မြို့ပြကိုစွန့်ပြီး လယ်သမားဘဝ ခံယူလာနေကြတဲ့ ကိုးရီးယားလူငယ်များ

11/09/2022 12:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အစိုးရကလည်း သူတို့ကို အားပေးပြီး ကျေးလက်ဒေသကို ပြန်လည်အားသစ်လောင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကင်မ်ဂျီအန်တစ်ယောက် ဆိုးလ်မြို့တော်မှာ နေစဉ်တုန်းက အလုပ်ကောင်းကောင်း ရရှိရေးနဲ့ နေရာကောင်းကောင်းမှာ နေထိုင်နိုင်ရေးကိုသာ စိတ်ပူခဲ့ရပါတယ်။ အခုတော့ သူမ ပူပင်နေရတာက ခေါင်လွန်းတဲ့မိုးကြောင့် သူမရဲ့ အာလူးနဲ့ ပြောင်းဖူးတွေ ပျက်စီးကုန်မလား ဆိုတာကိုပါ။ 

အသက် ၂၃ နှစ်ရှိ ကင်မ်ဂျီအန်နဲ့ ညီမဖြစ်သူတို့ဟာ တောင်ပိုင်းချွန်ချောင်ပြည်နယ်၊ နန်းစန်မြို့မှာ မနှစ်ကစပြီး စိုက်ခြံတစ်ခြံ ထူထောင်ခဲ့ပါတယ်။ ပထမဆုံး စိုက်တဲ့တစ်သီး အောင်မြင်မှု ရရှိခဲ့ပြီး ပဲပုပ်နက်တွေက စတော်ဘယ်ရီထက်တောင် ပိုဖြစ်ထွန်းခဲ့လို့ အံ့သြခဲ့ရပါသေးတယ်။

ကင်မ်တို့ ညီအစ်မဟာ ကိုးရီးယားလို 'kwichon' ‌လို့ခေါ်တဲ့ ကျေးလက်ဘဝ ပြန်လည်အခြေချနေထိုင်မှု ဖြစ်စဉ်အတွင်း ပါဝင်နေတာပါ။ ဒီ 'kwichon' ဆိုတဲ့ ဝေါဟာရဟာ ထောင်စုနှစ်တစ်ခုလောက်အကြာက စီးပွားရေတွေ ကျပ်တည်းခဲ့ကြစဉ် ပေါ်ထွန်းလာခဲ့တာပါတဲ့။

အဲဒီကာလတုန်းက မြို့နေလူထုတွေဟာ စီးပွားရေးကျပ်တည်းလွန်းတာကြောင့် နယ်မြို့တွေကို မလွှဲမရှောင်သာ ပြန်လာကြပြီး လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ကြရပါတယ်။ ဒီနေ့ခေတ်မှာလည်း ကပ်ရောဂါကြီး ဖြစ်ပြီးနောက်ပိုင်း အရင်က တောမှာ တစ်ခါမှ မနေဖူးတဲ့ ကင်မ်တို့လို လယ်သမားသစ်တွေ အများကြီး ပေါ်လာပါတယ်။ 

အစိုးရကလည်း သူတို့ကို အားပေးပါတယ်။ ဒါဟာ တောကနေ မြို့တော် ဆိုးလ်ကိုသာ တက်လေ့ရှိတဲ့ တောင်ကိုးရီးယားအစဉ်အလာကို ရိုက်ပုတ်လှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်။ 'kwichon' ဖြစ်စဉ်ကို လူနေ တတိတိ‌လျော့နည်းလာနေတဲ့ ကျေးလက်ဒေသတွေ ပြန်လည်အသက်သွင်းရေး နည်းလမ်းတစ်ခုအဖြစ်လည်း ရှုမြင်ကြပါတယ်။ 

ယနေ့အချိန် ကျေးလက်တောနယ်တွေမှာ တောင်သူလူငယ်တွေကို မြေတောင်မြှောက် စိုက်ပျိုးလိုက်ခြင်းအားဖြင့် နောင်အနာဂတ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူး ရိတ်သိမ်းနိုင်မယ်လို့ အစိုးရက မျှော်လင့်နေပါတယ်။

ဒီအစီအစဉ်က အလုပ်ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ လူဦးရေ ၃၈၀၀၀၀ နီးနီး ကျေးလက်ကို ပြောင်းရွှေ့လာခဲ့တာဆိုတော့ ၂၀၁၅ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းပါပဲ။ အဲဒီထဲက တစ်ဝက်လောက်နီးပါး (စံချိန်တင်အရေအတွက်) ဟာ အသက် ၄၀ အောက် လူငယ်တွေဖြစ်ကြပါတယ်။ 

မျိုးဆက်သစ်တွေဟာ Hyundai လို၊ Samsung လို တောင်ကိုးရီးယားရဲ့ ဂုဏ်သတင်းကြီးမားလှတဲ့ လုပ်ငန်းကြီးတွေမှာ အလုပ်ရဖို့ကိစ္စကို အရင်မျိုးဆက်တွေလောက် ဂရုမစိုက်ကြတော့ပါဘူး။ တချို့ဆိုရင် သူတို့ဖခင်တွေလို "အလုပ်မှ အလုပ်" ဖြစ်နေတဲ့ ဘဝမျိုးကို မလိုလားကြဘူးလို့ တောင်ပိုင်းချွန်ချောင်ပြည်နယ်၊ ယိုနန်တက္ကသိုလ်က ပါမောက္ခ ချေဆန်ဂွန်က ပြောပါတယ်။

တချို့ကျတော့လည်း အနာဂတ်အပေါ် ဝေဝေဝါးဝါး ရှုမြင်ပြီး သူတို့ ဘယ်တော့မှ သူတို့ဖခင်တွေလို အောင်မြင်မှာ မဟုတ်ဘူးလို့ တွက်ထားကြတာပါတဲ့။

ဒစ်ဂျစ်တယ်နည်းပညာနဲ့ ယဉ်ပါးတာကလည်း လူငယ်တောင်သူတွေကို တစ်ပန်းသာစေတယ်လို့ Beginning Farmer’s Centre တောင်သူပညာပေးအဖွဲ့ရဲ့ ဒါရိုက်တာ ချိုကျန်ဂီက ပြောပါတယ်။

အစိုးရလက်အောက်ခံအဖွဲ့ ဖြစ်တဲ့ Beginning Farmer’s Centre ဟာ ဆိုးလ်မြို့ အထင်ကရနေရာ ဂန်းနန်းခရိုင်အတွင်း ရုံးတွေ စိုက်ထားပြီး ကျေးလက်ရွှေ့ပြောင်းလိုသူတွေကို တောင်သူပညာပေးနေတာပါ။ သူတို့အဖွဲ့က လတ်ဆတ်အသီးအနှံတွေကို Instagram နဲ့ တောင်ကိုးရီးယားရဲ့ အကြီးဆုံး search engine ဝက်ဘ်ဆိုက် Naver မှာ တင်ရောင်းနေပါတယ်။

ဒီအဖွဲ့က တောင်ကိုရီးယားလူငယ်တွေနဲ့ ရင်းနှီးမှုနည်းတဲ့ လယ်ထွန်စက် ဘယ်လိုသုံးသလဲ၊ အစိုက်သင့်ဆုံးသီးနှံ ဘယ်လိုရွေးချယ်သလဲ စတဲ့ နည်းစနစ်တွေကိုပါ သင်ပေးပါတယ်။ နောက်ပြီး ကျေးလက်မှာ အစမ်းနေကာလ စီစဉ်ပေးပြီး အဲဒီအတောအတွင်း တောင်သူလုပ်မယ့်လူငယ်တွေက သမ္ဘာရင့်တောင်သူကြီးတွေရဲ့ အသင်အပြကို ခံယူကာ လုပ်ကိုင်ကြရပါတယ်။ 

အားနဲ့ခွန်နဲ့ ပင်ပင်ပန်းပန်း လုပ်ရတဲ့အလုပ်ကို နေထွက်ကနေ နေဝင်ထိ ဘယ်လို လုပ်ကိုင်သလဲ လေ့လာစေပါတယ်။ ဒီလို အစမ်းကာလဟာ လုပ်ငန်းအပြောင်းအလဲ ချောမွေ့ဖို့ အခွင့်အလမ်း ပိုများစေတယ်လို့ မစ္စတာချိုက ပြောပါတယ်။

ဒီသင်ရိုးအစီအစဉ်မှာပါတဲ့ အဓိကအကျဆုံးသင်ခန်းစာကတော့ တောသူတောင်သားတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပေါင်းသင်းရမလဲဆိုတာပါ။

ကျေးလက်ဘဝမှာက သူ့ဟာကိုယ့်ဟာ ခွဲခြားလေ့ သိပ်မရှိတာကြောင့် ရောက်ခါစလူငယ်တွေအနေနဲ့ မြို့ပြရဲ့ နေထိုင်မှုပုံစံတွေကို စွန့်ပစ်ထားခဲ့ဖို့ လိုပါတယ်။ အိမ်ရှေ့ တံမြက်စည်း လှည်းရင်တောင် ကိုယ်အိမ်ရှေ့လေးတင် ကွက်မလှည်းပဲ အိမ်နီးချင်းရဲ့ တံခါးဝကိုပါ လှည်းကျင်းပေးရတာမျိုးရှိပါတယ်။ ရွာခံတွေကိုလည်း လူသစ်တွေအပေါ် အထူးသဖြင့် လူငယ်တွေအပေါ် ဘယ်လို ဆက်ဆံရမယ်ဆိုတာကို သီးခြားအစီအစဉ်တွေနဲ့ ပညာပေးပါတယ်။

ဒီအပိုင်းမှာတော့ အောင်မြင်မှု ပြည့်ပြည့်ဝဝ မရရှိ‌သေးပါဘူး။ ကင်မ် က သူမအိမ်နီးချင်းဟာ သုန်သုန်မှုန်မှုန် အမြဲနေတတ်တယ်လို့ ပြောပါတယ်။ 

"အဘိုးကြီးအဘွားကြီးတွေ အိမ်ရှေ့ ပေါက်ချလာတတ်ပြီး ဘာတွေမှန်းမသိတဲ့ အကြံဉာဏ်တွေ ပေးတတ်တယ်။ ကျွန်မ ဘယ်တော့မှ စိုက်တတ်ပျိုးတတ်မှာ မဟုတ်ဘူးလို့လည်း ပြောသေးတယ်" လို့ သူမက ပြောပါတယ်။ 

ဘာပဲဖြစ်ဖြစ် အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ ပဲပုပ်နက်သီးနှံတွေကတော့ အိမ်နီးချင်းတွေရဲ့ အထင်အမြင်မှားယွင်းကြောင်း ငြင်းဆန်ပြနေပါတယ်။ ကင်မ် နဲ့ တောင်ကိုးရီးယားအစိုးရတို့ကလည်း ပြောင်းဖူး၊ အာလူးသီးနှံတွေ ဖြစ်ထွန်းမှုကတစ်ဆင့် ဒီငြင်းခုံပွဲကို အပြီးအပိုင် ငြိမ်းအေးသွားစေဖို့ မျှော်လင့်နေကြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Young Koreans are moving to the countryside to farm - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်