‘အဆိုးတွေပယ်၊ အ‌ကောင်းတွေဆယ်’ တဲ့ အမျိုးသမီး..

30/07/2023 15:00 PM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ဘယ်အရာဆီကမှ အကောင်းတွေချည်းပဲ မရနိုင်ပါဘူးတဲ့။

ဒါပေမဲ့ တချို့တွေများကျတော့လည်း မကောင်းတာတွေဖယ်ထုတ်၊ ကောင်းတာတွေချည်းချန်ထား၊ လိုအပ်ရင် တခြားက ကောင်းတာတွေပါပေါင်းထည့် ဆိုတာမျိုးထိ တတ်နိုင်နေပြီကော။

မျိုးမကောင်း ဗီဇမကောင်းတာတွေ ရှင်သန်ကြီးစိုးနေတဲ့သူဆိုရင် လူသားတွေအတွက်၊ ပတ်ဝန်းကျင်အတွက် ‌ကောင်းကျိုးထက် ဆိုးကျိုးပဲဖြစ်စေနိုင်မှာမို့ ဘယ်သူမှ မလိုချင်ကြပါဘူး။

 ဒီအတိုင်းပါပဲ။ အပင်တွေစိုက်မယ်ဆိုလည်း မျိုးကောင်း၊ ဗီဇ‌ကောင်းတာတွေချည်း လိုချင်ကြမှာပါ။ ဒါပေမဲ့ အထွက်‌ကောင်းမျိုးဆိုပေမဲ့ ရောဂါဒဏ်ကျမခံ၊ ပိုးမွှားရောဂါဒဏ်ခံနိုင်တဲ့မျိုးကျတော့လည်း အထွက်ကမကောင်း၊ အထွက်‌ကောင်း ပိုးမွှားရောဂါဒဏ်ခံနိုင်ရင်လည်း အရည်အသွေးမကောင်းလို့ ဈေး‌‌ကောင်း မရ။ စသဖြင့်ပေါ့လေ။ ပြီးပြည့်စုံမှုမရှိတာမျိုး ကြုံကြရပါတယ်။

 ဒါကိုကျော်ဖြတ်ပြီး တစ်မျိုးတည်းမှာ ကောင်းတာတွေချည်း စုနေနိုင်အောင် လုပ်လို့ရနိုင်မယ့်  ခေတ်သစ် အပင် ဇီဝနည်းပညာတစ်ရပ်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူတစ်ဉီးတော့ ရှိပါတယ်။

သူကတော့ မေရီဒဲလ်ချီလ်တန်ဆိုတဲ့ ဒေါက်တာဘွဲ့ရ အမေရိကန်အမျိုးသမီးတစ်ယောက်ပါပဲ။

သူမဟာ အပင်မျိုးတစ်ခုမှာ မကောင်းတဲ့ဗီဇတွေဖျောက်၊ ကောင်းတဲ့ဗီဇတွေ (သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသည့်ဗီဇအပါအဝင် လိုချင်သည့်မျိုးဗီဇများ) ရောက်လာနိုင်ဖို့ အဂရိုဘက်တီးရီးယားအသုံးချ မျိုးဗီဇဖြတ်ညှပ်ဆက်လုပ်နိုင်တဲ့ ခေတ်သစ်အပင်ဇီဝနည်းပညာကို ရှာဖွေတွေ့ရှိခဲ့သူပါ။

၁၉၃၉ ဖေဖော်ဝါရီ ၂ ရက်မှာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပိုးလစ်မြို့မှာ မွေးဖွားခဲ့တဲ့ ဒီအမျိုးသမီးဟာ အခုဆိုရင် အသက် ၈၄ နှစ် ရှိနေပါပြီ။

သူ့ကို သီးနှံစိုက်ပျိုးရေးဆိုင်ရာဘက်တီးရီးယားဘုရင်မကြီး (Queen of Agrobacterium) လို့လည်း ခေါ်ကြပါတယ်။

 ဘာလို့လဲဆို‌တော့ သူမဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အဂရိုဘက်တီးရီးယားဆိုတဲ့ အပင်သက်ရှိတစ်မျိုးကို အသုံးချပြီး ပထမဆုံးမျိုးဗီဇထွန်းအပင်တွေကို ဖန်တီးနိုင်ခဲ့လို့ပါပဲ။

ဒေါက်တာမေရီဟာ သူမရဲ့အစောပိုင်းပညာရေးသင်ကြားလေ့လာမှုတွေကို ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အစပြုခဲ့ပါတယ်။ ဓာတုဗေဒအထူးပြုနဲ့ သိပ္ပံဘွဲ့နဲ့ ‌Ph.D ဒေါက်တာဘွဲ့တွေကိုတော့  University of Illinois Urbana-Champaign တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် ဆီယက်တဲရှိ ဝါရှင်တန်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့လွန်အလုပ်အကိုင်တွေလုပ်ကိုင်ခဲ့ပြီး ဒေါက်တာဘွဲ့လွန်သုတေသနနဲ့သင်ကြားရေးတွေကိုတော့ စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှာ လုပ်ခဲ့တာပါ။ ၁၉၇၀ ခုနှစ်များနှောင်းပိုင်း ၁၉၈၀ အစောပိုင်းကာလတွေမှာတော့ သူမဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ပထမဆုံးဗီဇပြောင်းအပင်တွေကို ထုတ်လုပ်ချပြနိုင်ခဲ့တော့တာပါပဲ။ ဖြစ်လာပုံကတော့ ဒီလိုပါ။

ဒေါက်တာမေရီဟာ သူမအသက် ၃၈ နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ အပင်ရဲ့ ပင်စည်နဲ့အမြစ်ဆုံတဲ့နေရာ ကျီးပေါင်း တက်နေတဲ့နေရာရဲ့အတွင်းပိုင်းက နျူကလိယဒီအန်အေထဲမှာ ဘက်တီးရီးယားတစ်မျိုး ဖြစ်တဲ့  Agrobacterium Ti plasmid DNA ရဲ့ အစိတ်အပိုင်း တစ်ခုရှိနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ပြီးတော့ အဲ့ဒီဘက်တီးရီးယားရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထူးထူးခြားခြားမထိခိုက်ဘဲနဲ့ သူ့ထဲကနေ အပင်ကို ရောဂါဖြစ်စေတဲ့ဗီဇကို ဖယ်ထုတ်နိုင်တယ်ဆိုတာလည်း သူမက ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုရောဂါဖြစ်စေတဲ့ ဗီဇကို ဖယ်ထုတ်ပြီးတဲ့ ဘက်တီးရီးယားရဲ့ဒီအန်အေကို အပင်ရဲ့ဆဲလ်တွေထဲကို ထည့်ပေးလိုက်မယ်ဆိုရင် အပင်ရဲ့မျိုးဗီဇတွေကို ထွန်း (အသစ်တွေဖြစ်လာခြင်း) သွားစေမှာပါ။

 ဒီနည်းပညာကို အသုံးချပြီးတော့ သူမဦးဆောင်တဲ့သုတေသနအဖွဲ့ဟာ ၁၉၈၃ ခုနှစ်မှာ ပထမဆုံးမျိုးဗီဇထွန်း အပင်တွေထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ ဇီဝနည်းပညာနဲ့ထုတ်ထားတဲ့ သီးနှံပင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းမယ်၊ မိုးခေါင် ရေကြီး ပူလွန်း အေးလွန်း ဆိုတဲ့ ရာသီဥတုဒဏ်ကို ပိုခံနိုင်မယ်၊ အာဟာရလည်း ပိုရနိုင်တယ်ပေါ့။ အလှပင်တွေဆိုရင် လည်း ပိုပြီးဆွဲဆောင်မှုရှိလာစေဖို့ ဖန်တီးနိုင်မှာ” လို့ ဒေါက်တာမေရီဒဲလ်ချီလ်တန်က ဆိုပါတယ်။

 “ ဒီနည်းပညာကိုအသုံးချပြီး ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့ဗီဇတွေကို အစားထိုးထည့်လို့ရတယ်” လို့ သူမက ပြောပြပါတယ်။

ဒေါက်တာမေရီရဲ့ဆန်းသစ်တီထွင်နည်းပညာကို အသုံးချပြီး နောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်တွေဟာ ရေငတ်ဒဏ်ခံနိုင်တဲ့ အပင်တွေ၊ ရောဂါပိုးမွှားဒဏ်ခံနိုင်တဲ့အပင်တွေ ထုတ်လုပ်ဖန်တီးနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ သူမဟာ အခြားပညာရှင် နှစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံသား  Dr. Marc Van Montagu နဲ့ အမေရိကန်နိုင်ငံသား Dr. Robert Fraley တို့နဲ့အတူ ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာဂုဏ်ပြုဆု (World Food Prize) ကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ တောင်သူတွေအတွက် အထွက်တိုး၊ ရောဂါပိုးမွှားဒဏ်ခံ၊ ရာသီဥတုဒဏ်ခံ မျိုးတွေကို သုတေသနပြုလုပ်ဖော်ထုတ်ပေးနိုင်သူတွေကို ပေးတဲ့ဆုမျိုးပါ။

ဒီဆုတင်မကပါဘူး။ တက္ကသိုလ်တွေ သိပ္ပံကျောင်းတွေကပေးတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ၊ အမေရိကန် သီးနှံသိပ္ပံအဖွဲ့အစည်းကပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေလည်းလက်ခံရရှိခဲ့ပြီး  အမေရိကန်အပင်ဇီဝဗေဒပညာ ရှင်များ အဖွဲ့အစည်းရဲ့ ရှေ့ဆောင်အဖွဲ့ဝင်အဖြစ်လည်း သတ်မှတ်ဂုဏ်ပြုခံခဲ့ပါတယ်။

ဒါလောက်နဲ့လည်း ချီးကျူးဂုဏ်ပြုမှုတွေဟာ ကုန်မသွားသေးပါဘူး။

၂၀၁၅ ခုနှစ်မှာတော့ ဒေါက်တာမေရီဟာ ‘ အမေရိကန်အမျိုးသားရေးဆိုင်ရာ ထင်ရှား‌ကျော်ကြားတီထွင်သူများ’ ထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို အမေရိကန်သမိုင်းဆိုင်ရာပြတိုက်တစ်ခုဖြစ်တဲ့  Smithsonian National Museum of American History မှာ ခင်းကျင်းပြသထားတဲ့ ‘ တစ်ခေတ်မှာတစ်ယောက်’ ပြကွက်ထဲက ၈ ဦး တည်းသောအမျိုးသမီးတွေထဲကတစ်ဦးအဖြစ်လည်း ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။

ဆိုတော့ ဒေါက်တာမေရီဒဲလ်ချီလ်တန်ဟာ စိုက်ပျိုးရေးရာနည်းသစ်များရဲ့ရှေ့ဆောင်အမျိုးသမီးတစ်ဦးလို့ ဆိုရင် မလွန်နိုင်သလို သိပ္ပံနယ်ပယ်မှာ နောက်ထပ်အမျိုးသမီးတွေအောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ ပလက် ဖောင်းခင်းပေးသူလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

Ref: https://croplife.org/industry-profile/biotech-foodheroes-mary-dell-chilton/

https://en.wikipedia.org/wiki/Mary-Dell_Chilton

https://www.worldfoodprize.org/en/laureates/20102019_laureates/2013_van_montagu_chilton_fraley/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်