ထိုင်းအုန်းစိုက်တောင်သူတွေဟာ မျောက်တွေကို အုန်းသီးခူးခိုင်းပြီး အခမဲ့ အလုပ်သမားအဖြစ် အသုံး ချနေလို့ အရေးယူပေးပါဆိုပြီး အာရှအခြေစိုက် တိရစ္ဆာန်အခွင့်အရေးအဖွဲ့ (PETA Asia) ရဲ့ စွပ်စွဲချက်ကို ပြန်တုံ့ပြန်တဲ့ အနေနဲ့ ‘မျောက်ကင်းမဲ့’ အသိအမှတ်ပြုလက်မှတ်တွေကို စိုက်ပျိုးရေးဌာနကနေ ရယူလာကြတယ် လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ရက်ချနာဘူရီနဲ့ စမွတ်စခွန် စီရင်စုတွေက အုန်းစိုက်တောင်သူတွေဟာ ဒီလိုအသိအမှတ်ပြု လက်မှတ်တွေ ရယူလာတာဖြစ်ပြီး ဒီလက်မှတ်တွေက ‘အုန်းသီးခူးတဲ့နေရာမှာ မျောက်တွေကို မသုံးပါဘူး’ ဆိုတာကို အသိအမှတ်ပြုပေးသွားမှာပါ။
PETA Asia ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဓာတ်ပုံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေနဲ့ ဒီကိစ္စကို ထုတ်ဖော်လိုက်ပြီးနောက် ကမ္ဘာ့အာရုံစိုက်မှုကိုပါ ဖြစ်စေခဲ့ပါတယ်။ အုန်းရည်၊ အုန်းနို့နဲ့ အခြား အုန်းထုတ်ကုန် တွေဟာ လူအများစု အထူးသဖြင့် သက်သတ်လွတ်သမားတွေအတွက် အဓိက အစားအစာဖြစ်နေတာပါ။ ဒါပေမဲ့ ဒီလိုထုတ်ကုန်တွေအတွက် အုန်းသီးတွေ ခူးရာမှာတော့ အုန်းစိုက် တောင်သူအများစုဟာ မျောက်တွေကို အသုံးချနေတာကို PETA Asia က တွေ့ရှိခဲ့တာပါ။
PETA Asia ဟာ အုန်းသီးခူးဖို့မျောက်တွေကို လေ့ကျင့်ပေးတဲ့နေရာတွေ၊ မျောက်အုန်းသီးခူးပြိုင်ပွဲလုပ်တဲ့ နေရာတွေကို သွားရောက်မှတ်တမ်းတင်ခဲ့ပြီးနောက် ‘ခေါင်းပုံဖြတ်အမြတ်ထုတ်ညှင်းပန်းမှု’ လို့ ခေါင်းစဉ်တပ်စွပ်စွဲခဲ့ပါတယ်။
သာမန်လူတစ်ယောက်ဟာ အကြမ်းဖျဉ်းအားဖြင့် တစ်နေ့အုန်းသီးအလုံး ၈၀ လောက်ပဲ ခူးနိုင်တဲ့အချိန်မှာ တချို့မျောက်ထီးတွေကတော့ တစ်နေ့ အလုံး ၁၀၀၀ လောက်ထိ ခူးနိုင်တယ်လို့ PETA Asia က ဆိုပါတယ်။ ဒါပေမဲ့ အဲ့လိုမျောက်တွေကို ထားတဲ့နေရာတွေကတော့ အများအားဖြင့် ကျဉ်းကျုတ်ညစ်ပတ်နေတဲ့ နေရာတွေပါတဲ့။
“ မျောက်အများစုဟာ သူတို့ကလေးဘဝကတည်းက သူတို့ရဲ့သဘာဝရိပ်မြုံ၊ မိသားစုရင်ခွင်တွေဆီကနေ အတင်းအကြပ် ဆွဲထုတ်ခံခဲ့ရတယ်။ ပြီးရင် သူတို့ကို အုန်းသီးခူးခိုင်းလို့ မရသေးခင်အချိန်ထိ သတ္တုလည်ပင်းကြိုးကျပ်ကျပ်တွေနဲ့ လံထားခံရတာ” လို့ PETA Asia က ဆိုပါတယ်။
ဒီနောက်ပိုင်းတော့ ထိုင်းစိုက်ပျိုးရေးဌာနဟာ နိုင်ငံတကာအုန်းအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးရေးအလေ့အထ GAP အတွက် အကောင်အထည်ဖော်ခဲ့ကာ GAP မျောက်ကင်းမဲ့ အစီအစဉ်ဆီကို ဦးတည်ခဲ့တာပါ။
လက်ရှိမှာ ရက်ချနာဘူရီစီရင်စုက Theppadungporn Coconut ကုမ္ပဏီနဲ့ စမွတ်စခွန်စီရင်စုက K-Fresh ကုမ္ပဏီတွေကို မျောက်ကင်းမဲ့အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးထားပြီးပြီလို့ ထိုင်းစိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ရာပီပက်ချန်ဆရီဝန်က ပြောပါတယ်။
တခြားအုန်းစိုက်တောင်သူတွေအနေနဲ့လည်း မျောက်ကင်းမဲ့ ပရိုဂရမ်မှာ ပါဝင်ပူးပေါင်းကြပြီး ဌာနရဲ့ စိုက်ပျိုးရေး သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှာ မှတ်ပုံတင်ကြဖို့ ရာပီပက်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း အုန်းနို့တန်ချိန်ဘီလျံ ၂၄၀ ထိ ပြည်ပတင်ပို့ခဲ့ပြီး ဝင်ငွေ ထိုင်းဘတ် ၁၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀) ရခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအုန်းနို့ဟာ အမေရိကန်နဲ့ ဥရောပရဲ့ အုန်းထုတ်ကုန်ဈေးကွက်မှာ အကြီးမားဆုံးဈေးကွက်ဝေစုကို ချုပ်ကိုင်ထားနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။