသည် အရေးကြီးမျိုးစိတ်တွေမှီခိုနေထိုင်ဖို့ နေရာတစ်ခုဖြစ်နေသည်။

အရှေ့အာရှနှင့် ဩစတြေးလျလမ်းကြောင်းတစ်လျှောက် ပျံသန်းနေသော ဆောင်းခိုငှက်များအတွက် အရေးကြီးသည့် နေရာတစ်ခုဖြစ်သောကြောင့် (၂၀၀၄) ခုနှစ်တွင် ဆောင်းခိုငှက်များထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရသည်။

ဌာနေငှက်နှင့် ဆောင်းခိုငှက် အကောင်ရေ (၂၀,၀၀၀) ကျော်ကို ထောက်ပံ့ပေးနေသည့် အရေးကြီးသောနေရင်းဒေသတစ်ခုဖြစ်သလို ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် စာဝါကျားငှက် - Yellow-breasted Bunting (𝐸𝑚𝑏𝑒𝑟𝑖𝑧𝑎 𝑎𝑢𝑟𝑒𝑜𝑙𝑎) ကိုလည်း အင်းလေးကန်တွင် ကောင်ရေ (၁၀၀)ကျော်အထိတွေ့ရှိနိုင်သည်။

အင်းလေးကန်မှာ ရေပျော်ငှက်မျိုးစိတ် (၉၅) မျိုးခန့်ထိ တွေ့ရှိနိုင်ပြီး ဒေါင်းလန်းခြေထောက် - Black-winged Stilt (𝐻𝑖𝑚𝑎n𝑡𝑜𝑝𝑢𝑠 ℎ𝑖𝑚𝑎n𝑡𝑜𝑝𝑢𝑠) (ကမ္ဘာလုံးကောင်ရေ၏ ၁.၆၄ ရာခိုင်နှုန်း)၊ တင်ကျီးကြီး - Little Cormorant (𝑃ℎ𝑎𝑙𝑎𝑐𝑟𝑜𝑐𝑜𝑟𝑎𝑥 𝑛𝑖𝑔𝑒𝑟) (ကမ္ဘာလုံးကောင်ရေ၏ ၁.၂၉ ရာခိုင်နှုန်း)၊ ခရုစုပ် - Glossy Ibis (𝑃𝑙𝑒𝑔𝑎𝑑𝑖𝑠 𝑓𝑎𝑙𝑐𝑖𝑛𝑒𝑙𝑙𝑢𝑠) (ကမ္ဘာလုံးကောင်ရေ၏ ၄.၇၂ ရာခိုင်နှုန်း) စသည့် ငှက်မျိုးစိတ်များ နေထိုင်ကျက်စားရာနေရာလည်း ဖြစ်နေသည်။

အင်းလေးကန်ဒေသတွင်ရှိသည့် သစ်ဆွေးမြေများသည်လည်း ရေပျော်ငှက်များအတွက် သား ပေါက်ဖွားရာ နေရာတစ်ခု ဖြစ်နေသည်။

အင်းလေးဒေသတွင် အရေးပါသည့် ငါးမျိုးစိတ်များလည်း ရှိနေသည်။ ဒေသတွင် နာမည်ကြီးသည့် ငါးဖိန်း - Inlay carp (𝐶𝑦𝑝𝑟𝑖𝑛𝑢𝑠 𝑖𝑛𝑡ℎ𝑎) ဟု ခေါ်သော ဒေသမျိုးရင်း ငါးမျိုးစိတ်ကို ဒေသခံပြည်သူများက အဓိက စားသုံးကြပြီး စီးပွားရေးအရလည်း ဈေးကွက်ဝင်သော ငါးမျိုးစိတ်တစ်မျိုးလည်း ဖြစ်သည်။ အခြားဒေသရင်းငါးမျိုးစိတ်များဖြစ်ကြသော စော်ဘွားငါး - Sawbwa resplendens, သူငယ်ကြယ်ပျောက် - Microrasbora erythromicron, နှင့်   Microrasbora rubescens မျိုးစိတ်များသည်လည်း အင်းလေးကန်တွင် ကျက်စားနေထိုင်ကြပြီး ယင်းငါးမျိုးစိတ်များသည်လည်း စီးပွားရေးဈေးကွက်တွင် အလွန်ကို အရေးပါလှပါသည်။  

အရှေ့တောင်အာရှရှိ ရေချိုငါးမျိုးစိတ်များနှင့် ဒေသရင်းငါးမျိုးစိတ်များ ပေါ များလှသည့် အရေး ကြီးနေရာတစ်ခုလည်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဒေသရင်းငါးမျိုးစိတ် (၂၅) ရာခိုင်နှုန်းကျော်ကို အင်းလေးကန်တွင် မြင်တွေ့နိုင်သည်။ 

 

လက်ရှိတွင်တော့ တီလားပီးယား (𝑇𝑖𝑙𝑎𝑝𝑖𝑎), ငါးတန် (𝐴𝑓𝑟𝑖𝑐𝑎𝑛 𝑐𝑎𝑡𝑓𝑖𝑠ℎ)၊  ရွှေဝါငါးကြင်း (𝐶𝑜𝑚𝑚𝑜𝑛 𝑐𝑎𝑟𝑝) စသည့် ကျူးကျော်ဝင်ရောက်နေသော ငါးမျိုးစိတ် (၁၇) မျိုးကိုတွေ့ရှိရပြီး ၎င်းမျိုးစိတ်များကတော့ ကန်၏ဂေဟစနစ်ကို ပြောင်းလဲလာစေခြင်းနှင့် ဒေသရင်းငါးမျိုးစိတ်များ၏ ဘဝသံသရာကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်နေစေသည်။။ 

ဒေသခံများအတွက်လည်း အားကိုးရာနေရာတစ်ခု

အင်းလေးကန်အနီးဝန်းကျင်ရှိ ဒေသခံအများစုမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ကျွန်းမျောစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြင့် အင်းလေးကန်၏ ရေအရင်း အမြစ်တွေပေါ်မှာ မှီခိုနေကြသည်။

ကန်အတွင်း နေထိုင်ကြသည့် လူဦးရေ ၂၀၀,၀၀၀ ခန့်မှာလည်း  သောက်သုံးရေရရှိရေး၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် အင်းလေးကန်ကိုပင် မှီခိုနေကြရသည်။ ဒေသခံများအတွက် အထူးသဖြင့် ကျွန်းမျောများစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ လိုအပ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနေသည့်အပြင် ခရီးသွားလုပ်ငန်းများကနေလည်း အကျိုးပြုနေပြန်သည်။

အင်းလေးကန်သည် ငါးမျိုးစိတ်များအတွက်လည်း ငါးမျိုးပွားရေးဇုန်နှင့် ငါးသားပေါက်ဧရိယာများအဖြစ် ထောက်ပံ့ပေးလျက်ရှိသလို ဌာနေငှက်များနှင့် ဆောင်းခိုငှက်များအတွက်လည်း နေရင်းဒေသများနှင့် သားပေါက်ဧရိယာများအဖြစ် ထောက်ပံ့ပေးနေပြန်သည်။ 

အင်းလေးကန်သည် လောပိတရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ လိုအပ်သော အဓိက ရေအရင်းအမြစ်ကို သိုလှောင်ထားပေးရာနေရာလည်း ဖြစ်သလို  ရေကြီးခြင်းကို ထိန်းချုပ်ပေးပြီး ရေညစ်ညမ်းခြင်းကိုလည်း တားဆီးပေးနေသည်။ အင်းလေးကန်အတွင်းသို့ ချောင်း (၂၉) ချောင်းစီးဝင်လျက်ရှိပြီး နုံးအနည်အနှစ်များ ပို့ချလျက်ရှိသည်။ ယင်းနုန်းအနည်အနှစ်များကို အင်းလေး ကန်ရှိ ကျွန်းမျောရိုင်းများနှင့် ရေနေအပင်များက စစ်ပေးခြင်းဖြင့် ရေထုညစ်ညမ်းမှုကို တားဆီးပေးခြင်းဖြစ်သည်။

အင်းလေးကန်ထဲမှာရှိသော အဏုဇီဝသက်ရှိများကလည်း ရေအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး ငါးတွေရဲ့အစာကွင်းဆက်အတွက်လည်း အရေးကြီးနေသည်။ စီးပွားရေးဈေးကွက်ဝင်ငါးမျိုးစိတ်များဖြစ်ကြသော Sawbwa resplendens, Microrasbora rubescens, Inlecypris jayarami, Devario auropurpureus, Danio erythromicron စတဲ့ ငါးမျိုးစိတ်များအတွက် အရေးကြီးလှသော နေရင်းဒေသပဲ ဖြစ်ပါသည်။

ထိန်းသိမ်းကြဖို့ လိုအပ်နေတဲ့ သဘာဝနယ်မြေ

အင်းလေးကန်သည် ယခုအခါ ဒေသလူဦးရေတိုးပွားလာမှု၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတိုးတက်လာမှုများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

အင်းလေးကန် အနောက်ပိုင်းတွင် ကျွန်းမျောစိုက်ခင်းများ တိုးပွားလာခြင်းကြောင့် ၁၉၃၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အထိ ၆၅ နှစ်အတွင်း ကန်ရေမျက်နှာပြင်ဧရိယာသည်  ၆၉ ဒသမ ၁ စတုရန်းကီလိုမီတာမှ ၄၆ ဒသမ ၆ စတုရန်းကီလိုမီတာသို့ လျော့ကျခဲ့ကာ ကန်ဧရိယာ ၃၂ ရာခိုင်နှုန်း သေးငယ်သွားခဲ့ရသည်။

ထို့အတွက်ကြောင့် အင်းလေးကန်၏ ငါးသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းနိုင်ရေးအတွက် လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ပေးရန် မြန်မာနိုင်ငံက ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) သို့  ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် အဆိုပြုခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်တွင်တော့ မြန်မာနိုင်ငံ၏ ပထမဆုံးသော လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ပေးခြင်းခံခဲ့ရသည်။

ယင်းကဲ့သို့ ကမ္ဘာ့အသိအမှတ်ပြု အရေးကြီး ဇီဝအဝန်းအဝိုင်း ဒေသတစ်ခုကို မပျက်စီး၊ မဆုံးရှုံးစေဘဲ ရေရှည်တည်တံ့အောင်ဆိုပါကတော့ အားလုံး စနစ်တကျဖြင့် ဝိုင်းဝန်းကြိုးစားကြဖို့ လိုပါလိမ့်မည်။

ရေးသားသူ- ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်