#ဇာတ်လမ်းအစ
“သစ်ပင်တွေက ဘာကြောင့် စိမ်းလန်းနေရတာလဲ.."
ရိုးရှင်းလှသည့် ထိုမေးခွန်းလေးကို မစ်ချီဂမ်တက္ကသိုလ် (University Michigan) က သတ္တဗေဒ ပါမောက္ခ ဖရတ်စမစ်သ် (Fred Smith) က သူ၏ တပည့် စာသင်သားများအား မေးလိုက်ခြင်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန် နှစ်များတွင် မစ်ချီဂမ်တက္ကသိုလ်၏ သတ္တဗေဒဌာနကို အန်းအာဘာ (Ann Arbor) ရှိ အဆောက်အဦဟောင်းတွင် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။ စာသင်ဆောင်နံဘေးတွင် မြေကွက်လပ်လေးရှိနေရာ ယင်းမြေကွက်လပ်တွင် သစ်ပင်ကြီးတစ်ပင်ရှိနေသည်။ သတ္တဗေဒစာသင်ခန်း ပြတင်းပေါက်များမှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် ရွက်သစ်ဝေပြီး အဖူးကလေးများထွက်နေသော ထိုသစ်ပင်ကြီးမှာ စိမ်းစိမ်းမြမြ လှပနေသည်ကို အတိုင်းသား တွေ့မြင် နိုင်သည်။
“ကလိုရိုဖီးလ်ကြောင့်ပါ ဆရာ”
ကျောင်းသူတစ်ယောက်က ပါမောက္ခဖရတ်၏မေးခွန်းကို အလျင်အမြန်ပင် ဖြေဆိုလိုက်သည်။
ကလိုရိုဖီးလ် (Chlorophyll) သည် အပင်များတွင် ရှိနေသည့် အစိမ်းရောင်ခြယ်ဓာတ်တစ်မျိုးဖြစ်သည်။ လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) ကို အပင်ကစုပ်ယူကာ အလင်း ရောင်ဖြင့် အစာချက်လုပ်ပြီး အပင်ရှင်သန်ကြီးထွားရေးအတွက် လိုအပ်သည့်စွမ်းအင်(Energy) ကို ထုတ်လုပ်သည်။ ဘေးထွက်ပစ္စည်းအဖြစ် အောက်ဆီဂျင် (Oxy-gen) ထွက်လာရာ ယင်းကို လေထုထဲသို့ ပြန်၍ ထုတ်လွှတ်ပေးသည်။ ထိုဖြစ်စဉ်ကို အလင်းမှီအစာစုဖွဲ့ခြင်း (photosynthesis) ဟု ခေါ်သည်။ ယင်းလုပ်ငန်းကို တာဝန်ယူလုပ်ဆောင်ပေး သည်မှာ ကလိုရိုဖီးလ် ဖြစ်သည်။ ထို့ကြောင့်ပင် ကလိုရိုဖီးလ်ပါဝင်သောအရွက်များက စိမ်းစိုနေကြခြင်း ဖြစ်သည်။
မစ်ချီဂမ်တက္ကသိုလ်ကဲ့သို့သော နာမည်ကြီးတက္ကသိုလ်ကြီးတစ်ခုတွင် သိပ္ပံပညာရပ်ကို သင်ယူလေ့လာနေသည့် ကျောင်းသား ကျောင်းသူများအတွက် သည်အဖြေရရန် မခက်ခဲလှပါ။ သည်မေးခွန်းမေးလျှင် သည်အဖြေကို အတန်းသား မည်သူမဆို ဖြေဆိုနိုင်ကြောင်းကိုလည်း ပါမောက္ခကြီးက မသိဘဲနေမည် မဟုတ်ပါ။
သို့ဆိုလျှင် ပါမောက္ခကြီးသည် ဖြေဆိုရန် ထိုမျှလွယ်ကူလှသော မေးခွန်းကို အဘယ်ကြောင့် အတန်းသားများအား မေးမြန်းရပါသနည်း။ အခြားအဓိပ္ပာယ် ရှိနေပါသလား။ သစ်ပင်များသည် အဘယ်ကြောင့် စိမ်းစိုနေကြပါသနည်း။
“သစ်ပင်တွေဟာ ကလိုရိုဖီးလ်ကြောင့် စိမ်းစိုနေတယ်ဆိုတာ နည်းပညာရှုထောင့်က ကြည့်ရင် မှန်ပါတယ်။ ဒါပေမဲ့ ဆရာသိချင်တာက အဲဒီသစ်ရွက်တွေကို ဘယ်သူတွေက သစ်ပင်တွေထက်မှာ စိမ်းစိုပြီး နေထိုင်ခွင့်ပြုထားတာလဲ”
ပါမောက္ခဖရတ်သည် သူ၏မေးခွန်းကို ပိုမိုရှင်းလင်းအောင် မေးမြန်းလိုက်သည်။
သူသည် အပင်တစ်ပင်၊ အရွက်တစ်ရွက်ထက် ပိုမိုကျယ်ပြန့်သည့် စိတ်ဝင်စားစရာ နယ်ပယ်တစ်ခု အကြောင်းကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။
ယင်းကား အခြားမဟုတ်။ အစာကွင်းဆက် (food chain) အကြောင်းဖြစ်သည်။
သူ၏ မေးခွန်းကြောင့် အတန်းသားများအားလုံး ရုတ်တရက် ဆွံ့အသွားကြသည်။ သူတို့ တစ်ခါမျှ မစဉ်းစားဖူးသော မေးခွန်းကို ဆရာဖြစ်သူက မေးနေသည်။ အဖြေရရန်လည်း အလွန်အရေးကြီးကြောင်း သူတို့နှလုံးသားက နားလည်နေသည်။
အချို့သော ကျောင်းသားများသည် ကျောင်းခန်းပြင်ပရှိ စိမ်းစိုလန်းဆန်းနေသော သစ်ပင်ကြီးကို စာသင်ခန်းပြတင်းဝမှတဆင့် ငေးကြည့်ရင်း စဉ်းစားခန်းဝင်နေမိကြသည်။ ထိုအထဲတွင် ရောဘတ်ပိန်း (Robert Paine) ဟူသော ကျောင်းသားလေးတစ်ဦးလည်း အပါအဝင်ဖြစ်သည်။
အလွန်တရာမြင့်မားသောတောင်ထွတ်ဖျားများမှသည် သမုဒ္ဒရာကြမ်းပြင်ရှိ ချောက်နက်ကြီးများဆီအထိ လေ့လာကြည့်လျှင်လည်းကောင်း၊ သစ်ပင်ကြီးများ ထူထပ်စွာ ဖုံးလွှမ်းနေသော သစ်တောအုပ်ကြီးများဆီမှ မိုးကုပ်စက်ဝိုင်းအထိတိုင်အောင် ပြောင်သလင်းခါကာ သဲပင်လယ်ကြီးဖြစ်နေရှာသော ကန္တာရကြီးများအထိ လေ့လာကြည့်လျှင်သော်လည်းကောင်း၊ လမ်းမများထက်က ရေအိုင်ငယ်လေးများမှသည် သမုဒ္ဒရာကြီးလေးစင်းအထိ ကျယ်ပြန့်သောရေပြင်များကို လေ့လာကြည့်လျှင်သော်လည်းကောင်း၊ နေရာတိုင်းတွင် သက်ရှိမျိုးစိတ်များမှာ ကျယ်ပြန့်စွာ ရှင်သန်နေထိုင်နေကြပြီး ဂေဟစနစ်များကို ဖွဲ့စည်းတည်ဆောက်ထားကြသည်ကို တွေ့ရှိနိုင်သည်။
သိပ္ပံပညာရှင်များက ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ်ပေါင်း ၁.၇၅ သန်းကို ရှာဖွေဖော်ထုတ်ပြီး ဖြစ် သည်။ သို့သော် ထိုအရေအတွက်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် ရှင်သန်နေထိုင်လျက်ရှိသော သက်ရှိမျိုးစိတ်အရေအတွက်စုစုပေါင်းနဲ့ နှိုင်းယှဉ်ရင် အလွန်သေးငယ်လှသည့် အစိတ် အပိုင်းမျှသာ ဖြစ်သည်။ သိပ္ပံပညာရှင်များ ရှာမတွေ့သေးသည့် မျိုးစိတ်များမှာ အရေအတွက် သန်းနှင့်ချီကာ ကျန်ရှိနေပါသေးသည်။ ရှာဖွေတွေ့ရှိထားပြီးသား မျိုးစိတ်များထဲတွင် အင်းဆက်မျိုးစိတ်ပေါင်း ၉၅၀,၀၀၀၊ အပင်မျိုးစိတ် ၂၇၀,၀၀၀၊ ငါးမျိုးစိတ် ၁၉,၀၀၀၊ ငှက် မျိုးစိတ် ၉,၀၀၀ နဲ့၊ နို့တိုက်သတ္တဝါမျိုးစိတ် ၄,၀၀၀ ခန့်စီ ပါဝင်ကြသည်။
သို့ဆိုလျှင် ဂေဟစနစ်တစ်ခုအတွင်းရှိ မျိုးစိတ်အရေအတွက်ကို မည်သူတို့က ဆုံးဖြတ်ပါသနည်း။ မျိုးစိတ်တစ်ခုတွင် ယင်းမျိုးစိတ်ဝင် သက်ရှိအရေအတွက် မည်မျှရှင်သန်နေထိုင်ရမည်ကို မည်သည့်အချက်များက ဆုံးဖြတ်ပါသနည်း။
စာသင်ခန်းမှ လှမ်းမြင်နေရသည့် သစ်ပင်ကြီးပေါ်က သစ်ရွက်များကို စိမ်းလန်းစိုပြည်နေအောင် မည်သူတို့က ထိန်းကျောင်းပေးနေပါသနည်း။ သစ်ပင်တွေ ကွယ်ပျောက်မသွားရအောင် မည်သူတို့က ဆောင်ရွက်ပေးပါသနည်း။ ထိုမှ တွေးစရာ အကြောင်းအရာများ၊ မေးစရာ မေးခွန်းများ ဆက်ကာ ဆက်ကာ ထွက်ပေါ်လာသည်။
မစ်ချီဂမ်တက္ကသိုလ်၊ သတ္တဗေဒဌာနရှိ ပါမောက္ခ ဖရတ်စမစ်သ်၏ ရိုးရှင်းလှသော မေးခွန်းလေးဖြင့် စတင်ခဲ့သော စာသင်ချိန်လေးသည် နောင်အခါ Green World Hypothesis ဟု ခေါ်တွင်လာကြမည့် အယူအဆတစ်ရပ်အတွက် ဇာတ်လမ်းအစပင် ဖြစ်ပါသည်။
(အပိုင်း - ၃ ဆက်လက်ဖော်ပြပါမည်)
#ခိုင်ကြည်သစ်
#keystonespecies_khaingkyithit
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။