ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီ..

03/10/2022 16:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်း (UACC) က ပိုအား ကောင်းလာပြီး ဒီနေ့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီလို့ အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံတကာမိုးလေဝသအခြေအနေများ စောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင် က ပြောပါတယ်။ 

ဒီလေဖိအားနည်းရပ်ဝန်းဖြစ်လာမှုကနေ အရှေ့ဘက်က တိမ်တိုက်တွေကို ပိုမိုဆွဲသွင်းလာနိုင်တာတွေကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီလို လေဖိအားနည်းရပ်ဝန်းဖြစ်လာမှုက ဘယ်အခြေအနေထိ ဖြစ်လာနိုင်လဲ၊ ဘယ်ဒေသတွေကို အဓိက သက်ရောက်နိုင်မလဲ၊ မိုးဆက်များနိုင်မယ့်ဒေသတွေနဲ့ ရေကြီးရေလျှံ သတိထားသင့်တာက ဘယ်ဒေသတွေဖြစ်မလဲ စတဲ့အခြေအနေတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဒီနေ့ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၃ နာရီကျော်က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့နောက်ဆုံးအခြေအနေ

"သူက လက်ရှိအချိန်မှာ မြောက်-အရှေ့မြောက်ယွန်းယွန်းကို ရွေ့လျားနေတယ်လို့ ECMWF Model ခန့်မှန်းချက်မှာ တွေ့ရတယ်။ ၆ ရက် ၇ ရက်နေ့တွေလောက်ဆိုရင် အိန္ဒိယကုန်းတွင်းကိုဝင်မယ်။ ပြီးတော့တစ်ခါ ပင်လယ်ထဲပြန်ဆင်းပြီးတော့မှ အိန္ဒိယအောက်ပိုင်းကိုဖြတ်ပြီး ဟိုး အာရေဗျ ပင်လယ်ဘက်ရောက်မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်း ထားချက်မျိုးတော့တွေ့တယ်"

ဒီလေဖိအားနည်းရပ်ဝန်းက ဘယ်ဒေသတွေကို အဓိက သက်ရောက်နိုင်လဲ

" ရခိုင်ပြည်နယ်တစ်ခုပဲ။ ဒါတောင် အကုန်လုံးမပါနိုင်ဘူး။ ဂွ၊ တောင်ကုတ်ကနေ ဟိုးရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်အထိကတော့ လေပြင်းတိုက်နိုင်တယ်။ လှိုင်းလည်းကြီးနိုင်တယ်။ သူကတော့ ၇ ပေလောက်ပဲ ရှိတယ်။ အများကြီးတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လေဖိအားနည်းရပ်ဝန်းက သိပ်ပြီးအားကောင်းလာမယ့် အနေအထားမတွေ့လို့။ အဲ့တော့ စစ်တွေ၊ ကျောက်ဖြူ တို့လို နေရာတွေမှာတော့ လေတိုက်နှုန်းများနိုင်တယ်။ အခုကို တစ်နာရီ ၂၅ မိုင်နှုန်းလောက် တိုက်နေပြီ။ ၅ ရက်နေ့အထိ လေပြင်းတိုက်တာ မိုးများတာတွေ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာဖြစ်နိုင်တယ်။ နောက် ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရခိုင်ဘက်ကတော့ ပိုများမှာပေါ့နော်"  

တခြား ဘယ်ဒေသတွေမှာကော မိုးများ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်သေးလဲ

" နောက် ၃ ရက်ကနေ ၅ ရက်အတွင်းက ကချင်ပြည်နယ်မှာပါ မိုးများနိုင်တဲ့ အနေအထား ပြန်ဖြစ်လာ တယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းကော အောက်ပိုင်းကော၊ နောက် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်းအကုန်ပါမယ်။ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ။ ရှမ်းပြည်နယ် ကတော့ အရှေ့ခြမ်းလေးနဲ့ တောင်ခြမ်းပဲ မိုးများမယ့်အနေအထား တွေ့ရ တယ်။ တာချီလိတ်လိုမျိုးဆိုရင် ကျွန်တော်တို့ဘက်တစ်ခြမ်းတည်းတင်မဟုတ်ဘူး။ ထိုင်းဘက်ကော၊ လာအိုဘက်မှာကော မိုးများနေတော့ ရေကြီး၊ ရေလျှံတာမျိုးတွေထိ ရှိနိုင်တယ်" 

ဘယ်အချက်တွေကြောင့် အဲ့ဒီဒေသတွေမှာ မိုးများတာတွေ ဆက်ဖြစ်နေနိုင်တာလဲ

“ ဒီတစ်ခေါက် လေဖိအားနည်းရပ်ဝန်းက အားပျော့တဲ့အနေအထားတော့ရှိတယ်။ မုန်တိုင်းဖြစ်လာမယ့် အခြေအနေတောင် မရှိလောက်ဘူးလို့ ကြိုတင်ခန့်မှန်းချက်မှာတွေ့တယ်။ ဆိုတော့ ကျွန်တော်တို့ ဘက်ကိုမလာဘဲ အနောက်ဘက်ကိုပဲရွေ့တယ်။ အရှေ့ဘက်လေစီးကြောင်းကလည်း သူ့ကို တွန်းထုတ် နေတယ်။ ဆိုတော့ ကျွန်တော်တို့ဘက်ကို ဝင်မယ့်မိုးအခြေအနေက အရှေ့ဘက်က ဝင်လာမယ့် လေပွေ လှိုင်းတွေနဲ့ တိမ်တိုက်တွေနဲ့ လေစီးကြောင်းအားနဲ့ အဲ့ဒီဟာတွေကြောင့်သာ ကျွန်တော်တို့ဆီမှာ မိုးတွေကများမှာ။ လေဖိအားနည်းရပ်ဝန်းရဲ့ တိုက်ရိုက်သက်ရောက်မှုကြောင့်တော့ များတာမဟုတ်ဘူး။ သူ့ရဲ့လည်နေတဲ့ လေစီးကြောင်းက အရှေ့ဘက်က လေစီးကြောင်းတွေနဲ့ တိမ်တိုက်တွေကို ပိုပြီးတော့ ဆွဲသွင်းတဲ့အတွက်ကြောင့်သာ။ အခုကို ကမ္ဘောဒီးယားတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့မှာ အဲ့ဒီတိမ်တိုက် တွေဝင်ပြီး မိုးတွေချနေပြီ" 

မိုးတွေက ဘယ်အချိန်ထိ ဆက်များနေနိုင်လဲ

" ဆိုတော့ ရက်ဝေးခန့်မှန်းချက်အရဆိုရင်တော့ ကျွန်တော်တို့ဘက်မှာ အောက်တိုဘာ ၁၂ ရက်နေ့ အထိလောက်ကို မိုးမပြတ်နိုင်ဘူး။ အဓိကကတော့ ဖိလစ်ပိုင်ပင်လယ်အရှေ့ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်။ ကျွန်တော် ခန့်မှန်းတာတော့ ၉ ရက်၊ ၁၀ ရက်ဝန်းကျင်မှာ ဖြစ်လာ နိုင်တယ်။ ဒီတော့ အဲ့ဒီရဲ့အရှိန်လည်းပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ အရှေ့၊ အရှေ့မြောက် လေစီးကြောင်းကြီးက တော်တော်ကို အားကောင်းလာတယ်။ သူက ဗီယက်နမ်ကုန်းတွင်းမှာတောင်မှ တစ်နာရီကို မိုင် ၄၀ ကျော်လောက်ထိ တိုက်တယ်။ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်မြောက်ပိုင်း ရေလက်ကြားမှာ လည်း တစ်နာရီကို ၃၈ မိုင်၊ ၄၀ လောက်ထိ တိုက်ပြီး လေစီးကြောင်းအားကောင်းတယ်ပေ့ါ။ ဒီတော့ ဒီ လေစီးကြောင်းအားကောင်းတာရယ်၊ ဒီဘက်က လေဖိအားနည်းရပ်ဝန်းဖြစ်တာရယ်၊ နောက်ဖိလစ်ပိုင် အရှေ့ပင်လယ်မှာလည်း လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တဲ့အခြေအနေရယ်။ ဒီသုံးခုပေါင်းပြီးတော့ အရှေ့ဘက်က တိမ်တိုက်တွေက ပိုပြီးတော့ ဝင်လာနိုင်လို့ တစ်နိုင်ငံလုံးမှာ ၁၂ ရက်နေ့လောက်ထိ မိုးဆက်ရွာနေနိုင်တယ်" 

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်