ငါးမွေးမြူရေးအတွက် ငါးမွေးကန်များ တူးဖော်ပြုလုပ်မည်ဆိုသော် (၁)

21/04/2023 16:27 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

တစ်နိုင်တစ်ပိုင်ငါးမွေးမြူလိုသူများအနေဖြင့် အသေးစားငါးမွေးမြူရေးကန်အမျိုးအစားများအကြောင်းကို အသေးစိတ်သိရှိထားရန်လိုသဖြင့် အောက်ပါအတိုင်း လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။

(က) မြေကြီးကန်         

မွေးမြူရေးကန်တည်ဆောက်ခြင်း

မွေးမြူရေးကန်အား တူးဖော်တည်ဆောက်မည်ဆိုပါက အောင်မြင်သောငါးမွေးမြူရေးကန်တစ်ခုဖြစ်ရန် အောက်ပါအချက်များအား ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။

၁။ မြေအမျိုးအစား

ငါးမွေးမြူရေးအတွက် ကန်တူးဖော်ရာတွင် ကန်တူးဖော်မည့်မြေသား၏ အရည်အသွေးသည် အဓိကကျသောအချက်အလက်တစ်ခုဖြစ်သည်။ အဓိကကျသောမြေသား၏အရည်အသွေးမှာ ကန်၏မြေသားအနေဖြင့် ကန်ရေအား ထိန်းသိမ်းထားနိုင်ရန် လိုအပ်ခြင်းဖြစ်သည်။

ထိုသို့ ထိန်းသိမ်းထားနိုင်ရန်အတွက် ကန်၏အောက်ခြေမြေသားသည် သဲပါဝင်မှုလျော့နည်းပြီး ရွှံ့စေးပါဝင်မှု မြင့်မားရမည်ဖြစ်ပါသည်။ အသေးစားငါးမွေးမြူရေးအတွက် အလွယ်တကူအသုံးပြုနိုင်သောစမ်းသပ်နည်းတစ်ခုမှာ ကန်တူးဖော်မည့်မြေသားအား ဘောလုံးကဲ့သို့ပြုလုပ်စမ်းသပ်ခြင်း(Throw-the-ball test) ဖြစ်ပါသည်။ 

စမ်းသပ်နည်းမှာ...

  • (က) စိုစွတ်နေသော မြေသားလက်တစ်ဆုပ်စာခန့်အားယူပြီး ဘောလုံးကဲ့သို့ လုံးသွားစေရန် ညှစ်ပေးပါ။
  • (ခ) ၎င်းမြေသားလုံးအား လေထဲသို့ ၁ ပေခွဲခန့်မြှောက်ပြီး ပြန်လည်ဖမ်းယူပါ။
  • (ဂ) ပြန်လည်ဖမ်းယူရရှိသောမြေသားဘောလုံးသည် ဘောလုံးပုံသဏ္ဌာန်မှ ပျက်ယွင်းပြီး မြေသားဖွယ်သည့်အတွက် ပုံပျက်သွားပါက ၎င်းမြေသားသည် သဲပါဝင်မှုများပြားသည့်အတွက် ငါးကန်တူးဖော်ရန် မသင့်တော်ပါ။(ရေမနေပါ။)
  • (ဃ) ပြန်လည်ဖမ်းယူရရှိသော မြေသားဘောလုံးသည် ပုံသဏ္ဌာန်မပျက်ယွင်းဘဲ စေးကပ်လျက်ရှိနေပါက ၎င်းမြေသားသည် ရွှံ့ပါဝင်မှုများပြီး ကန်၏ရေအား ထိန်းသိမ်းထားနိုင်သည့်အတွက် ငါးကန်တူးဖော်ရန် သင့်လျော်ပါသည်။

ကန်၏မြေသားနှင့် ပတ်သက်သော အခြားအရည်အသွေးများမှာ မြေသား၏သြဇာဓာတ်အား ထိန်းသိမ်းနိုင်မှုစွမ်းအားနှင့် အက်ဆစ်ဓာတ်ပါဝင်မှုအချိုးအစားတို့ ဖြစ်သည်။ ၎င်းအရည်အသွေးများအားဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးနိုင်သော်လည်း အသေးစားငါးမွေးမြူရေးလုပ်ငန်းအနေဖြင့်တော့ လက်လှမ်းမီနိုင်မည် မဟုတ်ပါ။

၎င်းအရည်အသွေးများအား အလွယ်ကူဆုံးထောက်လှမ်းနိုင်သောနည်းလမ်းတစ်ခုမှာ ကန်တူးဖော်မည့် ဧရိယာအတွင်းတွင် ငါးမွေးမြူနေသည့် အခြားကန်များအား လေ့လာခြင်းဖြစ်ပါသည်။ အကယ်၍ ၎င်းကန်များတွင် ငါးမွေးမြူရေးအား အခက်အခဲမရှိပြုလုပ်နိုင်နေသည်ဆိုပါက မိမိတူးဖော်မည့်ကန်တွင်လည်းအခက်အခဲရှိနိုင်မည် မဟုတ်ပါ။

အကယ်၍ အသေးစားငါးမွေးမြူရေးအတွက် ကန်တူးဖော်မည့်မြေသားသည် သဲပါဝင်မှုများပြားပြီး ရေမတင်ဘူးဆိုသော်လည်း ကန်အရွယ်အစားသေးငယ်လျှင်တော့ ပလတ်စတစ်ခင်း ကန်များဖြင့် အလွယ်တကူအစားထိုးဆောင်ရွက်နိုင်ပါသည်။

ပင်လယ်ကမ်းရိုးတန်းများတွင် ကန်တူးဖော်မည်ဆိုပါက မြေချဉ်နှင့် ရွှံ့စေးမြေနည်းပါးသောမြေသား(ဒေသအခေါ် ဖွတ်ချီးမြေ)များအား သတိပြုရှောင်ရှားရန်လိုအပ်ပါသည်။

ဖွတ်ချီးမြေဖြင့် တာပေါင်များအားတည်ဆောက်ပါက ၎င်းတာပေါာင်များသည် ဒီရေအားကိုခံနိုင်ရည်မရှိဘဲ အလွယ်တကူဖြင့် ပျက်စီးသွားမည်ဖြစ်ပါသည်။

မြေချဉ်အား မြေသား၏ချဉ်ဖန်နှုန်းအား တိုင်းတာခြင်းဖြင့် သိရှိနိုင်သော်လည်း အချို့သောမြေချဉ်များကတော့ ခြောက်သွေ့နေစဉ်တွင် အချဉ်ဓာတ်မဖြစ်ပေါ်ဘဲ ရေနှင့်လေတို့ဖြင့် ထိတွေ့ပြီးမှသာ အချဉ်ဓာတ်ထွက်ပေါ်လာလေ့ရှိသည့်အတွက် မြေသားအား ရေဖြင့်စိုစွတ်စေပြီး လေသလပ်ခံထားပြီးမှသာ မြေသား၏ ချဉ်ဖန်နှုန်းအား တိုင်းတာသင့်ပါသည်။

ချဉ်ဖန်နှုန်း ၄ နှင့် ၎င်းအောက်လျော့နည်းသောမြေသားများသည် မွေးမြူရေးကန်တူးဖော်ရန်အတွက် မသင့်တော်သောမြေအမျိုးအစားဖြစ်ပါသည်။ ၎င်းမြေသားများသည် ရေနှင့် လေတို့ဖြင့် ထိတွေ့ဓာတ်ပြုပြီးချိန်တွင် သွေးနီရောင် ဖြစ်ပေါ်လာသည့်အတွက် မြေသား၏အရောင်အား သတိထား၍ ကြည့်ရှုခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။

၂။ အရည်အသွေးကောင်းမွန်သော ရေအရင်းအမြစ်ရှိမှု

ငါးမွေးမြူရေးကန်တစ်ခုတွင် ငါးများအားမွေးမြူထားပါက ၎င်းမွေးမြူထားသော ကာလတစ် လျှောက်လုံးတွင် ငါးများအား ထိန်းသိမ်းထားနိုင်မည့် လုံလောက်သောရေပမာဏသည် ကန်အတွင်းတွင်ရှိနေရန် လိုအပ်ပါသည်။ အကယ်၍ ရေအရင်းအမြစ်သည် တစ်နှစ်ပတ်လုံး မရရှိဘဲ လအချို့တွင်သာရရှိပါက ငါးမွေးမြူထုတ်လုပ်မှုအား ၎င်းရေရရှိသည့် လများတွင်သာ ချိန်ကိုက်မွေးမြူသင့်ပါသည်။

ငါးများသည် ကြီးထွားလာလေ ၎င်းတို့အတွက် အစားအစာပိုမိုလိုအပ်လာလေဖြစ်ပြီး ကန်ရေ၏ အရည်အသွေးအား ကျဆင်းစေသည့် အညစ်အကြေးများ စွန့်ထုတ်မှု ပိုမိုများပြားလေဖြစ်ပါသည်။သို့ဖြစ်ရာ မွေးမြူရေးကာလနောက်ပိုင်းအချိန်များတွင်ကန်ရေ၏အရည်အသွေးကောင်းမွန်စေရန် ရေလဲလှယ်မှုအား ပိုမိုပြုလုပ်ပေးရန်လိုအပ်ပါသည်။

ရေလဲလှယ်မှုပြုလုပ်ရာတွင် ရယူသောရေအရင်းအမြစ်သည် ငါးမွေးမြူရန်အတွက် သင့်တော်သောအရည်အသွေးရှိသည့်ရေ ဖြစ်ရပါမည်။ ထို့အပြင် အသုံးပြုသောရေအရင်းအမြစ်သည် ညစ်ညမ်းမှုကင်းစင်ရမည်ဖြစ်သည်။

အထူးသတိပြုသင့်သည်မှာ အချို့သောစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက် စပ်နေသော ရေအရင်း အမြစ်ကို အထူးသတိပြုသုံးစွဲသင့်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသော ပိုးသတ် ဆေးများ၊ မှိုသတ်ဆေးများ စသော ဆေးဝါးများသည်အသုံးပြုသော ရေအရင်းအမြစ်တွင် ပါဝင်လာပါက ကန်အတွင်း မွေးမြူထားသောငါးများ သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။

ရေလဲလှယ်ရာတွင် ကန်၏အညစ်အကြေးများပါဝင်သော အောက်ခြေရေလွှာမှရေကို ဦးစွာ ထုတ် ပယ်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကန်တည်ဆောက်ချိန်တွင် ၄ လက်မ  ပလတ်စတစ်ရေထုတ်ပိုက်(သို့မဟုတ်)ကန်အောက်ခြေအလွှာမှရေအား ထုတ်ပစ်နိုင်သောရေတံခါးအား တပါတည်း ထည့်သွင်းတည်ဆောက်ရမည် ဖြစ်ပါသည်။ ကန်အားရေအသစ်ဖြင့် ပြန်လည်ဖြည့်သွင်းရာတွင် ပြင်ပမှ ငါးရိုင်းများ၊ သားစားငါးများ ကန်အတွင်းသို့ ဝင်ရောက်မှုမရှိစေရန် ရေအားစစ်ပြီး သွင်းရမည်ဖြစ်ပါသည်။

၃။ ကန်အမျိုးအစား၊ အရွယ်၊ ကန်၏ပုံစံနှင့် ကန်အရေအတွက်

အသေးစားငါးလုပ်ငန်းတွင်အသုံးပြုသော ကန်များသည် အများအားဖြင့် သေးငယ်သော (ခွင့်ပြုအရွယ် ၂၅ ပေ× ၅၀ ပေ = ၁၂၅၀ စတုရန်းပေ=၀.၀၂၈ ဧက)ကန်များ ဖြစ်ပါသည်။ ကန်အနေဖြင့် မည်သည့်အရွယ်အစားနှင့် ပုံသဏ္ဌာန်မဆို တူးဖော်နိုင်သော်လည်း တူးဖော်ဘောင်တင်သောကန်များအနေဖြင့် အလျားသည် အနံထက် ၂ ဆမှ ၃ ဆ ပိုရှည်လျားသောကန်များသာ အများစုဖြစ်ပါသည်။

ငါးများသည် ထည့်သွင်းမွေးမြူနှုန်းအတူတူဖြစ်သော်လည်း ကန်အကြီးများတွင် ပိုမို၍ကြီးထွားတတ်ပါသည်။ သို့သော် ကန်ကျယ်လာသည်နှင့်အမျှ ရေသွင်း၊ ရေထုတ်နှင့် ကန်ဖော်ဖမ်းဆီးခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း စသော ကိစ္စရပ်များသည် ပို၍ခက်ခဲလာပါသည်။ အကောင်းဆုံးကြီးထွားမှုကို ရရှိစေပြီး ကန်အားစီမံခန့်ခွဲမှု အလွယ်ကူဆုံးဖြစ်စေမည့် အကောင်းဆုံးကန်အကျယ်အဝန်းမှာ ၂.၅ ဧကကန်များ ဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။ အသေးစား ငါးလုပ်ငန်းများအတွက် အကောင်းဆုံးအနေအထားရှိသည့် ကန်အရွယ်အစားမှာတော့ ပေ ၁၅၀ ပတ်လည်ရှိသော ၀.၆၂၅ ဧကကန်များဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။

ငါးမွေးမြူရန် ကန်တူးဖော်ရာတွင် ကန်၏ရေအနက်အား ၃ ပေမှ ၅ပေခွဲအနက်အထိ တူးဖော်နိုင်ပါသည်။ ၎င်းထက် ပိုမိုနက်သောငါးကန်များသည် ကန်သေးငယ်ပါက ရေလွှာကန့်ခြင်းကြောင့် ကန်၏အောက်ခြေတွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ပေါ်ပြီး ငါးများသေဆုံးနိုင်ပါသည်။

မွေးကန်များ၏ တာပေါင်များသည် ထည့်သွင်းထားသောရေအား ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ တာပေါင်များ၏ တာပေါင်အဝသည် အနည်းဆုံး ၄ ပေခန့် ကျယ်ဝန်းသင့်ပါသည်။ သို့မှသာ ရေစုပ်စက်များသယ်ပို့ခြင်း၊ ကုန်ထုတ်ငါးများအား သယ်ပို့ခြင်း စသော လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူမည်ဖြစ်ပါသည်။ စနစ်ကျသောကန်များ၏ တာပေါင်များသည် ကန်၏အပြင်ဘက်တွင် ၁:၁ ဖြင့်လည်းကောင်း၊ ကန်၏အတွင်းဘက်တွင် ၂:၃ ဖြင့်လည်းကောင်း တောင့်တင်းခိုင်မာစွာတည်ဆောက်ထားလေ့ ရှိပါသည်။ 

တာပေါင်အသစ်များသည် မြေအမျိုးအစားပေါ်တွင် မူတည်၍ ၁၀%ခန့် နိမ့်ကျသွားလေ့ရှိသည့်အတွက် ကန်အသစ်များတွင် တာပေါင်အမြင့်အား ၁၀ % ပို၍ မြှင့်တင်ထားလေ့ရှိပါသည်။ တာပေါင်များမှ မြေသားများ မိုးရေဖြင့် ကန်အတွင်းကျရောက်ပြီး ကန်ရေနောက်ခြင်းနှင့် တာပေါင်မှ မြေသားများ ဆုံးရှုံးခြင်းတို့ကို ကာကွယ်ရန်တာပေါင်များတွင် မြက်များ စိုက်ထားလေ့ရှိပါသည်။

ကန်အတွင်းမှ ငါးများအားဝင်ရောက်စားသုံးမည့် သားစားငါးများ၊ ဖားများ၊ မြွေများ စသည်တို့ ကန်အတွင်းသို့ မဝင်ရောက်နိုင်စေရန် ရေသွင်း၊ ရေထုတ်ပေါက်များတွင် ဆန်ကာများဖြင့် ကာရံထားခြင်း၊ တာပေါင်များပေါ်တွင် ပလတ်စတစ်အစဖြင့် ခြံခတ်ထားခြင်း စသည်တို့ဖြင့် ကာကွယ်ထားရန် လိုအပ်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။ 

( အပိုင်း -၂ တွင်အသေးစားငါးမွေးမြူရေးအတွက် ငါးလှောင်အိမ်အမျိုးအစားများအကြောင်းကို ဖော်ပြပေးပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်